သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ငြိမ်းအေးလူ၊ ကမ်လူဝေး၊ လင်းသက်ငြိမ်တို့၏ကဗျာများ

ငါ့ရှုခင်း
www.pinterest.com

သစ်ပင်စိုက်တာချင်းအတူတူ
အပန်းဖြေဖို့ စိုက်နေသူတွေကို ငါမယုံဘူး
သူတို့ကလည်း ငါ့မယုံခွင့်ကို မယုံဘူး. . .

တောင်မြင့်မြင့်တွေပေါ်ကကြည့်ရင်
မြင်ရတဲ့တိမ်တွေက ပိုပြီးလှမှာအမှန်ပဲ
ရှုခင်းတွေက ပိုပြီး စိမ်းပြန့်သိပ်သည်း
ရှုမငြီးဖြစ်မှာ အမှန်ပဲ. . . ၊

ဒါပေမဲ့
တောင်ခြေက ပုဝင်နေတဲ့လူတွေ. . .
အိမ်ခေါင်မိုးတွေကို
တိမ်ကကွယ် တောကကာထားသမျှ
ငါ့တကိုယ်ရည်အသိက
ရှုခင်းဖြစ်မလာနိုင်ခဲ့ဘူး. . . .

အခြားတဖက် မျက်နှာစာတွေမှာ
ရှုခင်းတွေ အသစ်အသစ်ဖြစ်နေမှာပါပဲ
ရှုခင်းဆိုတာ
ပန်းချီကားဘောင်အပြင်ကို
ခုန်ထွက်ပြေးနေတဲ့ အရောင်တွေပါပဲလေ. . . .။



ငြိမ်းအေးလူ

၂၇ ဇူလိုင် ၂၀၁၆





ကရင်တကျပ် ဗမာတကျပ်လား သူတို့ကနှစ်ကျပ်
www.pinterest.com
ကြည့်လိုက်စမ်း

သံလွင်မြစ်ပြင်ပေါ်မှာ

သဲစုတ်တဲ့ သင်္ဘောတွေက

ပွဲတော်တမျှ အစီအရီ။



သဲကိုစုတ်ယူသတဲ့

စင်ကာပူမှာ ရောင်းသတဲ့

နှစ်ပေါင်း မနည်းတော့ဘူး။



သဲကိုစုတ်ယူသလား

သတ္တုတွေကို စုတ်ယူသလား

ဒီမေးခွန်းက အဖြေမရှိဘူး။



အချိန်ကာလတွေပြောင်းသွား

အစိုးရတွေသာပြောင်းသွား

ဒီမေးခွန်းရဲ့အဖြေက

နှာစေးချောင်းဆိုးနေဆဲ။



အထက်လူကြီးတွေနဲ့

စာချုပ်ရှိသတဲ့

အစိုးရထက်ကြီးတဲ့

လူကြီးတွေ ရှိသေးလား

အရာအားလုံးဟာ

မြစ်ထဲက သဲတွေလို မှုန်ဝါး။



မြစ်ပြင်ပေါ်မှာ

ဂုတ်သွေးစုတ်တဲ့ သင်္ဘောတွေက

ပွဲတော်တမျှ အစီအရီ

သာသာယာယာ။            ။

                    

ကမ်လူဝေး






ရေးအသားည
 
www.pinterest.com
မီးပျက်​​နေတာကလွဲရင် ညကညပါပဲ။
မိုးတဖွဲဖွဲရွာနေတာကလွဲရင် ညကညပါပဲ။
ဖုန်းဘက်ထရီဒေါင်နေတာကလွဲရင် ညကညပါပဲ။
ဖော်​​ဝေး ဒိုင်ယာရီ ဖတ်​​နေမိတာကလွဲရင် ညကညပါပဲ။
ပလပ်စတစ်ဆာဂျရီ၊အော်သံ၊ အာဇာနည်အမှတ်တရစာစုများ၊ လမ်း၊ မြန်မာ့လက်စွဲ၊ အအေးလွန်စာစုများ၊ အနီရောင်သံခိပ်၊ ဖြစ်နိုင်​​​ခြေရှိသောခေတ်ပြိုင်ကဗျာအလားအလာများ၊ ငါ့စုဗူး၊ ကဗျာကြုံပါးလိုက်တယ်တွေးတောနိုင်သမျှရေးပြောနိုင်ရမည်
ခြေရာလက်ရာ၊မောင်​​ချောနွယ်အတု၊ မာယာကော့ဗ်စကီးပြောတဲ့ပန်းပုဆရာရဲ့သွားတွေ၊
သခင်ကိုယ်​​တော်မှိုင်ရဲ့လေးချိုးကြီးများ၊
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ၊ ထူးချွန်ထင်ရှားပုဂ္ဂိုလ်များ၊ စံကားပွင့်ကလေးတွေ၊ ပြည်သူလုထု အတွက်ကဗျာ ငါ့ကဗျာကိုဖတ်ပါ၊မောနွေရှင်းတမ်း၊ နှင်းမြူရိပ်ကိုမြင်လျှင် ကျောင်းသားတွေနိုင်တယ်၊ စက္ကူပန်းပွင့်မပွင့်ဖွင်ကြည့်ဖို့ပို့ပေးလိုက်တဲ့လိုင်းများ၊ကြောင်တစ်​​ကောင်ရဲ့ဒိုင်ယာလက်တစ်
အနုပညာဟာမုသားတစခုနဲ့အစပြုတယ်၊ စံတော်ချိန်မောင်၊ ကဗျာအလုပ်ရုံကလေး၊ မူလဆုံမှတ်
ကြယ်မှုန်​​တွေနဲ့လင်း၊ဆေးရူတဲ့မောင်ပျော်ရွှင်ဖွယ်ကစားနည်း၊ ကဗျာဘဝရှာပုံတော်ကြာပန်းနှင့်နီသောဇီဝဗေဒ၊ မထင်​​ရှော့ခ်၊ နံရံကပ်စက္ကူအာက်က ထူထဲသောသိပ်သည်းဆအလွှာ၊ ညဟာ ညအတိုင်းညပါပဲ။ စာရွက်သံများတဖျပ်ဖျပ်၊ ညတွေထဲကအတိုင်း နံဘေးကအသက်ရူသံများ၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ပွဲ၊ ပုဒ်ထီးချပြီးငါငြိမ်​​နေလိုက်တယ်
ညဟာညလိုပီပီပြင်ပြင်ညမျက်စိရှေ့ကအကြောင်
အရာဝတ္ထုပစ္စည်နာမည်​​တွေကိုဆက်တိုက်​​ရေးသား တသွင်သွင်စီးဆင်နေတဲ့အက္ခရာများ။
ချွေးစက်​​တွေကိုမေ့ခဲ့တယ်ပျော်ရွှင်မှုဆီကနေ ကျွတ်ထွက်လာခဲ့တယ်
ခင်ဗျားဖတ်ရတာပျော်လား
ပျော်ဘူးလား။ကျွန်​​တော်စိတ်အလိုလိုက်ခဲ့တယ်
အဆုံးသတ်
ဖို့ကြံစည်။အထားအသိုကိုပြန်ကြည့်။
အစက
နေအဆုံးအထိပြန်ဖတ်ကြည့်။
ခင်
ဗျားနဲ့တိုက်ရိုက်ပတ်သက်​​သော
ကိစ္စ၊
ကြောင်းအရာ၊အဖြစ်အပျက်၊ အခြေအနေ၊
နေအထား၊ စက္ကူတစရွက်​​ပေါ်ရေးချပြီးတဲ့အခါ
တစ်
ခြားစကားလုံးတွေအတွက်အလုပ်မလုပ်​​တော့
ဘူး။ မှန်
/မှား။ ငြိမ်းချမ်းစွာကွဲလွဲနိုင်ဖို့ စားပွဲခုံတွေကို
ဦး
နှောက်တပ်စရာမလိုပါဘူး။
ထွေထွေဗဟုသုတလေ့လာနည်းပညာ။            ။



လင်းသက်ငြိမ်

Comments