Sunday, July 24, 2016

k

သစ်ခက်သံလွင် ဝတ္ထုတို၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ) ၏ ကောင်းကင်ရင်ကွဲ (တော်လှန်ရေး အောက်ခြေရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း)



POS
 လူသားမိုင်းရှာကိရိယာအဖြစ် အဓမ္မခိုင်းစေခံနေရသည့် တံမြက်စည်းလှဲနေသည့် လူအုပ်ကိုလည်းကောင်း၊ ကရင်ပြောက်ကျားရဲဘော်လေးများကိုလည်းကောင်း ဖလင်မပါသည့်ကင်မရာဖြင့် ကျနော် ဓာတ်ပုံရိုက်ခဲ့ရ သည်မဟုတ်ပါလား။ ထို့ကြောင့် ကျနော့်မှာ ကိုယ့်ကိုယ်ကို နာကျည်းကြေကွဲ ၀မ်းနည်းခဲ့ရ၏။ သို့သော် ... ။

 ကောင်းကင်ရင်ကွဲ

(၁)


၁၉၉၃ ခု၊ မတ်လ ၁၁ ရက်။
ညောင်းညာမှုကို ဖြေလျှော့သည့်အနေနှင့် ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်သည့်အခါ ကျနော့် ခန္ဓာကိုယ်ပေါ်က လရောင်များမှာ ကစဥ့်ကလျားဖြစ်ကုန်ကြရ၏။ လရောင်တချို့က ခန္ဓာကိုယ်ပေါ်မှ တဆင့် ဘေးတွင်ရှိသည့် သစ်ရွက်ခြောက်များပေါ် ခုန်ချသွားကြ၏။ လရောင်တွင် လက်ကို မ ကာ နာရီကြည့်တော့ ညဥ့် (၁၁) နာရီ ထိုးကာနီးပြီ။ ကျနော့်မှာ အိပ်မပျော်နိုင်သေး။

အိပ်ရာမ၀င်ခင်က တပ်မဟာ ၁ ၊ တပ်မဟာမှူး (KNLA ဗိုလ်မှူးချုပ်ကျော်လင်း) နှင့် စကားထိုင်ပြောခဲ့သည် များကို ပြန်တွေးနေမိသည်။ မနက်ဖြန်မနက်တွင် ကျောက်ဖြာရွာကို ခရီးထွက်ရလိမ့်မည်ဟု တပ်မဟာမှူး က ပြောခဲ့၏။ ကျနော်နှင့်အတူ အဖော်အဖြစ် တပ်ကြပ်ကြီး ဖားတေး (ထိုစဉ်က တပ်ကြပ်ကြီးဖားတေးမှာ ဗိုလ်အဆင့်ရှိပြီဖြစ်သော်လည်း လူတိုင်းက သူ့ကို တပ်ကြပ်ကြီးဟု ခေါ်နေကြသေး၏) ကို ထည့်ပေးလိုက် မည်ဟု စီစဉ်ပေးလေသည်။ ကျနော်က တပ်မဟာမှူး စီစဉ်ပေးသည့်ခရီးစဉ်ကို ရက်အနည်းငယ် ရွှေ့ချင် သည်ဟုပြောရန် စဉ်းစားသေး၏။ သို့သော် ပါးစပ်ကမူ ပြောမထွက်ခဲ့။

တပ်မဟာ (၁) တပ်မဟာမှူးဗိုလ်မှူးချုပ်ကျော်လင်း ခေတ္တစခန်းချနေသည့် ယာယီပြောက်ကျားစခန်းကို ကျနော်ရောက်လာတော့ နေ၀င်စပြုပြီဖြစ်သည်။ မိဆိုင်းကျောက်တောင်၏ ခါးလည်မရှိတရှိနေရာ ဖြစ် သဖြင့် ပြောက်ကျားစခန်းမှာ တောအုပ်ထဲ မြုပ်ဝင်ပျောက်ကွယ်လျက်ရှိ၏။
အနားယူပြီး ထမင်းစားပြီးသည့်အခါ ကျနော်နှင့် တပ်မဟာမှူးတို့ စကားထိုင်ပြောကြ၏။ ထိုစဉ်မှာပင် တပ်မဟာမှူးက ကျနော့်ကို မနက်ဖြန် ခရီးထွက်ဖို့ ပြောလာခဲ့ခြင်းဖြစ်သည်။ ပြောက်ကျားစခန်းတွင် တညပင် မအိပ်ရသေးခင် နောက်တနေ့တွင် ခရီးထွက်ရမည်ဟု ဆိုသောအခါ ကျနော့်မှာ အံ့အားသင့် သွားရ၏။ ထို့အပြင် အခက်အခဲတခုနှင့်လည်း ကြုံရတော့၏။

ကျနော်က တပ်မဟာမှူး၏ပြောက်ကျားစခန်းသို့ ရောက်မလာခင်ကတည်းက တပ်မဟာမှူးထံ ကြိုတင် သတင်းပို့ထားခဲ့ပြီးဖြစ်သည်။ ကော့ကရိတ်၊ ဖာပွန်၊ နွေရာသီသုံးကားလမ်းတလျှောက်တွင်၊ နအဖ စစ်တပ်များက ဒေသခံကရင်ရွာသားများကို “လူသားမိုင်းရှင်းကိရိယာ” များအဖြစ် အဓမ္မ အသုံးပြု နေခြင်း သတင်းကိုရယူရန် ခရီးထွက်လာခြင်းဖြစ်ကြောင်း ယင်းနွေရာသီသုံး ကားလမ်းဘေးတ၀ိုက် ခရီးသွား လာနိုင်ရန် ကူညီပါမည့်အကြောင်း ကြိုတင်သတင်း ပို့ထားခဲ့၏။
ယခုကဲ့သို့ တော်လှန်ရေးဌာနချုပ် အသံလွှင့်ဌာနတစ်ခုမှ သတင်းထောက်တဦး ရှေ့တန်းသို့ ဆင်းလာမည့် ကိစ္စ ကြိုတင်ပြီးသိထားရသဖြင့် တပ်မဟာမှူးအပါအ၀င် ရဲဘော်များအားလုံးမှာ ကျနော့်ကိုလှိုက်လှဲစွာကြိုဆို ခဲ့ကြ၏။ လိုအပ်သလို အစွမ်းကုန်အကူအညီပေးရန် စိတ်အားတက်ကြွ လျက်ရှိကြ၏။ ကျနော်ကလည်း ခက်ခက်ခဲခဲရယူရမည့်သတင်းအတွက် စိတ်ဓာတ်တက်ကြွလျက်ရှိ၏။ ရောက်ကတည်းက မိမိသတင်း သွား ယူရမည့်နယ်မြေအခြေအနေများကို ရဲဘော်များထံမှ ဒလစပ် မေးမြန်းနေခဲ့မိ၏။ သို့သော် ခရီးရောက် မဆိုက် နောက်တနေ့မနက်မှာပင် ခရီးထွက်မှဖြစ်မည်ဟု တပ်မဟာမှူးက စီစဉ်လိုက်သောအခါမူ ကျနော့်မှာ အခက်အခဲတခုနှင့် ရင်ဆိုင်ရတော့သည်။ အများနည်းတူ တက်ကြွလျက်ရှိသည့်ကျနော့်စိတ်မှာ တုံ့ခနဲ တန့်သွားရ၏။
ယာယီပြောက်ကျားစခန်းသို့ လာရာလမ်းပေါ်မှာကတည်းက ကြိုတင်ပြီးကျနော်စဉ်းစားလာခဲ့သည့် အစီအစဉ်မှာ ပျက်မလိုဖြစ်သွား ရ၏။
မာနယ်ပလောဌာနချုပ်မှထွက်ခွာစဉ်က ကျနော့်တွင် ‘ဖလင်’ တလိပ်မျှ ပါမလာခဲ့။ ယုတ်စွအဆုံး ‘ကင်မရာ’ ကိုပင် ယူမလာနိုင်ခဲ့။ မိမိရရှိထားသည့်သတင်းကို လက်လွတ်မခံနိုင်သဖြင့်သာ ခရီးစရိတ် ငွေဘတ် ၃၅၀ ကို တာဝန်ခံဖြစ်သူထံမှထုတ်ယူလျက် တပ်မဟာ ၁ သို့ဆင်းမည့် လူကြုံရှိတုန်း ရှေ့တန်းသို့ ကသုတ် ကယက် ဆင်းချလာခဲ့ခြင်း ဖြစ်သည်။ ကင်မရာကိုမူ လမ်းခွတ်လပ် မဲပလိရွာက ရွာငှားကျောင်းဆရာလေး ကိုချစ်နိုင်ထံမှ အကျိုးအကြောင်းပြောပြပြီး ငှားလာခဲ့ရ၏။ မိသားစုအပျော်တမ်းရိုက် အလိုအလျောက် အနီးဝေးချိန်ပြီး ဖြစ်သည့် ဆရာကိုချစ်နိုင်၏ ကင်မရာ ကလေးကို ကျနော်ငှားလာခဲ့ခြင်းဖြစ်သည်။ (ဆရာ ကိုချစ်နိုင်မှာ ယခင်တခေါက် တပ်မဟာ ၁ နယ်မြေ ဖာပွန်မြို့နယ်သို့အဆင်း သူနှင့်မိတ်ဆွေဖြစ်ကာ အသွားရော အပြန်ခရီးပါ သူ့ထံတွင် သုံးလေးရက် တည်းခိုခွင့်ရသဖြင့် ရင်နီးခင်မင်နေခဲ့သူ ဖြစ်သည်။ ) လိုအပ်နေသေးသည့်ဖလင်ကိုမူ တပ်မဟာမှူးနှင့် တွေ့လျှင်ပဲဖြစ်ဖြစ် နယ်မြေတာဝန်ခံတဦးဦးနှင့်တွေ့လျှင် ပဲဖြစ်ဖြစ် အကူအညီတောင်းရန် စဉ်းစားထားခဲ့ ၏။ သူတို့က ကမ္မမောင်းသို့ လူလွှတ်ပြီး ကျနော့်အတွက် ဖလင်သွားဝယ်ခိုင်းစေမည်ဖြစ်သည်။ 

သို့နှင့် ဖလင်မပါသည့် ကင်မရာလေးကိုပိုက်ကာ ပြောက်ကျားစခန်းကို ကျနော်ရောက်လာခဲ့၏။ စခန်းသို့ရောက်လျှင်ရောက်ချင်း ရဲဘော်လေးနှစ်ဦးက အမှတ်တရဓာတ်ပုံရိုက်ပေးဖို့ပြောသည့်အခါ ကျနော့်မှာဖလင်မပါသည့်ကင်မရာကလေးကို ယုတ္တိရှိရှိကိုင်ကာ စိတ်မသက်မသာနှင့် ခလုတ်နှိပ်ပြီး ရိုက်ပေးခဲ့ရ၏။ ဓာတ်ခဲထည့်ထားသဖြင့် မီးဝင်းခနဲလက်သွားပြီးနောက် ကျေနပ်ကြည်နူးနေကြသည့် ရဲဘော်လေးနှစ်ဦးကိုကြည့်ကာ ကျနော့်မှာ မျက်နှာမထားတတ်အောင် ဖြစ်နေသေး၏။

ခရီးရောက်မဆိုက် ဖလင်မပါသည့်ကိစ္စကိုဖွင့်မပြောပြလိုသဖြင့်သာ ရဲဘော်နှစ်ဦး စိတ်ချမ်းသာအောင် ခလုတ်နှိပ်ပေးခဲ့ရခြင်း ဖြစ်သည်။ နောက်တနေ့တွင်မှ ကမ္မမောင်းသို့ လူလွှတ်ပြီး ဖလင်ဝယ်ပြီးကာမှ ထိုရဲဘော်လေး နှစ်ယောက်ကို စိတ်ကျေနပ်အောင် ထပ်ရိုက်ပေးဖို့ စဉ်းစားထားခဲ့၏။

ထမင်းစားပြီးသည့်နောက် တပ်မဟာမှူးနှင့်စကားထိုင်ပြောနေစဉ် မနက်ဖြန်မနက်ခရီးထွက်ရမည်ဟု သိလာရသောအခါ ကျနော့်မှာ အခက်အခဲနှင့် ထပ်ပြီးကြုံရပြန်တော့သည်။ တပ်မဟာမှူး၏ စကားများကို နားထောင်နေပေသည့်ကျနော့်စိတ်က ကမ္မမောင်းသို့ လူလွှတ်ပြီး ဖလင်ဝယ်ခိုင်းရမည့် ကိစ္စကို သာ တွေးနေမိ၏။

တချိန်တည်းမှာပင် ကမ္မမောင်းသို့လူလွှတ်ပြီး ဖလင်ဝယ်ခိုင်းပြီးနောက် ကျောက်ဖြာရွာသို့ လိုက်ပို့ရန် ပြော မည်ဟုစဉ်းစားသော်လည်း ထိုစိတ်ကူးမှာ လက်တွေ့တွင် မဖြစ်နိုင်သည်ကို ကျနော် သိလာရ၏။ ကမ္မမောင်းသို့လူတယောက်စေလွှတ်ပြီး ဖလင်အ၀ယ်ခိုင်းကာ ကျနော်အရင်ရောက်နှင့်နေ သည့် ကျောက်ဖြာရွာသို့ ဖလင်လိုက်ပို့လျှင် လမ်းတွင် မလွဲမသွေတညအိပ်ရလိမ့်မည်ဆိုသည်ကို ရဲဘော် ကလေးများပြောထားသဖြင့် ကျနော် သိထားပြီးဖြစ်သည်။ ထို့ကြောင့် သဘက်ခါမနက် ကျောက်ဖြာ ရွာသို့ ဆင်းချလာမည့်နအဖစစ်ကားတန်းမဆင်းခင် အချိန်မီ ဖလင်ရောက်လာနိုင်ဖို့ဆိုသည်မှာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်သည်ကို ကျနော် တွေးမိလာရ၏။ သည်လို ဖလင်အခက်အခဲကြောင့် နောက်အပတ် ကားတန်း အဆင်းအတက်ရှိသည့်အခါကြမှ ဓာတ်ပုံသွားရိုက်မည်ဟုဆိုကာ ခရီးထွက် မည့်ရက်ကိုစဉ်းစားနေစဉ် တပ်မဟာမှူးက မနက်ဖြန်မနက်တွင် ခရီးမထွက်ဘဲနေလို့မဖြစ်ဟု ဆက် ပြောလာခဲ့၏။


သည်တကြိမ် ကားတန်းအဆင်းမှာ သည်ရာသီသည်နှစ်အတွက် နောက်ဆုံး ဆင်းချလာသည့် ကား တန်းဖြစ်ဖို့များသည်ဟု ဆိုသဖြင့် ခရီးထွက်မည့်ရက်ကို ရွှေ့လို့မဖြစ်နိုင်တော့ကြောင်း ကျနော် တွေးမိ၏။
ကျနော့်အခက်အခဲကိုဖွင့်ပြောပြီး ခရီးထွက်ဖို့ အစီအစဉ်ကို ဖျက်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။ တော် လှန်ရေးဗဟိုဌာနချုပ်ကြီးမှ ဆင်းချလာသည့် သတင်းထောက်တဦးတွင် ဖလင်တလိပ်မျှ ပါမလာ နိုင်ခဲ့သည် ကို အမှန်အတိုင်းဖွင့်ပြောသည့်တိုင် တပ်မဟာမှူးအဖို့ ယုံရခက်ခက် ရှိလိမ့်မည်ကို ကျနော် တွေး၏။
ထို့ပြင် လူသားမိုင်းရှင်းကိရိယာအဖြစ် အဓမ္မစေခိုင်းနေခြင်းသတင်းကို စွန့်စွန့်စားစား သွားရောက်ကာ ဓာတ်ပုံရိုက်ယူလိမ့်မည်ဟူသောသတင်းကြောင့် တက်ကြွလျက်ရှိသည့် တပ်မဟာမှူးအပါအ၀င် ရဲဘော်များ ၏စိတ်ကို ကိုယ့်ချို့ယွင်းချက်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တော့။ ထို့ပြင် တစ်လကျော် ကြာ လှည့်လည်နေထိုင်ရင်း သတင်းများရယူစုဆောင်းရန် ဆင်းချသည့် ကျနော့်တွင် ခရီးစရိတ် ဘတ် ၃၅၀ ကို တာဝန်ရှိသူထံမှ အခြေအတင် စကားများငြင်းခုန်ပြီးမှ ဆင်းချလာခဲ့ရသည့် အဖြစ်ကို အားပြောပြကာ လိုအပ်ပါက တပ်မဟာမှူးထံမှ ခရီးစရိတ်ငွေကြေး အကူတောင်းရဦးမည့် အချက်ကလည်း ရှိနေသေးသည် မဟုတ်ပါလား။
ထို့ကြောင့် ဖလင်မပါသည့် ကင်မရာကိုပိုက်ကာ မနက်ဖြန် မနက်တွင် ကျောက်ဖြာရွာသို့ ကျနော် ခရီးထွက် ရတော့မည်သာဖြစ်သည်။ အစီအစဉ်အတိုင်း လက်ခံမည့်အကြောင်း တပ်မဟာမှူးကို ကတိ ပေးလိုက် ရတော့၏။
မည်သို့ပင်ဖြစ်စေ … သတင်းထောက်တဦးအဖို့ ကင်မရာ (သို့မဟုတ်) ဖလင်မရှိသည့်တိုင် မျက်စေ့ဖြင့် မြင် သမျှကိုပင် သတင်းတပုဒ်ဖြစ်အောင်ရေးရင်လည်း ရတာပါပဲဟု ကိုယ့်ကိုကိုယ် အားပေးကာ တပ်မဟာ မှူးရှေ့မှ ထပြန်လာခဲ့ရ၏။

(၂)

၁၉၉၄ ခု၊ မတ်လ ၁၃ရက် နံနက် ၈း၀၀ နာရီ …။
ကျနော်တို့ပုန်းအောင်းနေရာ တောင်ကမူလေး၏ခြေရင်းတွင် ကျောက်ဖြာရွာထဲက ထွက်လာသည့် ကားလမ်းကို မြင်နေရ၏။ မကြာခင် ရွာထိပ်မှ လူသံများကြားရသလိုရှိကာ လူနှစ်ဆယ်အစိတ်မျှ ရှိမည်ထင် ရသည့် လူအုပ်ကို တွေ့လာရ၏။ တံမြက်စည်းကိုယ်စီကိုင်ပြီး ကားလမ်းမပေါ် တံမြက် လှည်းရင်း လျှောက် လာနေသည့်လူအုပ်မှာ တောင်ကမူလေး၏ ခြေရင်းသို့ ရောက်လာကြ၏။ ကျနော့်မှာ ကြေကွဲတုန်လှုပ်ဖို့ ကောင်းလှသည့် မြင်ကွင်းကို ကြည့်ကာ အသက်မရှူနိုင်အောင် ငြိမ်နေမိ၏။
“ဆရာကြီး … ဆရာကြီး၊ ရိုက်လေဗျာ”
ဘေးတွင်ကပ်ထိုင်နေသည့် တပ်ကြပ်ကြီးဖားတေး၏ သတိပေးစကားကြောင့် ကျနော့်ခန္ဓာကိုယ်မှာ ကျင်စက်နှင့်တို့လိုက်သလို တွန့်သွားရ၏။ ထိုအခါကျမှ သတိရကာ ဖလင်မပါသည့် ကင်မရာလေးကို လွယ်အိတ်ထဲမှထုတ်လျက် ဟန်ပါပါချိန် လိုက်ရ၏။
ကျနော်တို့ရှေ့တွင် အသက်အရွယ်ကြီးရင့်သူ အဘအိုတချို့နှင့် ကလေးငယ်တချို့သာပါသည့် လူအုပ်မှာ တံမြက်စည်း ကိုယ်စီလှည်းကာ လမ်းလျှောက်နေကြ၏။ လမ်းဘေးနှစ်ဖက် လမ်းနှင့် ခတ်လှမ်းလှမ်း အကွာတွင်မူ ဂျီ ၃ သေနတ်အသင့်ကိုင်ကာ စောင့်ကြပ် လိုက်ပါသည့် နအဖစစ်သား တချို့ကို လည်း မြင်နေရ၏။
ကျနော်က မျက်စေ့မှိတ်တံတွေးမြိုချကာ ကင်မရာခလုတ်ကို တချက်ချင်းနှိပ်နေခဲ့မိ၏။ မီးပွင့်ရှေ့တွင် လက်ဖြင့် ပိတ်ကာထားသဖြင့် မီးရောင်မလက်သော်လည်း ကင်မရာမောင်းကျသံကို အတိုင်းသား ကြားနေရ၏။ ဆယ်ကြိမ် ဆယ့်ငါးကြိမ်မျှ ခလုတ်ကိုနှိပ်ပြီးသောအခါ ကင်မရာလေးကို လွယ်အိတ်ထဲ ဟန်ပါပါ ပြန်ထည့်ထားလိုက်၏။
ဘေးတွင်ပုန်းကွယ်ထိုင်နေကြသည့် တပ်ကြပ်ကြီးဖားတေးနှင့် ကျောက်ဖြာရွာသား ၂ ဦးဆီ မသိမသာ လှည့်ကြည့်မိသည်။ ထိုအခါ ကျေနပ်ဂုဏ်ယူစွာ ကြည့်နေကြသည့် သူတို့၏မျက်နှာများကို ကျနော့်မှာ မအောင့်မသက်မသာ ပြန်ကြည့်ကာ ရုတ်မပျက်ရန် မနည်း ဣနြေ္ဒဆယ်ထားလိုက်ရလေသည်။

(၃)

ကျောက်ဖြာရွာပြင်ဘက်သို့ လူတယောက်ထွက်လာကာ ကျနော်တို့ ပုန်းအောင်းနေရာတောင်ကုန်းကို မော့ ကြည့်နေ၏။ ပြီးတော့မှ ကျနော်တို့ပုန်းအောင်းနေရာ တောင်ကုန်းပေါ်တက်လာလေသည်။ ထိုသူမှာ ကျောက်ဖြာရွာသူကြီး ဦးအောင်မောင်းဖြစ်ကြောင်း တပ်ကြပ်ကြီးဖားတေးက ပြောပြ၏။

“ဘယ်မလဲဟေ့ … ဓာတ်ပုံဆရာ၊ ဓာတ်ပုံဆရာ ဘယ်မလဲ”
ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးတို့က ကျောက်ဖြာရွာသူကြီး ဦးအောင်မောင်းရှေ့တွင် သွားရပ်လိုက်၏။
“ကျနော်ပါပဲ ဦးလေး … ဘာကိစ္စရှိလို့လဲ”
“ခင်ဗျားတို့ ဒီမှာစောင့်ပြီး ဓာတ်ပုံရိုက်ရင် ကားတန်းမဆင်းခင် ကြိုပြီးလမ်းရှင်းတဲ့ ကင်းနဲ့ တည့်တည့် တိုးမှာပဲ။ အဲဒါ ပစ်လားခတ်လားဖြစ်ရင် တရွာလုံးမီးတင်ရှို့ခံရမှာ သေချာတယ်။ ဒီလိုလုပ် ကားတန်းဆင်း တာ ဓာတ်ပုံရိုက်ချင်ရင် ကျုပ်နဲ့လိုက်ခဲ့။ ရွာထဲက ကားလမ်းဘေးအိမ်မှာ ကျုပ်ပို့ထားမယ်။ အနီးကပ်ခိုးပြီး ကြိုက်သလိုသာရိုက်စမ်း။ ဒီမှာတော့ ခင်ဗျားတို့ စောင့်ရိုက်လို့ မဖြစ်ဘူး”

ကျနော်တို့အားလုံး အပ်ကျသံကြားရမတတ် ငြိမ်ချက်သားကောင်းနေခဲ့၏။ ကျနော်က တပ်ကြပ်ကြီး ဖားတေးကို ကြည့်သည်။ တပ်ကြပ်ကြီးဖားတေးကလည်း ကျနော့်ကို ကြည့်နေ၏။

“ဘယ်လိုလဲ တပ်ကြပ်ကြီး”
“ဆရာကြီးသဘောပဲ၊ ကျနော်တော့ မပြောတတ်ဘူး”
ကျနော်၏အမေးကို တပ်ကြပ်ကြီးဖားတေးက မရုတ်မလွန် အကြံပေး၏။
“ရွာထဲမှာ နအဖစစ်သားတွေ ရှိမလားမသိဘူး သူကြီး”
“ဟား … ရှိတာပေါ့၊ ရွာထိပ်က တပ်ခွဲအပြင် ဒီနေ့ကားတန်းဆင်းမှာမို့ တခြားနေရာက စစ်သားတွေ ပါ ရောက်နေတယ်။ ရွာသားထက်တောင် များမလားပဲ။ ဒါပေမဲ့ ဘာမှစိတ်မပူပါနဲ့။ ကျုပ်ကိုယုံရင် လိုက်သာ လိုက်ခဲ့။ လမ်းမှာတွေ့ရင် နှုတ်မဆက်နဲ့။ ကျုပ်ဘာသာကျုပ် ကြည့်ရှင်းမယ်။ မသကာ ခင်ဗျားကိုဖမ်းရင်လည်း မရမကလွတ်အောင် ကျုပ်လုပ်မယ်။ စိတ်ချ၊ လိုက်မယ်မလိုက်ဘူး ဆိုတာသာ စဉ်းစား၊ အချိန်တော့မရ ဘူး၊ မြန်မြန်လုပ်ဗျ၊ အဲ … လိုက်မယ်ဆိုရင်လည်း ခင်ဗျား တယောက်တည်းပဲ လိုက်မှဖြစ်မယ်”

ရူးသွပ်မှုတခုပင် ဆိုရမလားမသိ …။ ရွာသူကြီး ဦးအောင်မောင်းနှင့်အတူ ကျောက်ဖြာရွာထဲသို့ လိုက်သွားရန် ကျနော်ဆုံးဖြတ်လိုက်၏။ 

အသံဖမ်းစက်တစ်လုံး၊ ဖလင်မပါသည့် ကင်မရာထည့်ထားသည့် လွယ်အိတ်ကို ရွာသူကြီး ဦးအောင်မောင်းထံပေးကာ တောင်ကုန်းပေါ်မှ ကျနော်တို့ဆင်းချလာခဲ့ကြ၏။ ဦးအောင်မောင်းက ကျနော်လွှဲပေးလိုက်သည့်လွယ်အိတ်ကို စောင်တထည်နှင့်ထုပ်ကာ သူ့ခါးတွင် ပတ်ထားလိုက်၏။
ကျောက်ဖြာရွာထဲသို့အ၀င် အိမ် ၅ လုံးမျှအကျော်တွင် ရှေ့မှလျှောက်လာသော နအဖစစ်သား ၃ ဦးကို တွေ့ရ၏။ ကျနော်က ဦးအောင်မောင်းနှင့် သုံးလေးလှမ်းအကွာမှလျှောက်လာခဲ့၏။ အနားသို့ ရောက်တော့ တပ်ကြပ်လုပ်သူက ဦးအောင်မောင်းအား နှုတ်ဆက်လေသည်။
စစ်သားသုံးယောက် ကျနော့်ဘေးက ကပ်ပြီးလျှောက်တော့ စစ်သားတဦးက ကျနော့်ကို ဖျတ်ခနဲ လှမ်းကြည့်သွားခဲ့သေး၏။ ဆင်းရဲသားရွာခံ ကရင်လူမျိုးတဦးလို ရုပ်ဖျက်ထားသော ကျနော့်မှာ ဒူးများခွေကျသွားလုမတတ် တုန်လှုပ်နေခဲ့လေသည်။

(၄)

တဲပေါ်တွင် ကျနော်တဦးတည်းသာ ရှိနေ၏။ အသက် ၁၈ နှစ်ခန့်ရှိမည်ဟုထင်ရသည့် အိမ်ရှင် ကရင်မလေး က အတွင်းခန်းထဲတွင် ကျနော့်ကို နေရာချပေးကာ တဲပေါ်က ဆင်းချသွားခဲ့၏။ ရင်ဆို့ မရှိတရှိမြင့်သည့် တဲအောက် ကျနော်ထိုင်နေရာ ကြမ်းပြင်၏အောက် မြေပေါ်တွင် တဦးတည်းထိုင်ပြီး နှီးဖြာနေလေသည်။
အိမ်ခန်းထဲတွင် တယောက်တည်းထိုင်ရင်း လှုပ်ရှားလျက်ရှိသည့်စိတ်ကိုတည်ငြိမ်အောင် ဟိုတွေး သည်တွေးလုပ်နေခဲ့ရ၏။ မနေ့ညနေက ကျောက်ဖြာရွာ လာရာခရီးကို ပြန်တွေးနေမိပြန်သည်။
မနေ့ကမနက် ယာယီပြောက်ကျားစခန်းမှ ခြေလျှင်ထွက်ခွာလာခဲ့သည့် ကျနော်နှင့် တပ်ကြပ်ကြီး ဖားတေး တို့မှာ ညနေနေ၀င်ရီတရောအချိန်ကျမှ ကျောက်ဖြာရွာထိပ်သို့ ရောက်လာနိုင်ခဲ့ကြ၏။ လမ်းတွင် ရွာနှစ်ရွာ ကို ဖြတ်လာခဲ့ရ၏။ ကျောက်ဖြာ ရွာထိပ်က တဲတလုံးပေါ် တက်ထိုင်လိုက်ကြ သည့်အခါ နေရောင်မရှိ သလောက်ပင် မှောင်နေလေပြီ။ တဲပေါ်ရောက်ကတည်းက ခရီးပမ်းခဲ့သဖြင့် ကျနော့်မှာ ထရံကိုမှီကာ မှိန်းနေလိုက်မိသည်။
မှေးခနဲအိပ်ပျော်ရာက လန့်နိုးလာတော့ မြန်မာလို ပီပီသသဆဲဆိုနေသည့်အသံကို မလှမ်းမကမ်းက ကြားရသဖြင့် အိပ်ယာက ကမန်းကတန်းထဖို့ ပြင်လိုက်မိ၏။
“ဗမာစစ်သားတွေပါ ဆရာကြီး … ကိစ္စမရှိပါဘူး။ ဒီလိုပါပဲ … ညတိုင်း ဒီလိုပဲ ဆဲဆိုပြီး စကားပြောကြ တာပဲ၊ ဘာမှမဖြစ်ဘူး ဆရာကြီး”
ကျနော့်ဘေးက မီးဖိုဘေးတွင်ထိုင်နေသည့် ကရင်အဘိုးအိုက ကျနော့်ကို ရှင်းပြလိုက်ခြင်းဖြစ်သည်။ မနက်ဖြန် မနက်ခင်း ကားတန်းများဆင်းမည်ဖြစ်သဖြင့် ကျောက်ဖြာရွာထဲတွင် စစ်သားတွေ ရောက်နေ သည်ကို သတိရသွားရ၏။ ဗိုက်ထဲတွင် တကျုတ်ကျုတ်မည်အောင် ဆာလာသဖြင့် ရေသောက်ရန် ထလိုက်၏။
“ဆာရင် ဒီမှာလာပြီး စားပါလား”

မြန်မာလို ပီပီသသလှမ်းပြောနေသည့် ကရင်အဘိုးအိုကြည့်ကာ ကျနော်ပြုံးမိသည်။ သူသည်ကား ကျောက်ဖြာရွာသားများ အနက် မြန်မာလို ရေလည်စွာပြောတတ်သည့်လူ ၅ ဦးတွင် တဦး အပါအ၀င် ဖြစ်သည်ဟူသော တပ်ကြပ်ကြီးဖားတေး၏ စကားကို တွေးကာ ပြုံးမိခြင်းဖြစ်သည်။
မီးညွန့်ကျိုးနေပြီဖြစ်သည့် မီးဖိုဘေးတွင် ကျနော်ထိုင်သည်။ ပန်းကန်ဟုထင်ရသည့် အရာပေါ်က စားစရာတချို့ကို ကျနော်ယူပြီး စားကြည့်၏။ မီးကင်ထားသည့် အသားတချို့ကို ၀ါးမိသည်။ စားကောင်းကောင်းနှင့် ဆက်ပြီးစားနေမိ၏။ ဗိုက်ထဲတွင် အနည်းငယ်တည်ငြိမ်သွားသည့်အခါကျမှ အိပ်ရာဖက် ပြန်လှည့်ခဲ့ရလေသည်။

(၅)

အိပ်ခန်းထဲတွင် တယောက်တည်းထိုင်ရင်း ကျောက်ဖြာရွာသို့ ရောက်လာခဲ့ပုံများကို ပြန်လည် တွေးနေစဉ် တဲအောက်က စကားပြောသံများကြောင့် အတွေး ရပ်သွားရ၏။
ကြမ်းကြားကတဆင့် အသံကြားရာကို ငုံ့ကြည့်တော့ အိမ်ရှင်ကရင်မလေး၏ ဘေးတွင် နအဖစစ်သား နှစ်ဦး စကားထိုင်ပြောနေသည်ကို တွေ့ရ၏။ အိမ်ရှင်ကရင်မလေးက မြန်မာစကား တလုံးစနှစ်လုံးစဖြင့် စစ်သား များကို ပြုံးရွှင်စွာစကားပြန်ပြောနေ၏။ မလှုပ်မယှက် မသံမမြည်အောင်ထိုင်ရင်း ကျနော့်မှာ တုန် လှုပ်ခြောက်ခြားနေမိ၏။ ထိုစဉ်မှာပင် တဲပေါ်သို့ လူတယောက် တက်လာသဖြင့် စစ်သားနှစ်ယောက် လည်း ထပြန်သွားကြ၏။
“အပြင်ကိုထွက်ခဲ့ပါဆရာကြီး … ကားတန်းဆင်းလာတော့မယ်”

ကျနော်က တဲပေါ်တွင် ကျနော်တယောက်တည်းထားပစ်ခဲ့ပြီး တဲပေါ်က ဆင်းချသွားသည့် ရွာသူကြီး ဦးအောင်မောင်းအထင်နှင့် လှမ်းကြည့်တော့ ညက ကျနော်နှင့်ထိုင်ပြီး တိုင်ပင်ဆွေးနွေးခဲ့ သည့် ကျောက်ဖြာရွာသားတဦးဖြစ်နေသည်ကို တွေ့ရလေသည်။ ထို့ကြောင့် ကျနော်က စိတ်ချလက်ချဖြစ် ကာ အိမ်ရှေ့ခန်းသို့ ထွက်ခဲ့ရ၏။
အိမ်ရှေ့ခန်းတွင် ထိုင်မည်အပြု တိုင်ဘေးတွင် ချထားသည့် ရေနွေးခရားနှင့် ရေနွေးပန်းကန်ကို တွေ့တော့ လွန်ခဲ့သည့်ညက ကရင်အဘိုးအို ချကျွေးခဲ့သည့်ကြက်သားကင်ကို သတိရကာ ကျနော့်မှာ ရင်ထဲတွင် ပျို့တက်လာရ၏။ မီးဖိုဘေးအမှောင်ထဲတွင် ကျနော်ကောက်ယူပြီး စားခဲ့သောကြက်ကင်များမှာ ရက်သားမျှ သာရှိသေးသည့်ကြက်ပေါက်စလေးများကို ကင်ထားခြင်းဖြစ်ကြောင်း မနက်ကျကာမှ တပ်ကြပ်ကြီး ဖားတေးပြောပြခဲ့သည်ကို တွေးမိသွားသောကြောင့် ဖြစ်၏။
ကျောက်ဖြာရွာသားတဦးနှင့်အတူထိုင်နေစဉ် မိုးခြိမ်းသံကြီးများကို အဝေးကကြားရသလိုရှိပြီး မကြာခင် ရွာထဲသို့ နအဖ စစ်ကားများဝင်ချလာသည်ကို တွေ့ရတော့၏။
 ဖုံတထောင်းထောင်းနှင့် မောင်းဝင်လာနေသည့် စစ်ကားကြီးများကိုကြည့်ကာ ကျနော့်မှာကြောင်ပြီး ငေးနေ မိပြန်သည်။
“ဆရာကြီး ရိုက်လေ … ဆရာကြီး ဓာတ်ပုံရိုက်လေကွာ”

ကျောက်ဖြာရွာသားက သတိပေးမှလွယ်အိတ်ထဲက ကင်မရာကိုထုတ်ကာ ကိုက် ၁၀၀ ခန့်က ဖြတ်သွားနေ သည့် စစ်ကားတန်းရှိရာ ချိန်လိုက်ရ၏။ ဖလင်မပါသည့် ကင်မရာတလုံး၏ခလုတ်ကိုနှိပ်ကာ ဖုံလုံးကြီးများ ကြားထဲက စစ်ကားများကို ကျနော် ဓာတ်ပုံရိုက်သည်။ ခလုတ်တချက် နှိပ်မိသည့်အချိန်တိုင်း ကျနော့် မျက်လုံးများမှာ ပြာဝေမူးမိုက်နေခဲ့၏။
တချီတချီတွင်မူ မာနယ်ပလောမှ ခရီးစတင်မထွက်ခွာခင် ရက်ပိုင်းအလိုက ငွေပေးချေရန်ကျန်နေသေး သည့် ငွေတ၀က်ကိုမပေးချေနိုင်သေးပဲဖြစ်နေစဉ် ပေးထားသည့်ငွေတ၀က်ကို ပြန်ပေးကာ ကင်မရာ ပြန်တောင်းခဲ့သည့် စင်ပြိုင်အစိုးရအဖွဲ့ဝန်ကြီးတပါး၏ ပြုံးဖြဲဖြဲမျက်နှာကြီးကို ပြန်မြင်နေမိ၏။ ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးလိုက်ရသည့် Pantax အမျိုးအစားကင်မရာလေးကို မျက်စေ့ထဲ ထပ် တလဲလဲ မြင်နေခဲ့မိ၏။
ကင်မရာခလုတ်ကိုအကြိမ်ပေါင်းမည်မျှအထိ နှိပ်နေခဲ့သည်မသိ။ ခြေသံကြားလို့ လှည့်ကြည့်တော့ ကျနော့်ဘေးတွင် ကျောက်ဖြာရွာသူကြီးက ကျေနပ်ဂုဏ်ယူစွာ ရပ်နေသည်ကို တွေ့ရ၏။

“ကဲ … ဒီလောက်ဆိုရင် ရလောက်ပြီထင်တယ်၊ ဒီကောင်တွေ ကားတန်းကို အာရုံစိုက်နေတုန်း ကျုပ်တို့ ရွာပြင်ဖက် ထွက်ကြမှဖြစ်မယ်၊ သွားကြရအောင်”

ပြောပြောဆိုဆို ရွာသူကြီးက ကျနော့်ထံမှ လွယ်အိတ်ကို ဆွဲယူကာ တဲပေါ်က ဆင်း၏။ ကျနော်က နောက်မှ ဆင်းလိုက်လာခဲ့ရ၏။ တဲအောက်က အိမ်ရှင်မိန်းကလေးကိုပင် လှည့်ကြည့်ပြီး နှုတ်မဆက်ခဲ့ရတော့။
တဲပေါ်ကဆင်းပြီး ဖင်တပြန်ခေါင်းတပြန်ဆောက်ထားသည့်တဲများအကြား ဖြတ်လျှောက်နေ စဉ် ကျောက်ဖြာရွာ ထိပ်ဆီက မိုင်းကွဲသံကြီး ကြားလိုက်ရလေသည်။ တရွာလုံး လူသံ၊ ခွေးဟောင်သံ များ၊ ပြေးလွှားအော်ဟစ်သံများဖြင့် ပွက်လောရိုက် သွားရ၏။ ကျနော်နှင့် ရွာသူကြီးက မြေပေါ်တွင် ကယောင်ကတန်း ၀ပ်ချလိုက်ကြပြီး နားစွင့်အကဲခတ်ကြ၏။

“ကိုင်း … ဆရာကြီး ဒီကောင်နဲ့ပဲ ရွာပြင်ဖက်လိုက်ထွက်ပေတော့၊ ဟိုမှာ တပ်ကြပ်ကြီးဖားတေး စောင့်နေ လိမ့်မယ်၊ ဒီအတိုင်းဆို ဒီကောင်တွေ ကျုပ်ကိုလိုက်ရှာနေမှာ သေချာတယ်၊ ကိုင်း … သွားပေတော့”

သူကြီးဦးအောင်မောင်းက ကျနော့်ကို နောက်ကကပ်လိုက်လာသည့် ကျောက်ဖြာရွာသားထံ အပ်နှံ လိုက်သည်။ သူကမူ ကျနော်တို့နှင့်လမ်းခွဲကာ တဲအိမ်များကြား ၀င်ရောက်သွားတော့သည်။ ကျွန်တော်နှင့် ကျောက်ဖြာရွာသားတို့နှစ်ယောက်က တဲကြိုတဲကြားထဲသို့ဝင်လေသည်။ လိုက်ပို့သူ ကျောက်ဖြာရွာသားနောက်မှ လိုက်လာရင်းက ကျနော့်မှာ မိုင်းကွဲသဖြင့် ဆက်လက်ဖြစ်ပေါ်လာနိုင် သည့် ပြဿနာများကိုတွေးကာ ကျောက်ဖြာရွာအတွက် စိတ်ပူမိလေသည်။

(၆)

‘မဲညောခီး’တောင်ခြေက ခရီးသည်များ ခေတ္တနားရန် ထိုးထားသည့် တဲတန်းလျားကြီးမှာ အမှောင် ထုအောက်တွင် ငြိမ်သက် တိတ်ဆိတ်လျက်ရှိ၏။
တန်းလျားကြီး၏ ထိပ်တနေရာတွင် ကျနော် ညအိပ်ရန် ပြင်ဆင်ခဲ့၏။ ကျောပိုးအိတ်ကို ခေါင်းအုံးကာ ပက်လက်လှန်လဲလျောင်းရင်း အမှောင်ထုထဲကို ငေးကြည့်နေမိသည်။ တလကျော်ကြာမျှ အတူသွား အတူလာရှိခဲ့သည့် တပ်ကြပ်ကြီးဖားတေးကို ကျနော် လွမ်းနေမိသည်။

တပ်ကြပ်ကြီးဖားတေးသည် မဲညောခီး တောင်ခြေတနေရာက ကရင်ရွာကလေး၏ထိပ်တွင် ကျနော့်ကို ရပ်ကြည့်ရင်း ကျန်နေရစ်ခဲ့၏၊။
ကျနော်က ကရင်ပြောက်ကျားရဲဘော်များနှင့်အတူ တော်လှန်ရေးဌာနချုပ် မာနယ်ပလောသို့ပြန်ရန် မဲညောခီးတောင်ပေါ် တက်လာခဲ့၏။ တနေ့လုံးလိုလို တောင်တက် တောင်ဆင်းလမ်းများကို ပင်ပမ်း ကြီးစွာ လျှောက်လာခဲ့ရ၏။ မဲညောခီးတောင်မကြီး၏ အရှေ့ဖက်တောင်ခြေ သံလွင်မြစ်ကမ်း သို့ ရောက်သောအခါ မိုးချုပ်လုမတတ် ရှိလေပြီ။

လုံခြုံစိတ်ချရသည့် နယ်မြေသို့ ရောက်လာခဲ့ပြီဖြစ်သဖြင့် စိတ်အေးလက်အေး အနားယူအိပ်စက်ရန် စဉ်းစား ထားမိသည်။ ကရင်ပြောက်ကျားရဲဘော်လေးများ ချက်ကျွေးသည့်ထမင်းကို နှမ်းငါးပိနှင့် အ၀အလွေး စား ပြီးနောက် ၀ါးကြမ်းခင်းပေါ်တွင် လှဲလိုက်၏။ မနက်ဖြန်ညနေပိုင်းလောက်တွင် မာနယ်ပလောတော် လှန်ရေးဌာနချုပ်သို့ ကျနော်ပြန်ရောက်တော့မည် ဖြစ်သည်။

တကိုယ်လုံး ညောင်းညာကိုက်ခဲပြီး ငှက်ဖျားထသလို ဖြစ်လာသဖြင့် အက်စ်ပရင်းဆေးပြားနှစ်ပြား ကို ရေနှင့်သောက်ကာ စောင်ခြုံထားလိုက်ရ၏။
အမှောင်ထုအတွင်းမှ စစ်ချီတေး သီကျွေးနေကြသည့် ခြင်ထုကြီး၏အသံကို ကျနော် ကြားနေရ၏။
လေတချက်မတိုက်သဖြင့် တဲတန်းလျားကြီးထဲတွင် ပူနွေးအိုက်စပ်လျက်ရှိလေသည်။ ထိုစဉ်မှာပင် ကျနော့်အတွေးများမှာ ကျောက်ဖြာရွာထိပ်သို့ ပြန်ရောက်သွားနေပြန်သည်။ ကျနော့်မျက်လုံးထဲတွင် အဘိုးအို အဘွားအိုနှင့် ကလေးတချို့ တံမြက်စည်းကိုယ်စီလှဲကာ ကားလမ်းပေါ် လျှောက်လာနေ သည့် မြင်ကွင်းကို ပြန်လည်မြင်လာရသည်။ လူအုပ်အပေါ်တွင် ဖုံတွေဝဲနေသည်ကို တွေ့နေရ၏။ ပြီးတော့ ကင်မရာမောင်း ခလုတ်ကျသံများကို ကြားလာရ၏။ ထိုအခါ ကျနော့်ခန္ဓာကိုယ်တခုလုံး ပျော့ခွေနွမ်းဖတ်ဖြစ် ကာ ချွေးစေးများဖြင့် ရွှဲနစ်နေလေသည်။
လူသားမိုင်းရှာကိရိယာအဖြစ် အဓမ္မခိုင်းစေခံနေရသည့် တံမြက်စည်းလှဲနေသည့် လူအုပ်ကိုလည်းကောင်း၊ ကရင်ပြောက်ကျားရဲဘော်လေးများကိုလည်းကောင်း ဖလင်မပါသည့်ကင်မရာဖြင့် ကျနော် ဓာတ်ပုံရိုက်ခဲ့ရ သည်မဟုတ်ပါလား။ ထို့ကြောင့် ကျနော့်မှာ ကိုယ့်ကိုယ်ကို နာကျည်းကြေကွဲ ၀မ်းနည်းခဲ့ရ၏။ သို့သော် ... ။

အကယ်၍များ ကမ္မမောင်းသို့ လူလွှတ်ပြီးဝယ်ယူခိုင်းခဲ့သည့် ဖလင်များ အချိန်မီရောက်လာကာ ထို ဖလင်များဖြင့်ပင် အောင်မြင်စွာ ဓာတ်ပုံရိုက်နိုင်ခဲ့လျှင်မူ မာနယ်ပလော တော်လှန်ရေး ဌာနချုပ်သို့ ရောက် သည့်အခါ ယင်းဖလင်များ ကူးဖို့ ဆေးဖို့အတွက် လိုအပ်သည့်ငွေကို ရှာရ ဖွေရဦးမည့်ဒုက္ခနှင့် ကြုံစရာ အကြောင်း မရှိသည့်တော့သည့်အချက်ကို တွေးမိသွားပြန်သည်။ 

ထိုအခါကျတော့လည်း ကျနော့်မှာ စိတ်သက်သာရာရကာ သက်ပြင်းချမိတော့၏။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

မှတ်ချက်။ ။ ဤ၀တ္ထုဖြင့် တော်လှန်ရေး အောက်ခြေရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။
တပ်ကြပ်ကြီးဖားတေးနှင့် ကျောက်ဖြာရွာသူကြီး ဦးအောင်မောင်းတို့မှာ ကွယ်လွန်သွားကြပြီ ဖြစ်ပါသည်။