သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဝါကျဖြူ ၊ ကမ်လူဝေး၊ ကိုပွေး

ဖျတ်ခနဲ ပွင့်လာတဲ့အလင်းကတရှဲရှဲမြည်လို့ 
 
www.a-n.co.uk

ဆူးတွေသီးနေတဲ့လေတွေထဲမှာ

ငါတို့စောင့်နေခဲ့ကြတယ်။



တိတ်ဆိတ်ခြင်းဟာ

နှစ်ခြောက်ဆယ်လုံးလုံး

စကားတစ်လုံးဟာ

အေ့...ဆိုတဲ့လေတောင်ပြို့မတက်ရဲကြ

နေ့ရက်တွေပြီးသွားကြတယ် ။



ဒေါသနဲ့လောင်မြိုက်မှုတွေဟာ

ထွက်ပြေးခွင့်မရဘဲ

ကပ်ပါလာတဲ့အရိပ်တွေက

လက်သည်မပေါ်ဘဲ

ပုလင်းတလုံးထဲကြိတ်ပြီးရစ်ထည့်ထားခဲ့တယ်။



နေဟာ ပုလင်းထဲမှာ

မသာနိုင်တော့ဘူး။



လေထဲကခြောက်ခြားဖွယ်အဖြစ်ဆိုးကြား

ဖြတ်သန်းလာခဲ့ရလို့လား

လှိုင်းတွေဟာလည်းမငြိမ်သက်ဘူး

ပန်းလေးတွေလည်းဝတ်မှုန်မကူးနိုင်ဘူး

သစ်ရွက်လေးတွေလှုတ်ခတ်ပုံ

မြစ်ရေစီးဆင်းပုံ

တီဗီမျက်နှာပြင်အားလုံးဟာ

တရှဲရှဲတုန်ရီနေကြတယ် ။
 

ဝါကျဖြူ


ခွဲစိတ်မှုအမှတ်စဉ် (၀၁၁)၏ ဆင်းသက်ခြင်း
www.pinterest.com
မျက်စေ့ဖွင့်ပါ မဖွင့်သေးဘူး

ပါးစပ်ဟပါ မဟသေးဘူး

အသက်ပြင်းပြင်းရှူပါ

အသက်က ပြန်ရှူရုံ

မေ့ဆေးဆရာဝန်ဟာ

လူနာကို မေ့ဆေးပြယ်ဖို့ ကြိုးစား

လေယာဉ်မှူးက

လေထဲပျံနေတဲ့လေယာဉ်

မြေပြင်ကို ပြန်ဆင်းသလို

စနစ်တကျ သတိကြီးစွာ။



လက်ဆေးပြီး အခန်းထဲ ပြန်ဝင်လာတဲ့

ခွဲစိတ်ဆရာဝန်က

ခရီးစဉ်တလျှောက်

အကောင်းဆုံး ဝန်ဆောင်မှုပေးပြီး

လိုရာခရီး ရောက်ချိန်မှာ

ခရီးသည်ကို နှုတ်ခွန်းဆက်ဖို့

စောင့်ကြိုတဲ့ လေယာဉ်မယ်လို

နိုးပြီလားလို့မေးရဲ့။



မျက်စေ့ဖွင့်ပါ ဖွင့်ပြီ

ပါးစပ်ဟပါ  ဟပြီ

အသက်ပြင်းပြင်းရှူပါ ရှူပြီ

သွေးပေါင်ချိန် ကောင်းသည်

သွေးထဲအောက်စီဂျင်ပါဝင်နှုန်း ပုံမှန်

လူနာ လှုပ်ရှား ရုန်းကန်

ချွဲစုတ်စက်အသင့်ပြင်

အသက်ရှူပိုက်ကို ထုတ်သည်။



လေယာဉ်သည် မြေပြင်သို့

ကောင်းမွန်စွာ ဆိုက်ရောက် ။  ။

ကမ်လူဝေး

....
သံယောဇဉ်
petesoriginalart.com
 စိတ်ကရေတံခွန်လို နောက်ပြန်စီးတယ်

အတိတ်ဟာ လေတံခွန်လိုတလှပ်လှပ်



ပူဖောင်းတစ်လုံးလိုခံနိုင်ရည်နဲ့

ပင်လယ်ကိုဖြတ်ဖို့ပဲ



သီထားတဲ့ပန်းထက်

ချည်တဲ့ကြိုးကမြဲလွန်းတယ် ။ ။ ။

ကိုပွေး

Comments