အ၀ယ်တော်များ
လူဖြစ်လာပါလျက် လူ့ဥပဓိရုပ်များဆုံးရှုံးကာ ကြက်များငှက်များလို တောတောင်အနှံ့ ဘာကြောင့်များ အခုလို ပုန်းအောင်အိပ်စက်နေကြရပါလိမ့်။
၁။
လမ်းလျှောက်စကားပြောစက်ကရသည့် သတင်းအရ၊ န၀တစစ်သားတချို့ ဒုံသမိချောင်းအတိုင်း ဆန်တက်လာနေကြသည်ဟု သိရသဖြင့် ကျွန်တော်တို့လူသိုက် နေရာပြောင်းအိပ်ကြရန် ချောင်း တဖက်ကမ်းသို့ ကူးလာခဲ့ကြ၏။
ချောင်းနှင့်မလှမ်းမကမ်း တောင်ကုန်းတခုပေါ်ရောက်တော့
ညနေ ၆ နာရီထိုးပြီးလို့ ၁၅ မိနစ်။ သည်တောင်ကုန်းကိုပင် စိုးမိုးကုန်းဟု သဘောထားကာ၊
တညမျှပုန်းအိပ်ဖို့ ဆုံးဖြတ်လိုက်ကြ၏။
တခြားသူများအဖို့တော့မသိ၊ ကျွန်တော်အဖို့မူ
တောင်ကုန်းထိပ်တွင် တညအိပ်ရမည်ဖြစ်သဖြင့် အတော့်ကို ကျေနပ်သွားရ၏။ လရောင်များကို
ရာနှုန်းပြည့် ခံစားရယူနိုင်သည့် တောင်ကုန်းထိပ်တွင် အိပ်စက်ရမည်ဖြစ်သောကြောင့်ပင်
ဖြစ်သည်။
ကျွန်တော်ထိုင်ကြည့်နေရာ
တောင်ကုန်းပေါ်မှတဆင့်ခပ်ဝေးဝေးနေရာများတွင်မိဆိုင်းတောင်၊ လေးကေတောင်၊
ဖလံတောင်နှင့် ကားမဲတောင်များကို မြင်နေရ၏။ ထိုအထဲတွင် လေးကေတောင်ကြီးမှာ
အလှဆုံးဟုထင်ရ ၏။ တောင်တန်းတခုပေါ်တွင် လက်သီးဆုပ်ကြီးတခု ထုတင်ထားသလို
ဖြစ်နေလေသည်။
လေးကေတောင်၏ နောက်ခံနှင့်အထက်တွင်
တိမ်များကိုအုပ်လိုက်တွေ့နေရ၏။ ၀ါဂွမ်းဆိုင်များကို အောက်ဖက်မှနေ၍
အနီရောင်မီးဆလိုက်ထိုးထားသလို ဖြစ်နေ၏။ တဖြေးဖြေးနှင့် ခဲပုတ်ရောင် ဖျော့ဖျော့ တိမ်တချို့က
အနားကွပ်ထားသလို၊ ယက်ဖောက်ထားသလိုဖြစ်လာခဲ့၏။
ဒုံသမိချောင်းကိုမူ
တောင်ကုန်း၏အနောက်ဖက်တွင် မြောက်မှတောင်သို့ စီးသွားနေသည်ကိုတွေ့ရ၏။ မျဉ်းဖြောင့်သဘောမဟုတ်ဘဲ
အတွန့်အကွေ့များနှင့် တောအုပ်ထဲခေါင်းထိုးဝင်သွားလိုက်၊ တောအုပ် ထဲက
ခေါင်းရမ်းပြီးထွက်လာလိုက်ရှိနေ၏။
တောင်ကုန်းပတ်လည်
တောအုပ်တောတန်းတွေဆီက အိပ်တန်းတက်ငှက်သံတွေဆူညံစွာ ကြားနေ ရ၏။ စိမ်းနု၊ စိမ်းပုတ်၊
စိမ်းဝါ၊ စိမ်းပြာ၊ စိမ်းရင့်၊ အစိမ်းရောင်ကွဲ အရောင်အသွေးအမျိုးမျိုးဖြစ်နေ သည့် မြေပြင်ကြီး မှာ
အပြာဖျော့ရောင်တောင်တန်းတွေထဲ ရောနှောပျော်ဝင်သွားနေ၏။ ထိုအချိန်အခိုက်အတန့်မှာပင်
“ကျောက်ဖျာရွာ” ဖက်ဆီက သေနတ်သံ ၄ ချက် ဆက်တိုက်ကြား လိုက်ရ၏။ တောထဲတွင်
ခပ်အုပ်အုပ် ထွက်လာသည့်အသံများပင် ဖြစ်သည်။ ငြိမ်းချမ်းမှုကို အံတုဖို့
ကြိုးစားလိုက်သည့် မရဏအသံများပင်ဖြစ်သည်။
၂။
ညအိပ်ခါနီးကြမှ ဘောသပြုရွာက
မောင်သိန်းနှင့်လူသုံးဦး တောင်ကုန်းပေါ်ရောက်လာကြ၏။
သူတို့ပုန်းအောင်းနေသည့်ဖက်သို့ န၀တစစ်သားများဦးတည်လာနေသည်ဟု သတင်းရသဖြင့်
ကျွန်တော်တို့ရှိရာသို့ လာရောက်ပူးပေါင်းလိုက်ကြခြင်းဖြစ်၏။
မောင်သိန်းနှင့်အတူပါလာကြသူ သုံးဦးစလုံး အသက်အရွယ်ကြီးရင့်ကြသူများချည်းဖြစ်လေသည်။
သူတို့တတွေရောက်လာမှ
တလိုင်းကရင်ရွာ၏ဒုက္ခများကို ပိုပြီးကြားလာရ၏။ မနေ့တုန်းက ဖားအံ မြို့နယ် အတွင်း
၁၉-၁၁-၉၂ ရက်မှ ၁၉-၂-၉၃ ရက်အထိ သုံးလအတွင်း ကျေးရွာ ကိုးရွာမှ ကွယ်လွန်သွားကြရ သည့်
လူ ၁၇ ဦး၏သတင်းကို ကျွန်တော်ကြားခဲ့ရသည်။ သတင်းများကို လိုက်လံရေးမှတ်နေစဉ်
ကျွန်တော့်နှလုံးသားများမှာ နာကျင်ကိုက်ခဲနေခဲ့ရ၏။ ထိုအထဲတွင် ဘောသပြု ရွာသား
လေးဦးပါရှိခဲ့လေ သည်။ ယခုအခါ န၀တစစ်တပ်ကိုကြောက်သဖြင့် ဘောသပြု ရွာသားအများစုမှာ
တောထဲသို့ပြေးဝင် ပုန်းနေကြရပြီ ဖြစ်လေသည်။
တောင်ကုန်းပေါ်တွင်
ကျွန်တော်တို့နှင့်အတူ စုစုပေါင်း လူကိုးဦးစုပြီး အိပ်ကြမည်ဖြစ်သည်။ ထိုအထဲတွင်
ဘောသပြုရွာသား ငါးဦးနှင့် ကျောက်ဖျာရွာသား နှစ်ဦးပါဝင်၏။ အိပ်ရာမ၀င်ခင်
ကင်းစောင့်သူကစောင့်နေစဉ် ကျန်သူများမှာ စကားဝိုင်းဖွဲ့ထိုင်နေခဲ့ကြ၏။
ကျေးရွာများပြောင်း ရွေ့ကြရသည့် ကိစ္စ၊ ကင်းကြေးချောကြေးပေးကြရသည့်ကိစ္စ၊
ကားမိုင်းဖိုး အတောင်းခံကြရသည့်ကိစ္စ၊ တောင်ယာနှင့် လယ်ယာများ
မလုပ်နိုင်ကြတော့သည့်ကိစ္စများကို ကျွန်တော်ကြားနေခဲ့ရ၏။ အမျိုးသမီးတချို့
အဓမ္မပြုကျင့် ခံကြရသည့်ကိစ္စကိုကြားရတော့ ကျွန်တော့်နှလုံးသားများမှာ ထုံကျင်
ကိုက်ခဲ့လာရတော့၏။
သည်ဒေသတ၀ိုက်တွင် နှစ်လမျှနေထိုင်ခဲ့စဉ်အတွင်း ဟိုရွာသည်ရွာမှ
အဓမ္မ ပြုကျင့်ခံရသူ အမျိုးသမီးများ၏ သတင်းကို ကျွန်တော်ကြားခဲ့ရ၏။ လူကိုယ်တိုင်တွေ့ပြီးမှ
သတင်မေးခွင့်ရသူမှာ သုံးဦးရှိ၏။ မျက်ရည်နှင့်သွေးများလိမ်းကျံလျက်ရှိသည့် ကြေကွဲဖွယ်ဇာတ်
လမ်းများမှာ တတောတတောင်လုံးသို့ တော မီးလိုပြန့်နှံ့လျက်ရှိလေသည်။
၃။
ရေဒီယိုလေးကိုဘေးတွင်ချကာ ခပ်တိုးတိုးဖွင့်ပြီး
နားထောင်နေစဉ် အမှတ်မထင်အိပ်ပျော်သွားခဲ့ပြီး အိပ်ရာ ကနိုးလာတော့ ရေဒီယိုလေးမှာ
တဂျစ်ဂျစ်အသံများမြည်လျက် ရှိနေ၏။ ရေဒီယိုမပိတ်ဘဲ အိပ်ပျော်သွား ခဲ့ခြင်းသာဖြစ်သည်။
လက်ကိုမြှောက်ကာ လရောင်တွင် နာရီကိုကြည့်တော့ ည ၁ နာရီ နီးပါးရှိနေပြီဖြစ် သည်။
လရောင်မှာ
သစ်ပင်ရိပ်လွတ်ရာနေရာတိုင်းအပေါ် ရေတံခွန်ကရေများသွန်ချသလို ခွန်နှင့်အားနှင့်
သာချင်း တိုင်း သာလျက် ရှိနေ၏။ လရောင်များ ကျွန်တော့်ခန္ဓာကိုယ်ပေါ် သွန်ကျနေသည်ကို ကြည့်ကာ
ကျွန်တော့် မှာ ကျေနပ်နေမိပြန်တော့သည်။
ကျွန်တော်က နေထွက်ခြင်းများကို စောင့်ကြည့်ခြင်း၊ လရောင်များကိုငေးကြည့်ခြင်းဖြင့် ကျွန်တော့ဘ၀ အလွမ်းအမောများကို ဤနည်းဖြင့် ဖြေသိမ့်နိုင်ဖို့ကြိုးစားခဲ့သူဖြစ်သည်။ ယခုလည်းဒုံသမိချောင်းဘေး တောင်ကုန်းတခုပေါ်တွင် လရောင်ကိုစောင့်ကြည့်ရင်း ကျွန်တော်ရောက်ရှိနေသည့် ပတ်ဝန်းကျင် ဒေသ ကရင်တိုင်းရင်းသားများ၏လောကငရဲဇာတ်လမ်းများအတွက် ဖြေသိမ့်နိုင်ဖို့ ကြိုးစားနေမိသည်။
ထိုစဉ်အခိုက်တွင် ဖလံတောင်ရွာသူ “မရေသူ”၏မျက်နှာကို ကျွန်တော်မေ့လို့မရ။ ရွာဦးကျောင်း၏ထုတ်တန်းတွင်ကြိုးတုပ်ပြီး ဇောက်ထိုးဆွဲကာ၊ ကြေးစည်ထုသည်ဟုဆိုပြီး စစ်ဖိနပ်နှင့် ပါး အရိုက်ခံရသည့် ဘုန်းတော်ကြီးတပါး၏ တုန် တုန်ရင်ရင်အသံများကို ကျွန်တော်ကြားလာခဲ့ရ၏။
ကျွန်တော်နှင့်မလှမ်းမကမ်းတွင်
ကရင်တိုင်းရင်းသား အမျိုးသားခုနစ်ဦးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် လျက်ရှိ၏။
ကျွန်တော်နှင့်ဝါးတရိုက်ခန့်အကွာ သစ်ပင်ပေါ်က ကင်းသမားဆီက ချောင်းဟန့်သံတချက်ကြား လိုက်ရ၏။
တောင်ကုန်းအောက်ဖက်ချိုင့်ထဲက ချေဟောက်သံကို အကြာကြီးကြားနေရ၏။
ဒုံသမိချောင်းတ၀ိုက် နီးစပ်ရာ တောထဲ၊
တောင်ထဲတွင် လူတကိုယ်စာအိပ်ရာငယ်များ နေရာအနှံ့ တွေ့ခဲ့ရ သည်ကိုတွေးမိကာ
ဘောသပြုရွာက ထွက်ပြေးတိမ်းရှောင်လာကြရသည့်ရွာသားများ ထိုသစ်ရွက်ခင်း အိပ်ရာများတွင်
ဝင်ရောက်အိပ်စက်နေကြမည်ကို ကျွန်တော်တွေးမိလာခဲ့၏။ သူတို့အထဲက အချို့သည်
ကျွန်တော့်လိုပင် လရောင်ကိုမော့ကြည့်ပြီး ဘ၀အလွမ်းအမောများကို
ဖြေသိမ့်နိုင်ဖို့ကြိုးစားနေကြလေမည် လား ကျွန်တော်မသိ။
လူဖြစ်လာပါလျက် လူ့ဥပဓိရုပ်များဆုံးရှုံးကာ
ကြက်များငှက်များလို တောတောင်အနှံ့ ဘာကြောင့်များ အခုလို ပုန်းအောင်အိပ်စက်နေကြရပါလိမ့်။
လရောင်မှာ ကျွန်တော်တို့၏ဘ၀နှင့်
တင့်တယ်လိုက်ဖက်ခြင်းမရှိနိုင်တော့။ လရောင်ကို ကျွန်တော် ချစ်သော်လည်း
ဘ၀၏အလွမ်းအမောများနှင့်ပေးပြီးမှ ၀ယ်လို့ရသည့် လရောင်ကို ကျွန်တော် မယူ ရဲအောင် ဖြစ်လာရ၏။
တကယ်တော့လည်း
ကျွန်တော်ဖတ်ဖူးခဲ့သည့်ကဗျာ တပုဒ်ထဲကလို လရောင်ကို ကျွန်တော်တို့တတွေ တကယ့်ကို
မျက်ရည်တွေ၊ သောကတွေနဲ့များ ၀ယ်ခဲ့မိကြလေရော့သလား။
မျက်လုံးများကို
ပိတ်ကာအိပ်ပျော်နိုင်ဘို့ကြိုးစားစဉ် ကျွန်တော်ဖတ်ဖူးခဲ့သည့် ကဗျာတပုဒ်ကို
သတိရနေပြန်တော့၏။
---------------------
အ၀ယ်တော်
----------------------------
ဆင်းရဲခြင်းကို
ရိုးသားမှုနဲ့ ၀ယ်လို့ရတယ်။
ချမ်းသာခြင်းကို
ကောက်ကျစ်စဉ်းလဲခြင်းနဲ့ ၀ယ်လို့ရတယ်။
သေဆုံးခြင်းကို
တန်ဖိုးရှိတဲ့ သုညနဲ့ဝယ်လို့ရတယ် ။
ပြီးတော့
တန်ဖိုးမရှိတဲ့ သုညနဲ့လည်း ၀ယ်လို့ရတယ်။
ဒါပေမဲ့
လမင်းကို
မျက်ရည်တွေ သောကတွေနဲ့
ခေတ်အဆက်ဆက်ကတည်းက
ဝယ်ခဲ့ရတာပေါ့။ ။
---------------------
အ၀ယ်တော်
----------------------------
ဆင်းရဲခြင်းကို
ရိုးသားမှုနဲ့ ၀ယ်လို့ရတယ်။
ချမ်းသာခြင်းကို
ကောက်ကျစ်စဉ်းလဲခြင်းနဲ့ ၀ယ်လို့ရတယ်။
သေဆုံးခြင်းကို
တန်ဖိုးရှိတဲ့ သုညနဲ့ဝယ်လို့ရတယ် ။
ပြီးတော့
တန်ဖိုးမရှိတဲ့ သုညနဲ့လည်း ၀ယ်လို့ရတယ်။
ဒါပေမဲ့
လမင်းကို
မျက်ရည်တွေ သောကတွေနဲ့
ခေတ်အဆက်ဆက်ကတည်းက
ဝယ်ခဲ့ရတာပေါ့။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
(၁၉၉၄ ဇူလိုင်လထုတ် - မဟေသီမဂ္ဂဇင်းမှ လှိုင်းထက်၏ “အ၀ယ်တော်” ကဗျာ)
(၁၉၉၄ ဇူလိုင်လထုတ် - မဟေသီမဂ္ဂဇင်းမှ လှိုင်းထက်၏ “အ၀ယ်တော်” ကဗျာ)
Comments
Post a Comment