သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းမိုးစွေ၊ သျှင်မျိုးငယ်၊ ၀ါကျဖြူတို့ရဲ့ကဗျာများ

ချိန်းတဲ့ည 
 
www.tate.org.uk

တညလုံး မအိပ်ခဲ့လို့
မပျော်ခဲ့သလို
မပျော်တော့ဘူး။

မဖြစ် ဖြစ်တဲ့နည်းနဲ့
ထွက်လာခဲ့မယ်ဆိုလို့
ခွေးဟောင်တိုင်း
ကျိန်းစပ်နေတဲ့မျက်လုံးတွေနဲ့
ထိုင်ရာက ထထကြည့်မိ။

ထိုင်လိုက် ထလိုက်နဲ့
သွေးပူလေ့ကျင့်ခန်းတွေနဲ့
တွေးပူမိပေါ့။

လမ်းကြားလေးထဲက
ထွက်လာတဲ့ပန်းရနံ့
သူ့အရေးအသား မသိတော့
မွှေးမြနေတာကိုက ခြောက်ခြားဖွယ်ကောင်းလှပါတယ်။

မသာလည်း မ`တ´တော့ဘူး။
"မလာမချင်း
ဆက်ဆက်စောင့်နေနော်"
ဆိုတဲ့စကား
ဟိုဘက်နားကဝင် ဒီဘက်နားက
ပိတ်ထားတဲ့တံခါး
ဖွင့်ချလိုက်ပါပြီ။

နေဝင်ချိန်ကြည့်ပြီး သံဝေဂရသလို
နေထွက်ချိန်ကြည့်ပြီး နောင်တရပါပြီ။

နေထွက်ရာ မျက်နှာမူ
လက်နှစ်ဖက်ကို ဆန့်တန်းလို့
အမောင် တောင်မှန်း မြောက်မှန်း သိပါပြီ။

လင်းမိုးစွေ
၁၂.၁.၂၀၁၆


ကျမရဲ့ ရင်ခုန်သံတွေဟာ အမှားလား
pictify.saatchigallery.com
  ကျမကိုယ်ကျမ ရင့်မှည့်လာပြီလို့ သတ်မှတ်ပြီးကတည်းက
ကျမကိုယ်ကျမ ဈေးတင်ရောင်းခဲ့ရတာပေါ့ရှင်...
ရှင် ဘဝင်မကျဘူးမဟုတ်လား
ကျမဘဝဟာ တဘဝလုံးစာ မျက်ရည်တွေနဲ့ပေါ့
အခုတော့ ....ရယ်မောတတ်ခဲ့ပါပြီလေ။

ကျမလား
အို....သိပ်ချစ်တတ်တာပေါ့ရှင်
နှလုံးသားဟာ ကွဲကြေစရာအပိုင်းအစရှာမတွေ့နိုင်တဲ့အထိ
မွမွကြေလို့....ရှင့်ကို သိပ်ချစ်ခဲ့ရတာလေ.....
ရှင့်စကားတွေက ကျမကိုနာကျင်စေခဲ့တာ ဆတ်ဆတ်ခါလို့
"မိန်းမပျက်" တဲ့
မိန်းမပျက်မှာလည်း နှလုံးသားနဲ့ပါ ရှင်ရယ်
သိပ်ချစ်တတ်ပါတယ် ဆိုတာ
ကျမ ပြောခွင့်မရလိုက်တဲ့စကားတွေပေါ့ရှင်။

အချစ်ဟာ လိင်လား
လိင်ဟာ အချစ်လား
အချစ်ဟာ ငွေလား လိင်လား
ငွေနဲ့ အချစ်ကို လိမ်ညာနေကြတဲ့ပတ်ဝန်းကျင်မှာ
ကျမအချစ်ဟာ အချစ်စစ်စစ်ပဲဖြစ်တယ်
လိင်မှုဗေဒမဟုတ်ဘူး
ငွေသားမျက်နှာမဟုတ်ဘူး
အချစ်ဆိုတာ ချစ်နေဖို့သာ လိုအပ်တယ်လို့ ကျမထင်တယ်
ရှင့်ကို ကျမ သိပ်ချစ်ပါတယ်။

ကျမကို ရှင် ပြန်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ
ကျမ ရှင့်ကို ချစ်တယ်
မိန်းမပျက်တယောက်ရဲ့ရင်ခုန်သံတွေဟာ အမှားလား
ကျမရဲ့ရင်ခုန်သံတွေဟာ အမှားလား ရှင်
ဘဝမှာ ပက်လက်မျောဖို့ တံတွေးကွက်တွေ များတယ်
ဘဝမှာ မြေနိမ့်ရာမှာ စိုက်မယ့်လှံတွေ များတယ်
ဘဝမှာ ရေနစ်သူကို ကူထိုးမယ့်ဝါးတွေ များတယ်
ကျမလေ ကျမဘဝရဲ့အရှင်သခင်အဖြစ်
ရှင့်ကိုသတ်မှတ်ထားလိုက်တယ်....
ရှင်ဟာ ကျမဘဝကို ကာကွယ်ပေးထားခဲ့တယ်ပေါ့လေ
အဲဒီစိတ်ကူးတွေက မှားနေတယ်ဆိုလည်း မှားတယ်ပေါ့ရှင်။

ကျမ ပျော်တယ်လို့ ရှင် ထင်သလား
ကျမမှာ ဘယ်တုန်းကမှ ရွေးချယ်ခွင့်ဆိုတာ မရှိခဲ့ပါဘူး
ကျမကိုသာ ရွေးချယ်သွားကြတာ
အဆီတရွှဲရွှဲနဲ့ အာသာငမ်းငမ်းတက်လို့ ရွေးချယ်ကြရဲ့...
ကျမလေ
ရှင့်ကို သိပ်ချစ်တယ်
ဒါဟာ ကျမရဲ့ကိုယ်ပိုင်ရွေးချယ်မှုတစ်ခုပဲဖြစ်တယ်
ရှင်သိလား မသိဘူးလား ကျမ မသိဘူး
ကျမ ရှင့်ကိုချစ်တာ ကျမသိတယ် 
ကျမကို ရွေးချယ်ခွင့်ကလေး ပေးပါရှင်....
အဲဒီ ရင်ခုန်သံတွေဟာ မှားသလား ရှင်ရယ်
ကျမရဲ့ရင်ခုန်သံတွေဟာ အမှားလား 
မိန်းမပျက်တယောက်ရဲ့ ရင်ခုန်သံတွေဟာ အမှားလားရှင်။

ကျမကိုယ်ကျမ ရင့်မှည့်လာပြီလို့ သတ်မှတ်လိုက်တယ်
ကျမကိုယ်ကျမ ဈေးတင်ရောင်းခဲ့ရတာပေါ့ ရှင်
ကျမရဲ့ ရင်ခုန်သံတွေဟာ အမှားလား.....။ ။
                                                             
သျှင်မျိုးငယ်



လမ်းမတွေပေါ်မှာကြယ်တွေရှိ နေသေးလား စာရွက်ဖြူတွေအိပ်ရေးဝပြီးလန်းဆန်းနေပြီလား 
 
www.pinterest.com

အချိန်တွေဟာ ဘယ်တော့ဖြစ်ဖြစ် သွားပြီးတဲ့နေရာကိုပြန်ရောက်နေကြတာပဲ နံရံတချပ်ပေါ်ကနာရီတွေကို ပိတ်ဖြူနဲ့အုပ်ပစ်လိုက်ပါတော့။ 

သံချေးကိုက်ထားတဲ့နိုင်ငံတော် တဂျစ်ဂျစ်အံကြိတ်သံတို့နဲ့အတူ
ပွင့်အာလာတဲ့ပွင့်ဖတ်နရီသံဟာ မြို့ကိုဆွဲလှုပ်တယ် ။

ပြင်းပြတဲ့ကြက်သီးမွှေးညှင်းတွေ နာရီတလုံးရဲ့စက်ထဲမှာပြည့်ညှပ်နေတယ်
ရေအိမ်ထဲမှာဆွဲချလို့မရနိုင်တဲ့အညစ်အကြေးတွေဟာငါးမျှားချိတ်တွေနဲ့ ။

အိပ်ရာတခုထဲ စောင်ခြုံပြီးအိပ်မက်တွေမစီးဝင်နိုင်ဘူး
လမ်းမပေါ်ကအမှိုက်သိမ်းကားရဲ့ခေါင်းလောင်းသံကို
အိပ်မက်တွေဘာကြောင့်မှန်းမသိ ကြောက်နေမိသလိုမျိုး။

မနက်ဖန်ကို
ဒီကနေ့ရဲ့ပရောဂကင်းကင်းနဲ့
မျောလိုက်နေတဲ့ကားတွေကိုကျော်ဖြတ်ပြီး
မိုးကုတ်စက်ဝိုင်းကြီးရဲ့နယ်စည်းမဲ့အသက်ရှူခွင့်တွေကိုစောင့်ရင်းနဲ့ပေါ့ ။ 


ဝါကျဖြူ
30.06.2016

Comments