သစ်ခက်သံလွင် ၀တ္ထုတို- ကိုရွှေရင်အေး၏ မိုးတိမ်နဲ့တူသော ပိုးဟပ်များ



မိုးတိမ်နဲ့တူသော ပိုးဟပ်များ

ကိုရွှေရင်အေး



 “ ဟုတ်တယ် .. ဒါ……..အမေရိကန်စာရေးဆရာ မာဂရက်မစ်ချယ်ရေးတဲ့  …ဝတ္ထုထဲက ဇာတ်ကောင်တကောင်ရဲ့အမည်ပဲလေ.. . သူ့အကြောင်းတော့ ခင်ဗျားသိနေလောက်တယ်မဟုတ်လား… အဲဒီ့စက်လှေကြီးပေါ်မှာလိုက်ရင် အဲဒီ့ဇာတ်ကောင်ရဲ့စရိုက်လို အနည်းဆုံးကျင့်ကြံနေထိုင်တတ်သူတွေ ချည်းပါဆိုတဲ့နိမိတ်ပေါ့… အထဲမှာဘဝတူတွေ ကျပ်ညှပ်နေလိမ့်မယ်.. နေရာလုတာတွေ ရှိမယ်… အစာငတ်ရေငတ်ဖြစ်ချင်ဖြစ်မယ်… ခင်ဗျားအတ္တကိုရှေ့တန်းတင်ပြိး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေတော့…”


ဒေါင် … ဒေါင် … ဒေါင် … ဒေါင် … ဒေါင်


တုန်ခါငြိမ့်ညောင်းနာရီမောင်းသံသည် ပင်လယ်ကမ်းခြေလေးကို စီးနင်းလိုက်ပါလာပြီး ကျနော့် နားစည်ကို ရိုက်ခတ်သွားခဲ့သည်။ ပြီးနောက် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ 

တလိပ်လိပ်တက်လာနေသော ဒီလှိုင်းများကြောင့် မညီမညာဖြစ်နေသော ပင်လယ်ရေမျက်နှာ ပြင်ကြီး၏ အဆုံးသည် မျဉ်းဖြောင့်တကြောင်းကဲ့သို့ရှိ၏။ မိုးကုပ်စက်ဝိုင်းကြီးသည် ထိုမျဉ်းဖြောင့် နောက်သို့ ထိုး ဆင်းပျောက်ကွယ်သွားသည်။ ပင်လယ်ဇင်ယော်ငှက်များသည် ရေမျက်နှာပေါ်တွင် ဟိုမှသည်မှ ပျံသန်းနေ ကြသည်။  တကောင်သည် ပင်လယ်ဒီလှိုင်းများ၏ကြား ရုတ်တရက် ရှပ်တိုက်ပြေးဆင်းလာပြီး ငါးလေး တကောင်အားဖမ်းကာ ဝေဟင်ထဲသို့ ပျံတက်လာချေသေး။

လေကလည်း ခပ်ပြင်းပြင်း တ၀ူးဝူးတိုက်ခတ်နေပြန်သေးသည်။ 

လွန်ခဲ့သောအနှစ် ၂၀ ခန့်ကမူ ကျနော်၏ရင်ဘတ်ကြီးသည်လည်း ဤပင်လယ်ကြီးကဲ့သို့ အစဉ်အမြဲ လှိုင်းထနေခဲ့ဖူးသည်။ သို့သော် ယခုမူ ကမ်းခြေကျောက်တလင်းပြင်ကြီးကဲ့သို့ အေးစက်မာကြောခဲ့ချေ ပြီတည်း။

ပင်လယ်ကြီးကိုကျောခိုင်းလျက် လက်နှစ်ဖက်ကိုဘေးသို့ဆန့်တန်းကြည့်ပါလျှင် မျက်နှာမူရာအရပ်၌ အစိမ်းရင့်ရင့်ညစ်ထပ်ထပ်တောင်တန်းကြီးများ၊ ထိုတောင်တန်းကြီးများ၏ခြေရင်းတွင် ဥယျာဉ်များဖြင့် ၀ိုင်းပတ်ဖွဲ့စည်းထားသော ရွာကလေးတရွာရှိနေပြီး ထိုရွာကလေး၌ ရေမြောကမ်းတင်ပိုးဟပ် တကောင် ဖြစ်သော ကျနော်နေပါသည်။ လက်ကျာဘက်တွင်အုန်းတောကြီးများနှင့် သဲဖွေးဖွေး ကမ်းခြေ ကိုမြင် နေရသည်။ လက်ဝဲဘက်အဝေးတနေရာ၌ မော့ကြည့်၇လောက်အောင်မြင့်သော ကုန်းမြင့်ပေါ် တွင် စေတီလေးတဆူရှိသည်။ ကျောက်တုံးကျေက်ဆိုင်များလည်းရှိသည်။ 

ခပ်လှမ်းလှမ်းအရပ်ရှိစိုက်ခင်းများမှ ပိုးဟပ်ယာသူမများ၏ယာစိုက်ရင်းဆိုသောယာစိုက်တေးသံများက တပြန့်ပြန့်တလွင့်လွင့်။

ငါ့မှာ …ပန်းတပွင့်ရှိသောအခါ …မိုးရွာဖို့ရာ မလိုသေးပါ။

ငါ့မှာ …ပန်းနှစ်ပွင့်ရှိသောအခါ ….မိုးရေလိုသည် …. မိုးမရွာ….သုံးပွင့်ပန်းများပွင့်သောအခါ မိုးရွာပါသည် တနေရာ ….ပန်းတွေအများကြီးရှိသောအခါ ….ငါတို့မိုးကိုရှာ ….

ဤလွမ်းမောဖွယ်ကောင်းသောပင်လယက်ကြီးသည် ကျနော်တို့ကမ်းခြေရွာကလေး၏ ၀င်ပေါက်ဝင်း တံခါးဖြစ်သလို  တခါတရံကျပြန်တော့လည်း ထွက်ပေါက်ဝင်းတံခါးလည်း ဖြစ်သည်။ 

ဤမှဘက်ကမ်းမှ ထွက်ခွာလိုကြသော ပိုးဟပ်များရှိသလို တခြားတဖက်ကမ်းမှ ပြန်ဝင်လာကြသော ပိုးဟပ်များကိုလည်း မကြာခဏတွေ့မြင်ရသည်။

ဤအရပ်၌ပန်းပင်ငယ်ကလေးများကို သားသမီးများနှင့်ခိုင်းနှိုင်းတင်စားရပါမူ မိုးတိမ်ကြီးများက သူတို့ ၏မိဘများဖြစ်ကြသည်ဟု ဆိုကြသည်။ ပန်းပင်ငယ်ကလေးများ ကြီးထွားရှင်သန်ရန်အတွက် မိုးတိမ်ကြီး များက ရေဖြစ်ပေးရသည်။ ပန်းပင်ငယ်ကလေးများလိုအပ်သသောအချိန်တွင် မိုးရွာပေးနိုင်သော မိုးတိမ်ကြီးများကို “ အခန့်သင့်မိုးတိမ်” ဟု ခေါ်တတ်ကြသလိုပိုးဟပ်လောကကတွင် သားသမီးများကို အဆင့်အတန်းမြင့်မြင့်နေထိုင်စားသောက်နိုင်စေရန် စွမ်းဆောင်နိုင်သော ပိုးဟပ်အမိ အဖများကိုသူတို့က “အခါသင့်မိုးတိမ်ကြီး”ဟု တင်စားခေါ်ဝေါ်တတ်ကြလေသည်။

တနည်းအားဖြင့် ပိုးဟပ်အဖွဲ့အစည်းကြီးမှပေးသော ဘွဲ့ထူးတခုခုဟုဆိုလျှင် ရလေမည်လား။

ပင်လယ်တဖက်မှပြန်လာသောမိုးတိမ်များသည် ကျနော်တို့ရပ်ဝန်း၌ လိုအပ်သောမိုးရေကို ပေးစွမ်းနိုင်သဖြင့် သဘောကျလေသည်။

ထို့ကြောင့်အခါသင့်မိုးတိမ်ဖြစ်ချင်သောပိုးဟပ်များသည် ပင်လယ်မှတဖက်ကမ်းသို့ဖြတ်ရန် ရောက်လာ တတ်ပြီး နည်းအမျိုးမျိုးသုံးကာ ပင်လယ်ကြီး၏တဖက်ကမ်းသို့ ထွက်ခွာသွားတတ်ကြသလို ထွက်ခွာ သွားတတ်ကြသလို တနေ့နေ့ တချိန်ချိန်၌ ၀တုတ်ဆူဖြိုးကာအရောက်ပြန်လာတတ်ကြသည်။ 

အမှန်စစ်စစ်အားဖြင့် ကျနော်တို့နေထိုင်ရာ ရှုမောဖွယ်ကောင်းသော ပင်လယ်ကြီး၏ ဤမှာဖက်ကမ်း ရပ်ဝန်း၌ ပိုးဟပ်ယာသူမများ သီဆိုတတ်ကြသော ယာစိုက်တေးသံများထဲကအတိုင်း မိုးခေါင်နေခဲ့ သည်မှာ ကြာခဲ့ပါပြီ။

“ပန်းတွေအများကြီးရှိသောအခါ …. ငါတို့မိုးကိုရှာ …..”

…………………………………….

တနေ့ နေ့လည်ခင်းလောက်တွင် ပိန်လှီသေးကွေးသောပိုးဟပ်ဖြူတကောင်သည် ကမ်းခြေသဲသောင်ပေါ်၌ လူးလားခေါက်တုံ့ ပြေားလွှားနေသည်။ သူ တစုံတရာကိုရှာဖွေနေဟန်ရှိသည်။ သူ့ခန္ဓာကိုယ်ကြီးမှာ ပိုးဟပ်တို့၏ထုံးစံအတိုင်း ခါးဆစ်မှရှည်ထွက်လာလိုက် ပြန်ပုဝင်သွားလိုက်နှင့် တခါတရံ အတောင်ပံများ ကိုဖြန့်လျက်ပျံပြေးသွားလိုက်ရှိချေသည်။ လမ်း၌တွေ့ရသော ( ဤသောင်ပြင်သို့ အလည်အပတ်ရောက်လာ ကြသော) ဧည့်သည်ပိုးဟပ်တကောင်စ နှစ်ကောင်စတို့၌မေးမြန်းစုံစမ်းသော အမှုကို ပြုနေသည် ကိုတွေ့ရသည်။ ပသို့နှယ်မေးမြန်းစုံစမ်းသော်လည်း သူလိုချင်သောအဖြေကို ရပုံမရ။ ခေါင်းခါပြသူများကို သာ တွေ့ရသည်။

ထိုအချိန် အဝေးဆီမှ လွင့်ပျံလာသော “တဒေါင်ဒေါင်”နာရီမောင်းသံပေါ်ထွက်လာသည်။ ပိုးဟပ်ဖြူရပ်ပြီး ၎င်းနာရီသံကို နားစွင့်နေသည်။ ပြီးသော် သူ့မှာ ဇောချွေးများပြန်လာချေသည်။

ကျနော်သည် နာရီနှင့်ပင်လယ်ကမ်းခြေသို့ရောက်လာသောဒုက္ခသည်များကို အမြင်မတော်သည့်အခါတိုင်း မနေနိုင်ဘဲရှိရကား ပင်လယ်လေတ၀ူးဝူးကြားကပင် ပိုးဟပ်ဖြူကြီးဆီသို့ ရောက်ခဲ့သည်။ 

“နောင်ကြီး …ဘာရှာနေတာလဲဗျာ …”
သူကျနော့်ကိုခဏတာ မော့ကြည့်ပြီး
“ မင်္ဂလာပါဗျာ …ဟို …အဲ …. ဟိုးဖက်ကမ်းကိုကူးလို့ရမယ့် နည်းလမ်းကလေးများရှိရင် လမ်းညွှန်ပေးနိုင်ရင် ပေးပါလားဗျာ”

ကျနော်သူ့ကို အသေအချာအကဲခတ်ကြည့်သည်။ 

သူ၏အမူအရာဟန်ပန်မှာ ရှေးရိုးစဉ်လာပိုးဟပ်တို့၏အမူအရာနှင့်တူလှသည်။ ပိုးဟပ်ရိုးတကောင်ဖြစ်သဖြင့် ကိုယ်ချင်းစာနာကာ အတတ်နိုင်ဆုံး ကူညီရန် ဆုံးဖြတ်လိုက်မိသည်။

“ ဒီတညတော့ ခင်ဗျားရဲ့အချိန်တွေကိုရပ်လိုက်ပြီး …ဟော ဟိုမှာ မြင်နေရတဲ့ ရွာကလေးမှာရှိတဲ့ …. ကျုပ်အိမ်ကလေးဆီ လိုက်ခဲ့ပြီး အားမွေးလိုက်ပါဗျာ… မနက်ဖန်ဟာ ခင်ဗျားအတွက် မင်္ဂလာရှိသော နေ့သစ်ဖြစ်ပါလိမ့်မယ်….”

သူ ခေတ္တခဏစဉ်းစားပြီး ကျနော့်ကိုယုံကြည်သွားသည်ပဲလား …သို့မဟုတ် မထူးဇာတ်ခင်းသည်ပဲလား မပြောတတ်၊ ခေါင်းညိတ်ပြသဖြင့် အိမ်ကလေးရှိရာသို့ နှစ်ယောက်သား ထွက်လာခဲ့သည်။

………………………………………..


ပိုးဟပ်တို့၏စရိုက်လက္ခဏာများသည် သူတို့မှီခိုနေထိုင်ရာစာအုပ်ပုံကြီးနှင့် သက်ဆိုင်၏။ အတွေးအခေါ်၊ အမြော်အမြင်၊ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားများကိုစာအုပ်များက ပြဋ္ဌာန်းပေးသည်။ 

လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ခန့်က သူနေထိုင်ခဲ့သော စာအုပ်ပုံကြီးမှာ ကျနော်နေထိုင်ခဲ့သော စအုပ်ဘီရိုကြီးနျင့်ဘာမျှမခြားသည်ကို သူ၏နှုတ်အမူအရာ ဟန်ပန်တို့ကိုကြည့်ရုံဖြင် သိနေသည်။

          သူက သူ့အကြောင်းကို ကျနော်နားလည်ရုံမျှ အကျဉ်းချုပ်ပြောပြသည်။ 

“ကျနော့်မှာ ဉာဏ်ရည်ထက်မြက်ပြီး ဖျတ်လတ်သွက်လက်တဲ့ ကလေးငါးကောင်ရှိပါတယ်။ ကျနော်သူတို့ကို အဆင်မြင့်ပိုးဟပ်ပညာသင်ကျောင်းများမှာ ပညာသင်ပေးနိုင်လောက်အောင် ၀င်ငွေမရှိဘူးဗျာ ပိုးဟပ်အဖွဲ့ အစည်းကပေမယ့် ကူညီမှုတွေကလည်း စည်းမျဉ်းတွေ ကန့်သတ်ချက်တွေများလွန်းတော့ ကလေးတွေ အတွက် ဘောင်မ၀င်နိုင်ဘူးဗျာ ဆိုပါတော့ သားသမီးခြောက်ယောက်ထက်များပြီး အမေ(သို့မဟုတ်) အဖေ မရှိသူဖြစ်ရမယ်တို့ဘာတို့ပေါ့ဗျာ ဥပမာတွေ စည်းမျဉ်းတွေ၊ ဘောင်တွေဆိုတာလည်း ဘယ်တုန်းကပြည်စုံ တယ်ဆိုတာ ရှိခဲ့လို့လဲ … ဒီတော့ ကျနော်ကိုယ်တိုင် ကြိုးစားရမှာပဲ မဟုတ်ာလား …သူတို့ကို ပိုးဟပ်ညွှန့်မတုန်းစေချင်ဘူး… ဒါကြောင့် ကျနော့်နေခဲ့တဲ့ အရပ်ကိုစွန့်ခွာပြီး လာခဲ့ရတာပါ။ သူတို့ကလေးတွေအရွယ်မလွန်ခင် လိုအပ်တဲ့ပညာသင်နိုင်ဖို့ရာ ကြီးမြင့်တဲ့စရိတ်စကတွေကို ကျနော် အချိန် မီ ရှာပေးရတော့မယ်လေ .. ကျနော်အခါသင့်မိုးတိမ်ကြီးဖြစ်ချင်တယ်ဗျာ… ဒီရောက်တော့လည်း ဟိုဖက် ကမ်းကိုကူးဖို့ရာ အဆက်အသွယ်မရဘူးဖြစ်နေတာကြာပေါ့။ ကျနော်ဟာ ညံ့ကို ညံ့လွန်းပါတယ်ဗျာ …”


          သူသည် အဖွဲ့အစည်းကြီးကို စိတ်ပျက်လက်ပျက်ရှိလှပြီး သူ့ကိုယ်သူလည်း အလိုမကျဖြစ်နေပုံရသည်။ 

          သူ၏”ကျနော်ဟာ ညံ့ကိုညံ့လွန်းပါတယ်ဗျာ” ဟုဆိုသောစကားမှာကျနော့်ရင်ဘတ်ထဲသို့ တိုက်ရိုက်ကျရောက်ခဲ့သော ခဲတလုံးပါပေ။ မှန်ပါသည်။ ကျနော်လည်း သူ့လိုညံ့ခဲ့ပါသေးသည်။ သို့သော် ဘာကြောင့် ညံ့ခဲ့ရသည်ကို ဘ၀နှင့်ရင်းပြီးအခါမှ  သိခဲ့ရသည်လေ…။

          သူ့အား ကူညီရန်နည်းလမ်းများ အကြံဉာဏ်များ ရှိသင့်သလောက်ရှိပါ၏။ သို့တိုင် နှုတ်ဖျားမှထုတ်ပြောရန်မှာ မဝံ့မရဲရှိလှသည်။

          ကျနော်တို့နှစ်ယောက် ခေတ္တမျှ တွေဝေနေကြပြီး ပင်လယ်ကြီးဆီသို့ ငေးမောနေမိကြသည်။ ပိုးဟပ်တို့၏ပိုးဟပ်မှုဘ၀များသည် အဘယ်ကြောင့် ပင်လယ်၏တဖက်တွင်တမျိုး ဒီမှာဖက်တွင် တမျိုး ဖြစ်နေရသနည်း။ ပင်လယ်သည် လှိုင်းခေါင်းဖြူများဖြင့် ကျနော်တို့အား ချိန်းခြောက်နေသဏ္ဍန် ရှိသည်။ ပိုးဟပ်တကောင်နှင့်စာလျှင် ပင်လယ်သည် ဘီလျံသန်းအဆပေါင်းများစွာ ကျယ်ဝန်းလှပါ၏။ ပိုးဟပ်တကောင်ပင်လယ်ထဲဝယ်နစ်မြှုပ်ပျက်စီးသွားခဲ့သော် … ။ ပင်လယ်ကတော့ အပြုံးအရယ်ပျက်မည် မဟုတ်။ 

“ ဒီမယ် မိတ်ဆွေ.. ဟိုဖက်ကမ်းကိုရောက်အောင် သွားနိုင်မှ ခင်ဗျားမျှော်လင့်ချက်တွေ အောင်မြင်မယ်လို့ အပြီးသတ်ယုံကြည်ထားပါသလား”  

          “တခြားနည်းလမ်းမှ မရှိတော့တာဗျာ”

          “ ကိုင်း ဒါဖြင့် ခင်ဗျားကို ဟောဒီ့သဲပြင်မှာ အောက်ပါတိုက်ရိုက်အချိုးတခုကို ကျနော်ရေးပြမယ် …”
          ရပ်နေရာမှ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သဲပြင်ပေါ်မှာ အောက်ပါတိုက်ရိုက်အချိုးတခုကို စာဖြင့်ရေးပြလိုက်သည်။

          ရည်မှန်းချက်များ တိုးတက်အောင်မြင်မှု လှပသောကိုယ်ကျင့်တရားများပဲ့ကြွေမှု
          “အဲဒါ.. ကျနော့်ရဲ့ရှာဖွေတွေ့ရှိမှုပဲ …”

          ပိုးဟပ်ဖြူ ပခုံးတဖက် တွန့်သွား၏။

          “ အနည်းဆုံးတော့ မိတ်ဆွေရဲ့ကိုယ်ချင်းစာနာစိတ်၊ ညှာတာထောက်ထားစိတ်၊ မျှမျှတတဆောင်ရွက်လိုစိတ် စည်းကမ်းသေ၀ပ်လိုတဲ့စိတ်တွေ ဒီဖက်ကမ်းသောင်ပေါ်မှာ စတေးပစ်ခဲ့ရလိမ့်မယ် … ဘယ်လိုလဲ..”

          ပိုးဟပ်ဖြူအသံထွက်လာသည်။
“အဲဒါတွေ မစတေးရင် မဖြစ်ဘူးလားဗျ”

“ အင်း … ခင်ဗျားကို ကျနော့်အကြောင်း နည်းနည်းတော့ ပြောပြရတော့မှာပဲ…”        

လွန်ခဲ့သော အနှစ် ၂၀ခန့်က ကျနော်လည်း ပိုးဟပ်ဖြူကြီးကဲ့သို့ ပင်လယ်ကြီး၏တဖက်ကမ်းသို့ သွားရန် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသည်။ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ရခဲ့ပြီးနောက် ခရီးကြန့်ကြာခဲ့ရ သည်။ အထူးသဖြင့် ကျနော်မလုပ်နိုင်ခဲ့သည်မှာ ရိုးရိုးကျင့် မြင့်မြင့်ကြံသော စာရိတ္တမဏ္ဍိုင်ကို မစွန့်လွှတ်နိုင် ခဲ့ခြင်းပါပေ။ ထိုအချိန်တွင် နေရပ်မှာကျန်ခဲ့သည့် ကျနော့်၏ဇနီးသည်သည် သူ၏သား သမီးများကို အချိန် မီပြုစုပျိုးထောင်ရန် အခွင့်အလမ်းတခု ရခဲ့လေသည်။ ထိုအခွင့်အလမ်းသည် ကျနော်ကိုမရှိတော့သည့် အလားသတ်မှတ်၍ ပင်လယ်တဖက်ကမ်းမှ ပြန်လာသော ဆူဖြိုးဖြိုးငနဲတကောင်နှင့် နောက်အိမ်ထောင်ပြု လိုက်ရခြင်းပင်…။

ထိုအချိန်ကပင်စတင်၍ ကျနော်ဤပင်လယ်ကမ်းခြေရွာကလေး၌ သောင်တင်သလို တင်နေခဲ့ရ သည်လေ…။ “”
  စိတ်ကူးယဉ်တာထက် လက်တွေ့ကပိုခက်လိမ့်မယ်ဗျ ..”

“မတတ်နိုင်ဘူး..ထွက်မယ်ဗျာ၊ အမြန်ဆုံးနည်းသာလမ်းညွန်ပါတော့..”

အတန်ကြာစဉ်းစားပြီးမှ ပေါ်လာသောဆုံးဖြတ်ချက်ဖြစ်၏။ သူ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီးပြီလေ။ ကျနော့်ဖက်ကသာ ကူညီမယ်ဆိုလျှင် …။

“ ဒေါင် …ဒေါင်…. ဒေါင် ….ဒေါင် ”

နာရီမောင်းသံကိုကြားကြရပြန်သည်။ ဤနာရီမောင်းသည် ကျနော်တို့ကြားခဲ့ရသောနာရီမောင်းသံ မဟုတ်။ သံတူကြောင်းကွဲနာရီသံ၊ ကျနော်နှင့် ပိုးဟပ်ဖြူတို့၏စိတ်ခံစားချက်မျာိးကု ဘယ်အထိမျှားယူခေါ်ဆောင်သွားလေမလဲ…။

………………………………..


နောက်တနေ့မနက်တွင် ပိုးဟပ်ဖြူအား ကျနော်သိသောပင်လယ်ထွက်ပေါက်နေရာသို့ ပို့ရန် ထွက်ခွာလာခဲ့ကြသည်။ ကမ်းခြေတွင် ကျမ်းစာအုပ်ကြီးများနှင့်တူသော စက်လှေကြီးများရှိရာအရပ် သို့ ရောက်လာကြသည်။ ပိုးဟပ်ဖြူက စက်လှေကြီး၏ဦးခေါင်းအဖျားဘေး၌ ရေးထားသော စက်လှေနာမည်များကို အသံထွက်ဖတ်ရှုရင်း လိုက်ပါလောလေသည်။

“ရိုးရိုးကျင့် မြင့်မြင့်ကြံ ..တဲ့။ ရိုးသားမှု ဂုဏ် စားမကုန်တဲ့… ဟုတ်ပြီဗျို့… ဟုတ်ပြီဗျို့…. အဲဒီ့စက်လှေကြီးနဲ့ ကျနော်လိုက်မယ်ဗျာ”

အတော်သနားစရာကောင်းသော ပိုးဟပ်ဖြူပါပေ။ ကျနော်ခေါင်းကိုဖြည်းလေးစွာခါပစ်လိုက်သည်။
“မရဘူးလား”

“ဟုတ်တယ်.. ဒီစက်လှေတွေက ကမ်းရိုးတန်းသွားစက်လှေတွေမို့ ဟိုဖက်ကမ်းကိုမရောက်ဘူးဗျ…”

သူ စိတ်ပျက်သွား၏။ ထိုစက်လှေများကိုကျော်ဖြတ်ခဲ့ပြီး ပိုမိုချောင်ကျလှသေဆိပ်ကမ်းတနေရာသို့ အရောက် စက်လှေကြီးတစီးကိုထပ်တွေ့လိုက်ကြရသည်။

ကျနော်ထိုစက်လှေကြီးကို ပိုးဟပ်ဖြူအားလက်ညှိုးထိုးပြပြီး “ ခင်ဗျားလိုက်ရမယ့် စက်လှေဟာ အဲဒါကြီးပဲ” ဟု ပြောပြလိုက်သည်။

ပိုးဟပ်ဖြူက စက်လှေအမည်ကို ဖတ်ကြည့်သည်။
“ ရော့ဘတ်တလာ .. ရောဘတ်တ …လာ.. ဒါ…”

ပိုးဟပ်ဆိုသောသတ္တဝါများသည် စာအုပ်ပုံကြီးများထံတွင် ကျင်လည်ခဲ့ဖူးသူများဖြစ်ကြပေရာ ထိုနာမည်ကိုမသိသူရှားပေလိမ့်မည်။

“ ဟုတ်တယ် .. ဒါ……..အမေရိကန်စာရေးဆရာ မာဂရက်မစ်ချယ်ရေးတဲ့  …ဝတ္ထုထဲက ဇာတ်ကောင်တကောင်ရဲ့အမည်ပဲလေ.. . သူ့အကြောင်းတော့ ခင်ဗျားသိနေလောက်တယ်မဟုတ်လား… အဲဒီ့စက်လှေကြီးပေါ်မှာလိုက်ရင် အဲဒီ့ဇာတ်ကောင်ရဲ့စရိုက်လို အနည်းဆုံးကျင့်ကြံနေထိုင်တတ်သူတွေ ချည်းပါဆိုတဲ့နိမိတ်ပေါ့… အထဲမှာဘဝတူတွေ ကျပ်ညှပ်နေလိမ့်မယ်.. နေရာလုတာတွေ ရှိမယ်… အစာငတ်ရေငတ်ဖြစ်ချင်ဖြစ်မယ်… ခင်ဗျားအတ္တကိုရှေ့တန်းတင်ပြိး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေတော့…”

ကမ်းခြေတွင် ၀န်စည်များ ဟိုတပုံ သည်တပုံ ရှိနေသည်။ ထိုအပုံများထဲ၌ စာအုပ်များလည်း ပါသည်။ စက်လှေပေါ်သို့တာဝန်ရှိသူများက စစ်ဆေးပြီးထိုဝန်စည်များကိုတင်နေဆဲ..။ 
ပိုးဟပ်တချို့သည် ကျောက်ဆောင်အကွယ်များမှလည်းကောင်း၊ သစ်ပင်ကြိုကြားမှလည်းကောင်း၊ လှစ်ခနဲလှစ်ခနဲ ပြေးထွက်လာကြပြီး ထိုဝန်စည်စာအုပ်များကြားသို့ ပြေးဝင်ပုန်းလျှိုးပျောက်ကွယ်နေကြ သည်ကို ကျနော်တို့တွေ့နေရသည်။ စက်လှေကြီးသည် ဝန်များဖြင့် အတော်လေးနှစ်နေချေပြီ။ 

“ ကဲ .. မိတ်ဆွေ .. အချိန်ရှိခိုက်.. လုံလစိုက်ပေတော့” ဟူသော ကျနော့်စကားသံအဆုံး၌ ပိုးဟပ်ဖြူ မိတ်ဆွေလည်း ဘေးကနေ ပြေးထွက်သွားခဲ့လေတော့သည်။ သူထွက်သွားသော် ကျနော်လည်း တာဝန်ပြီးဆုံးခဲ့ပြီမို့ စက်လှေကြီးကိုကျောခိုင်းထွက်ခွာခဲ့လေသည်။

………………………..

နေဝင်တော့မည်။ နာရီမောင်းသံကြီးကလည်း တဒေါင်ဒေါင်မြည်ဟည်းလျက် ပြေးလာသည်။ ပင်လယ်ကြီးကတော့ လှိုင်းခေါင်းဖြူများကို တဝုန်းဝုန်းထမ်းပိုးမြဲထမ်းပိုးထားပြီး လေရိုင်းကလည်း တဝူးဝူးတိုက်ခတ်လျက်သာတည်း။ ကောင်းကင်မှာတော့ မိုးတိမ်ကြီးများက တရွေ့ရွေ့တလွင့်လွင့်။

ဟိုးအဝေးကြီး ပင်လယ်ရေပြင်ပေါ်၌ ရော့ဘတ်တလောစက်လှေသည် လှိုင်းများကြား မြုပ်ချည်ပေါ် ချည်ဖြင့် ထွက်ခွာသွားနေသည်ကို မြင်နေရသည်။ 
တဖြည်းဖြည်းဝေးသည်ထက်ဝေးပြီး သေးသည်ထက် သေးသွားသည်အထိ…။
လူတွေ၏ရွေးချယ်မှုတွေကရော ဒီအတိုင်းပဲလား…။

ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ အနာဂတ်မျှော်ရည်မှန်းချက်တွေမရှိတော့သောကြောင့် ရှင်လျက်သေနေ၏။ ပိုးဟပ်ဖြူကြီးကတော့ အနာဂတ်မျှော်ရည်မှန်းချက်တွေနှင့်ရှင်သန်နေဦးမည်ဖြစ်သည်။ လူသားသည် ကိုယ့်တာဝန်ကိုယ်ယူရသည်ချည်းဖြစ်၏။ …

အကယ်၍ မအောင်မြင်ခဲ့သည်သော်မှ ပိုးဟပ်ဖြူကြီးသည် ရဲရဲဝံ့ဝံ့ကျေကျေနပ်နပ်ကြီး သေဆုံး သွားနိုင်ပါလိမ့်မည်ဟု ကျနော်ယုံကြည်မိပါသည်။

ကိုရွှေရင်အေး

Comments