သစ်ခက်သံလွင်အမှတ်တရကဗျာများ - ကဗျာဆရာအောင်ဘညိုကွယ်လွန်ခြင်းတနှစ်ပြည့်၊ မောင်ကြူးရင့်၊ မင်းညွန့်လှိုင်၊ ရန်လင်းအောင်၊ ခင်လွန်း



ကြေကွဲစွာလှပ


ပန်းချီကိုကိုနိုင်

ဝါးလုံးခေါင်းအိမ်ထဲ နေပြီး
ဘဝကို ထုံဆေးထိုးထားသူ
အလုပ်အကိုင် ကဗျာဆရာ
နှုတ်ခမ်းမွှေး စစ
စကားလုံးထစ်အ ထစ်အ

ကျနော် အသည်းကြီးပြီး
သေမလိုဖြစ်တုန်းက
အမြစ်ကနုတ်ပြီးပစ်ထားတဲ့
ကန္တာရပင် ပြန်ရှင်လာသလို
ကုန်းရုန်းထပြီး
ကဗျာဆရာ ကရုဏာဖောင်ဒေးရှင်း
C.E.O ဆီသွားခဲ့တယ်
အသွားအပြန်ခြောက်ထောင်ကုန်တယ်
သူ့ဆီက သုံးထောင်သာ ရခဲ့တယ်

တနေ့သား
သူတို့ကျနော့်ဆီ ရောက်လာကြတယ်
နေဖို့တိုက်ခန်း စီးဖို့ကားပေးမယ်တဲ့
ကျနော်မအားပါဘူးခင်ဗျားလို့
ယဉ်ယဉ်ကျေးကျေး ပြောလိုက်တယ်
အနှစ် ငါးဆယ်ကဗျာဆရာဘဝ
ဆင်းရဲတောက်ပပြီးမှတော့
ကျနော် ဘာလိုဦးမှာလဲ

မနေ့က ငါ့ရှေ့မှာ
အသည်းရောင် အသည်းကြီး
အလုပ်အကိုင် ကဗျာဆရာက
နှလုံးရောဂါရနိုးနိုး
အလုပ်အကိုင်ကဗျာဆရာကို
ဆရာတော်ထောက်ပံ့မယ့်
ပုံစံစာရွက်ကို ဖြည့်ခိုင်းလိုက်တယ်
သူ့လက်ထဲ ပါလာတဲ့
လုံချည်အသစ်စက်စက်ကို ပေးတယ်
အဲဒီအချိန်မှာ …. ငါ
အမှောင်ကို ဆောင့်တွန်းပြီး
ရက်ရက်စက်စက် သာတဲ့လကို မြင်ရသလို
ငိုမတတ်ကြည်နူး
ကြေကွဲစွာ လှပ….။

မောင်ကြူးရင့်
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းအထူးထုတ် -၂၀၁၅)

….

အမှတ် ( ၅၄ ) အဆန်ရထား

မူရင်းဓာတ်ပုံရှင်ကို လေးစားပါသည်


အဲဒီမနက်ကြီး
မုခစာအုပ်က
မိုးကြိုးထပစ်တယ် ။
ကျနော့်အလံတော်
တိုင်တဝက်မှာ
တုန့်ခနဲရပ်ခဲ့ပေါ့ ။
ခင်ဗျား
နံရံချိတ်ထားတဲ့သေနတ်ကို
ပစ်ဖောက်လိုက်တာပဲ ။
အေဘီညို
ကြွေပြီဆိုတာကို
ယုံကြည်လို့မရ
အမှန်တရားက
ငယ်ထိပ်ကို
ပေါင်တူနဲ့ထုလိုက်ပေါ့ ။
ခင်ဗျားနာရေးသတင်းဟာ
ခင်ဗျားရှို့လိုက်တဲ့တောမီး ။
ခင်ဗျားက
ကမ်းလွန်အောင်တိုက်လိုက်တဲ့လေ ။
ခင်ဗျားရဲ့သေခြင်းဟာ
ခင်ဗျားရဲ့ကဗျာပရိယာယ် ။
မြန်မာ့ခေတ်ပေါ်ကဗျာ
ပင်လယ်လိုအော်ကျန်ရစ်ခဲ့ ။
ဂေါ်ကီရဲ့အမေလို
မြန်မာပြည်က အမေ
လုလင်အိမ်အပြန်
လိပ်ပြာလှလှ
နတ်တို့ခိုးဝှက်ခံရပြီ ။

ခင်ဗျားမိခင်
အမေဒေါ်ခင်ကွန့်နဲ့အတူ
နန်းမြို့ကလွမ်းလို့ဆူဝေ
ဆရာပိုင်စိုးဝေနဲ့အတူ
ခင်ဗျားရဲ့ချစ်လှစွသော
မနန်းနဲ့အတူ
ချစ်ခြင်းအားဖြင့်
ပန်းတပွင့်နဲ့မြားနှစ်စင်း
မဉ္ဇူရီဘညို
အောင်ဗဟိန်း
ဝေယံမင်းညိုတို့နဲ့အတူ
ကျနော်တို့
ဓားဦးမြေစိုက်ငိုကြွေးရပါပြီ ။
မြစ်တွေ မြစ်တွေ
ပင်လယ်မရောက်မီ
ပင်လယ်လိုအော်ငိုကွေးရပါပြီ ။
ကဗျာဆိုတာ
ကိုယ်တို့ရဲ့ဘာသာတရားပဲ ..တဲ့
ခင်ဗျားရဲ့
ဘာသာတရားကို
ဆက်လက်ကိုင်းရှိုင်းဖို့
ခင်ဗျားရဲ့ပင်လယ်
ထပ်ဆင့်မြည်ဟိန်းဖို့
ခင်ဗျားရင်ငွေ့နဲ့လင်းတဲ့
မျဉ်းဖြောင့်အလင်းကိုတိုင်တည်လိုက်ပါရဲ့ ။

အို..
ထွန်းပြောင်တဲ့နောင်တော်
ဖြောင့်မတ်တဲ့ရဲဘော် ။
ခင်ဗျားက
အဆန်ရထားတစင်းဖြစ်တယ်
မီးခိုးတလူလူခုတ်မောင်းသွား
ကောင်းကင်ထဲ
ကောင်းကင်ဖြစ်တဲ့အထိခုတ်မောင်းသွား
သွားနှင့်လိုက်ပါတော့
သွားနှင့်လိုက်ပါတော့အကိုရေ…။  ။
[ ကဗျာဆရာ အောင်ဘညိုသို့ ]

မင်းညွန့်လှိုင်
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၅

... 

သမ္မတကြီး အောင်ဘညို

ဒီဇိုင်း အောင်ထက်

ဇွန် ၉ –  ည  ၉:၂၅
သူဖုန်းဆက်တယ်
ခက်ဦး  ကဗျာပါမဂ္ဂဇင်း
ထုတ်ပြီးကြောင်း …

မနက်ဖြန်မနက်
မင်းညွန့်လှိုင် ရန်လင်းအောင်
ကဗျာပါ မိုးမခ မဂ္ဂဇင်း သွားထုတ်ပေးမယ်

ပြောတယ်
နေကောင်းရဲ့လား
ကောင်းပါတယ် ခဗျားကောဆိုတော့
ကောင်းပါတယ်တဲ့။
ဒီမနက် ဇွန် ၁၀ ၁၀ : ၂၀
သူ့ဖုန်းဝင်လာတယ် သူမဟုတ်ဘူး
“အဖေကြီးဆုံးပြီ ………”
သူ့သားလေး ပြောတယ် ငိုတယ်
ငိုတယ် ပြောတယ်

ဘယ်လို . . . .
ဦးနှောက်သွေးကြော………
ရုတ်တရက်ကြီး
…………………
ကိုအေဘီညို … ခင်ဗျား ……
တကယ့်  သမ္မတကြီး ပဲ …… ။

ရန်လင်းအောင်
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၅
 
….

၂၀၁၅ ကို ပုဒ်မချခြင်း
(အောင်ဘညို လလည်အမှတ်တရ)
 
မူရင်းဓာတ်ပုံရှင်ကို အသိအမှတ်ပြုပါသည်

ကျနော်ဟာ ၂၀၁၅ ကို
ပုဒ်မချကာ အဆုံးသတ်ချင်လှပေါ့။
လောကဓံတရားဟာ
စကားမေးပြန်မရလောက်အောင်
နောက်ကောက်ထိုးချသွားခဲ့ပြီ။

မတ်လမှာ မေမေဆုံးတယ်။
ဇွန်မှာ ညီတယောက်လိုချစ်ရ တွယ်တာရတဲ့
တကယ်တော့ သူက
(နိုင်ငံကျော် ပြည်သူ့ဘက်တော်သားကဗျာဆရာ
ကျနော်က ဘာမှမဟုတ်သူ သူ့ ပရိတ်သတ်မျှ)
အောင်ဘညို ဆုံးပါးပါတယ်။
ကျနော် ဘာမှကိုမတတ်နိုင်ပါဘူး။

ကျနော် အိမ်ပြန်နိုင်ချိန်မှာ ပထမဆုံးတွေ့ချင်တဲ့
အမေ
ကျနော့်အမေက မရှိတော့ဘူး။
ကျနော် ကျင်လည်ရူးသွပ်ခဲ့ဖူးတဲ့
စာပေလောက လမ်းကျဉ်းကလေးတနေရာကိုပြန်သွားခဲ့ရရင်
ပထမဆုံးတွေ့ချင်ခဲ့တဲ့
အောင် ဘ ညို

နီညိုညိုကြိုးရှည်ရှည် လွယ်အိပ်တလုံး
ကပိုကရိုလွယ်ထားခဲ့တဲ့
ကမ်းလွန်လေ တိုက်စစ်မှူးကြီး
ဘယ်ဘက်ရင်အုံကနေ
အာဖရိက ဗုံတွေကိုတီးပြီး
ညနေခင်းတံတားပေါ်ကနေ
နှလုံးမခိုင်သူတွေ ဖောက်ပြန်သူတွေကိုကြည့်ကာ
ဆူးလေလမ်းမပေါ်

နာနာကျည်းကျည်း ထိုးအန်ချလိုက်သူကြီး
မင်းလည်း မရှိတော့ဘူး။

ကျနော်ဘာမှမတတ်နိုင်ပါဘူးမေမေရယ်
ဂျပန်ခေတ် စစ်ဒဏ်ကို ခံခဲ့ရတဲ့အကြောင်းတွေပြောလို့ဆုံးပြီပေါ့
ပြည်တွင်းစစ်ကိုကြုံခဲ့တဲ့ဇာတ်လမ်းတွေ တခန်းရပ်လိုက်နိုင်ပြီပေါ့
ကျနော် ဘာမှကိုမတတ်နိုင်ပါဘူးမေမေရေ
ကျနော် ဘာမှကိုမတတ်နိုင်ပါဘူးအောင်ဘညိုရေ
ကျနော် ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး
ကိုယ် တကယ်မတတ်နိုင်ခဲ့ပါဘူး မောင်မောင်ဇော်ရယ်
အချိန်တိုတိုတခုအတွင်း
အိပ်မက်ကို ခူးပြီးပြန်ခဲ့တဲ့လူတယောက်အဖြစ်
အိမ်ပြန်ရမယ်ထင်မှတ်ထားမှုတွေဟာ
နှင်းခါးထူထူထဲ နောက်ဆုံးပွင့်ကျန်နေတဲ့ နေကြာပန်းတပွင့်လိုပဲပေါ့။

ကျနော်ကတော့ နေရောင်တွေ ၀င်းမွတ် ဖိတ်လဲ့နေတဲ့နွေဦးကို
စောင့်နေတုန်းပဲမေမေ
နွေဦးရဲ့ အတိတ်နိမိတ်တေးသံတွေ
ဟုန်းဟုန်းတောက် ပဲ့တင်လို့။

ကံကြမ္မာဟာ
သက်ဆိုင်သူတွေကို
သေခြင်းနဲ့ရှင်ခြင်းအဖြစ်သာခွဲထားနိုင်ပေမယ့်
မေတ္တာတရားကိုတော့ ထိုးခွဲလို့မရနိုင်ပါဘူး။
ညီရေ အောင်ဘညို ရေ
ကိုယ်ဟာ နှင်းခါးတွေထဲ နောက်ဆုံးပွင့်ကျန်နေတဲ့ နေကြာပန်းတပွင့်ပဲပေါ့
နွေဦးကို ကိုယ်တော့ စောင့်နေတုန်းပဲ
ကိုယ့်ကိုခွင့်လွတ်တော့။

ခင်လွန်း
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၅





 

Comments