သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဆောင်းဝေ၊ ခေတ်ဆူး

ကိုလမ္ဘို

www.mutantspace.com

ကောင်းကင်ကြီးထဲမသေတဲ့ကြယ်တွေမျောနေသလို
တွန့်ခေါက်တောင်တန်းတွေကလည်း ရှည်လျားစိမ်းမြနေကြတာ
မိုးထဲလေထဲ စိုစွတ်တောင်ပံတွေနဲ့ ပျံသန်းနေရတဲ့အဓိပ္ပာယ်
မြို့တွေဟာ ခက်ခဲတဲ့အစာရှာအရေးအသားတွေပဲ
ကိုလိုနီလက်အောက်ခံနိုင်ငံဖြစ်ခဲ့တယ်ဆိုပေမယ့်
ဓားလက်နက်မကိုင်
အတွေးအခေါ်ကိုပဲ တော်လှန်ခဲ့ပါတယ်
သမုဒ္ဒရာရဲ့ထောင့်စွန်းမှာ တင်နေတဲ့အစက်အပျောက်တခု
ရဲရဲသာဝင်လာခဲ့ပါ
လုံခြုံမှုနဲ့ ငြိမ်းချမ်းရေးကိုပေးဖို့
လေဆိပ်ထဲကဆင်းတုတော်ဟာ စောင့်ကြိုနေပါတယ် ။
သန်းနှစ်ဆယ်ကျော်လေးဟာ
ဒီခေါင်းပေါ်ကသန်းတွေလို သူတို့နှစ်တွေကိုပြန်ဆယ်ယူနေကြတာပါ
အုန်းသီး၊ လက်ဖက်နဲ့ရော်ဘာပင်
မြေကျဉ်းလွန်းတယ်ဆိုပေမယ့် စိတ်ကိုတော့ကျယ်ပြန့်ထားပါတယ်
သစ်ကိုင်းအကျိုးလေးပေါ်ကရှဥ့်လေး
ပြေးလွှားဆော့ကစားနေတာကြည့်ရင်
အသားအရောင်က ဘ၀မဟုတ်ဘူးဆိုတာသိလာပါလိမ့်မယ် ။
ရေတွေကိုဓားတွေနဲ့ ခုတ်ထစ်လို့မရဘူးဆိုတော့
ငါတို့ဟာ ရေလယ်ခေါင်မှာနေတာပေါ့
ပျော့ပြောင်းရေတွေဟာ မာကျောကျောက်တောင်တွေကိုတောင်
အားနဲ့ဆောင့်ခွဲနိုင်တယ်ဆိုတော့
ငါတို့ဟာ ရေလယ်ခေါင်မှာနေပြီပေါ့
ကျွန်းနိုင်ငံလေးဆိုပေမယ့်
သမိုင်းထဲမျောပါမသွားအောင် ဖော့ထားခဲ့ရပါတယ်
နိုင်ငံသုံးခုရဲ့ ကိုလိုနီပြုခြင်းကိုခံခဲ့ရ
ပြည်တွင်းစစ်ထဲ အကြိမ်ကြိမ်ဖြတ်ပြေးလာရ
ဒီဆေးမှင်ကြောင်ကို ခက်ခက်ခဲခဲထိုးယူခဲ့ရတာဆိုတော့
စိတ်အရေပြားလည်း နာတာပေါ့
မှန်ပြင်ကိုတိုးတိုက်မိတဲ့ငှက်တွေလို
ပျံသန်းနေရင်း ကိုယ့်အနာကိုယ်ပြန်စမ်းနေကြတာပေါ့
ဆောင်းရာသီမရှိတဲ့မြို့မှာ
အချစ်အကြောင်းကို တရာသီထပ်ထည့်ပါ
စိတ်ချပါ
ကျွန်မအသားအရောင်ကြောင့်
ရှင် ဘယ်တော့မှ အသည်းမကွဲစေရပါဘူး ။ ။

ဆောင်းဝေ( နတ်မောက် )
7.6.2016

...


အငွေ့ပျံသွားတဲ့ ကောက်ကြောင်း 
  
www.webdesignerdepot.com


ပျော်ရွှင်မှုနဲ့ မထိုက်တန်ခဲ့သူပါ
လောကဓံရဲ့ရိုက်ချက်မှာ
ဒုက္ခကို ဈေးမဆစ်ခဲ့ဘူး

ကိုယ်တိုင်ရေးပုံတူမှာ
ရုပ်ထွက်ညံ့ခဲ့တာလည်း
ကိုယ့် အကုသိုလ်

ဘုရားကုန်းတော်ပေါ်က
စာကလေးတွေကိုလည်း
နင့်အသက်တခါ လွှတ်ပြီး
ငါ့အတွက် ဆယ်ခါ ဆုမတောင်းခဲ့ပါ
တကယ်ဆို...
ဆည်းလည်းသံတွေလို
ချိုလွင်ချင်ခဲ့တာ
ရေချမ်းစင်လေးလို အေးမြချင်ခဲ့တာ

မဆီမဆိုင်
တိမ်တွေထွက်သွားတာကြည့်ရင်း ......
ဝမ်းနည်းသလိုခံစားရ...
ပုပ်သိုးနေမယ့် မနက်ဖြန်မှာ
အိပ်မက်တွေ သင်းသတ်ခံထားရတာ
လမ်းတဝက်မှာ...စက်ချို့ယွင်းပြီး ပျက်ကျခဲ့ရတာ...
အမှားတွေနဲ့ အသားကျခဲ့တာ
ဒါတွေဟာ....ဘဝသင်ရိုးထဲက
ကိုယ်မရင်းနှီးခဲ့တဲ့ မာတိကာတချို့

နားနဲ့မဆံ့တဲ့ အသံတွေ
နားမထောင်ချင်ဘူး....
ကြေကွဲရမှာတွေဆို မကြားချင်ဘူး....
ရှေ့လျှောက် စိတ်ထဲကမပါလည်း
အတတ်နိုင်ဆုံး ပြုံးပြမယ်
အခု....ဘာဖြစ်ချင်ခဲ့လဲလို့မေးရင်
ချောင်တချောင်က ပင့်ကူမျှင်တွေနဲ့ ရှုပ်ထွေးနေတဲ့
ကျောင်းလွယ်အိတ်လေးလို...ဖြူစင်ချင်ခဲ့တာပါ
ဒါပါပဲ...
ရှေ့တလှမ်းတိုးဖို့လွယ်ပြီး
နောက်တလှမ်းဆုတ်ဖို့အတွက်မှာ
ကျွန်တော်လည်း တံလျှပ်ကို ရေထင်ခဲ့မိတာ...။ 

ခေတ်ဆူး

 

Comments