သစ်ခက်သံလွင် ၀တ္ထုတို- မိုးသက်ဟန်ရဲ့ မှတ်ဉာဏ်ဆိုင်



မှတ်ဉာဏ်ဆိုင်
 
blogs.acu.edu.au
 
 ..နောက်တခါမှာလည်း နာကျည်းမှုတွေအပြည့်နဲ့လူတယောက်ကဆိုင်ထဲကို ၀င်သွားခဲ့ပါတယ်။ “ကျွန်တော့် ဘ၀ မှာဆိုးရွားမှုတွေနဲ့ပြည့်နှက်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကြီးတခုလုံးကို ဖျောက်ဖျက်ချင်ပါတယ်။ အဲဒီအတွက် ကူညီပေးပါ” ဧည့်ကြိုကောင်တာက လူဟာ သူ့ကို ခုလိုပြန်ပြောခဲ့ပါတယ်တဲ့။ “ ဒီနေရာမှာ သမိုင်းနဲ့ချီတဲ့ အဖြစ်အပျက်ကြီး တွေကို ထိန်းသိမ်းပေးလို့မရပါဘူး။ 

------------------
 အရိုးလိုဖြူဖွေးနေတဲ့တိမ်ဖြူဖြူတွေကောင်းကင်မှာ ပေါလောမျောနေတာကိုကြည့်ရင်း မှတ်ဉာဏ် တစုံတရာ က သင့်ကို နာကျင်ကိုက်ခဲနေစေပါသလား။
ညသန်းခေါင်ယံက ခွေးအူသံဟာ သင့်အတွက်ပြန်အမှတ်မရလိုသော လွမ်းဆွတ်ဖွယ်မှတ်ဉာဏ်ကို ပြန် လည် တူးဆွနေပါသလား။
ထွက်ခွာသွားတဲ့ရထား၊ ပျံသွားတဲ့လေယာဉ်ပျံတို့ကိုကြည့်ရင်း မျက်ရည်စများ သင့်မျက်ဝန်းမှာ တွဲလွဲခိုလာ တာကို သင် မနှစ်သက်နေပါသလား။
မိုက်မဲမှုကြောင့်ဖြစ်ခဲ့တဲ့ မှတ်ဉာဏ်ကို သင် လုံးဝမေ့ပျောက်ချင်နေမှာပါ။ 
ဘယ်လိုမေ့ပျောက်ရနိုင်လဲဆိုတာကို သင်သိလိုပါသလား။
အရှက်ရဖွယ်စော်ကားခံခဲ့ရတဲ့မှတ်ဉာဏ်ဟာ သင့်ကို တနုံ့နုံ့ နာကျင်နေတာကို အမြစ်ပြတ်ပျောက်စေလိုနေ ပါသလား။
စတဲ့စတဲ့ မလိုလားအပ်တဲ့မှတ်ဉာဏ်တွေကို ထိန်းသိမ်းပေးနိုင်တဲ့နေရာတခု ရှိပါတယ်။ သင့်အတွက် အသုံး ၀င်မယ်ဆိုရင် ကြိုဆိုနေမှာပါ။

  “ z မှတ်ဉာဏ်ထိန်းသိမ်းရေးဌာန”

 “သင့်အတွက် အမြဲစောင့်ကြိုနေပါသည်”

+++++++++++

      ကော်ဖီဆိုင်နဲ့ကပ်လျက် လမ်းထောင့်မှာ မှတ်ဉာဏ်ထိန်းသိမ်းရေးဆိုင် ရှိတယ်။ အဲဒီဆိုင်ဟာ ဒီရပ်ကွက်ထဲ မှာတော့ လူအလာအများဆုံးနဲ့ အအောင်မြင်ဆုံးဆိုင်တဆိုင်ဖြစ်လို့ နေတယ်။ အခြားဆိုင်ပိုင်ရှင်တွေဟာ အဲဒီ လိုဆိုင်တဆိုင်အပြိုင်လိုက်ဖွင့်ချင်ပေမယ့် နည်းစနစ်နဲ့အတတ်ပညာကို ဘယ်မှာ သွားရှာဖွေရမှန်း မသိတာ ကြောင့် လက်လျှော့နေကြရတယ်။ မှတ်ဉာဏ်ဆိုင်ကိုသွားရောက်ဖူးသူတွေကို မေးကြည့်တော့ အားလုံးက နှစ် သက်ကြကြောင်းကို တစ်ခဲနက် ထောက်ခံတာကို သူတို့ အံ့အားသင့်ဖွယ် သိလိုက်ကြတယ်။
  “ ကျွန်မကတော့ အရင်ကနဲ့ လုံးဝမတူတော့ဘူး။ ပေါ့ပါးလန်းဆန်းလို့ နေလို့ထိုင်လို့ ကောင်းနေပြီ။ ကျွန်မ အဲဒီ မှာသွားထားလိုက်တဲ့ မှတ်ဉာဏ်ဟာ ဘာလဲဆိုတာတောင် ကျွန်မမမှတ်မိတော့ပါဘူး။ မှတ်မိဖို့လည်း မလိုတော့ ဘူးလေ။ ကျွန်မလက်ရှိအနေအထားကိုပဲ သဘောကျပါတယ်။ ဒီလိုဆိုင်မျိုးတွေ လူ့အဖွဲ့အစည်းအတွက် လိုအပ် ပါတယ် ” အသက် ၃၀ကျော်အရွယ် အိမ်ရှင်မတဦးကတော့ မှတ်ဉာဏ်ဆိုင်နဲ့ ပတ်သက်လို့ အထက်ပါအတိုင်း မှတ်ချက်ပြုပါတယ်။
သူမလိုမျိုး နောက်ထပ်အကောင်းပြောသူတဦးက အသက် ၄၀ နီးပါးအရွယ်ရှိ ရပ်ကွက်ထဲက ခပ်ဆိုးဆိုး လူ တယောက်ပါပဲ။
 “ကျွန်တော့်ဘ၀ အသစ်ကပြန်စလိုက်ရသလိုပါပဲ။ အရင်ကလို ဆိုးသွမ်းတာတွေ ပြဿနာရှာတာတွေ မရှိတော့ ပါဘူး။ ကျွန်တော်မလိုချင်တဲ့ မှတ်ဉာဏ်မရှိတဲ့နောက် အဲဒီလို ပြဿနာဖြစ်ချင်စိတ်လည်း ကျွန်တော့်မှာ မရှိ တော့ဘူး။ ကျွန်တော်ဟာ လူကောင်းတယောက်အဖြစ်ကို နှစ်သက်နေပါပြီ။ အဲဒီအတွက် မှတ်ဉာဏ်ဆိုင်ကို ကျေးဇူးတင်ပါတယ်”
   မှတ်ဉာဏ်ဆိုင်နဲ့ပတ်သက်လို့ မီဒီယာတွေဟာ စိတ်ဝင်တစားရေးသားဖို့ကြိုးစားကြပေမယ့် ဘယ်သူမှခရေစေ့ တွင်းကျ မသိနိုင်သလို ဆိုင်ရှင်(သို့မဟုတ်) မန်နေဂျာဆိုသူကိုလည်း အသေးစိတ်မေးမြန်းခွင့် မရနိုင်ကြဘူး။ အပြင်ပန်းက မြင်ရတာတွေ၊ သွားခဲ့ဖူးသူတွေနဲ့ ကိုယ်တိုင်သွားခဲ့တဲ့ အတွေ့အကြုံတွေပေါ်ကိုပဲ အခြေခံရေး သားဖော်ပြကြတယ်။ နာမည်ကြီး သတင်းစာတစောင်မှာ ဆောင်းပါးရှင် တယောက်က ခုလိုရေးသား ဖော်ပြပါ တယ်။ “ဆိုင်ထဲကို ၀င်ခွင့်ရ ဖို့ ခြောက်နာရီလောက်တန်းစီရပါတယ်။ မနက် ၄နာရီလောက်ကတည်း သွားတန်းစီ ရတာပါ။ ဆိုင်က ၉ နာရီဖွင့်မှာ ဖြစ်ပေမယ့် ကျွန်တော်ရောက်သွားချိန်မှာ ကျွန်တော့်ရှေ့မှာ လူ နှစ်ဆယ်လာက် ကြိုရောက်နှင့်နေပါပြီ။ တန်းစီနေချိန်ကာလတလျှောက်လုံး ကျွန်တော့်ရှေ့ကလူနဲ့ နောက်က လူကို ကျွန်တော် စကားပြောကြည့်ဖို့ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့အာရုံစူးစိုက်မှုပျက်သွားမှာစိုးလို့ ကျွန်တော်နဲ့ စကား မပြောချင်ကြဘူးလို့ ဆိုပါတယ်။ ကျွန်တော်ဟာ မှတ်ဉာဏ်လာရောက်အပ်နှံသူတယောက်အနေနဲ့ အထဲကို ၀င် ရမှာဖြစ်တာကြောင့် ကျွန်တော့်ဘ၀ထဲက ဘယ်မှတ်ဉာဏ်ကို သွားရောက်အပ်နှံရင်ကောင်း မလဲ ဆိုတာကို စောင့်ဆိုင်းနေရင်းစဉ်းစားရပါတယ်။ သူများတွေက မပျော်မရွှင်ဖြစ်ရတဲ့၊ နာကျင်ရတဲ့ မှတ်ဉာဏ်ကို အပြီးအပိုင် အပ်နှံဖို့လာကြချိန်မှာ ကျွန်တော်က ပျော်ရွှင်စရာကောင်းတဲ့မှတ်ဉာဏ်တခုကို အပ်နှံလိုက်ရင် ဘယ်လိုဖြစ်မလဲ ဆိုတာ သိချင်မိတယ်။ အဲဒါကြောင့် ကျွန်တော့်အလှည့်ရောက်မယ့် အချိန်မှာ ပျော်စရာမှတ်ဉာဏ်ကိုအပ်နှံဖို့ တခုကို ရွေးချယ်လိုက်တယ်။ ကျွန်တော်တော်တော်လေး စဉ်းစားလိုက်ရပါတယ်။ နောက်တော့ ကျွန်တော် အပ်နှံရမယ့် မှတ်ဉာဏ်ကို ရခဲ့ပါတယ်။
   ဒီလိုနဲ့ ကျွန်တော်အထဲကိုဝင်ခွင့်ရလာခဲ့တယ်။ အချိန်ကတော့ မနက် ၁၁ နာရီကျော်နေပြီ။ မည်သည့် ကင် မရာ၊ မည်သည့် အီလက်ထရောနစ်ပစ္စည်းမျိုးကိုမှ ဆိုင်အတွင်း သယ်ဆောင်ခွင့်မပြုပါလို့ ဆိုင်ဝမှာ ဆိုင်းဘုတ် ကပ်ထားပါတယ်။ ကျွန်တော်က စူးစမ်းလိုသူတယောက်ဖြစ်တာကြောင့် ကျွန်တော့်မျက်မှန်မှာ လျှို့ဝှက်ကင် မရာသေးသေးလေးတပ်ဆင်ပြီး လာခဲ့ပါတယ်။ ဆိုင်ဝကိုဝင်ချိန်မှာပဲ တတီတီအသံမြည် လာပြီး မိတ်ဆွေရဲ့ အီ လက်ထရောနစ်ပစ္စည်းကို ဘေးကခုံပေါ်မှာထားခဲ့ရန် မေတ္တာရပ်ခံပါတယ်ဆိုတဲ့ အသံဟာ ဆောင်းဘောက်စ် တခုကနေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်မျက်မှန်ကိုချွတ်ပြီး ခုံပေါ်တင်ခဲ့ရတယ်။ ဒီတကြိမ်ကို လူ တယောက်သာ ၀င်ခွင့်ရတာကြောင့် ကျွန်တော် တယောက်ထဲ ၀င်လာခဲ့ရတယ်။ မျက်မှန် ချွတ်ခဲ့ရတာကြောင့် ကျွန်တော် ကောင်းကောင်း မမြင်ရဘူး။ သွားလို့လာ လို့တော့ ရတာပေါ့။ အခန်းထဲမှာ မီးထိန်ထိန်တော့ လင်း နေတယ်။ ဧည့်ကြိုကောင်တာရောက်တော့ မျက်နှာချွန်ချွန်နဲ့လူတယောက်က ကျွန်တော့်ကို ထိုင်ခိုင်းပြီး အပ်နှံ လိုသည့်အကြောင်းအရာဖောင် ကို ဖြည့်ခိုင်းပါတယ်။ ကျွန်တော်စာရေးနိုင်ဖို့ မျက်မှန်တလက်ကို သူထုတ်ပေး လို့ သူ့မျက်နှာကို ကျွန်တော်မြင်ရတာပါ။ သူပေးတဲ့ဘောလ်ပင်နဲ့စာရွက်ကိုယူပြီးဖြည့်ရမယ့်ဖောင်မှာ ကျွန်တော် ရေး လိုက်တယ်။ ကျွန်တော့်မှတ်ဉာဏ်ကတော့ ပျော်ရွှင်စရာ မှတ်ဉာဏ်ပါ။ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော့်ရဲ့ ပထမဆုံးအနမ်းအကြောင်း ရေးလိုက်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူဟာ ခုဆို သား၊ သမီးနှစ်ယောက်နဲ့ ပျော်ရွှင်စရာဘ၀ကို ရရှိနေပြီဖြစ်တာကြောင့် ပထမဆုံးအနမ်းကိုမေ့သွားသည့် တိုင် ပြဿနာမရှိနိုင်ဘူးလို့ ယူဆမိလို့ပါ။ ကျွန်တော့်စာရွက်ကိုသူကြည့်ပြီးတဲ့နောက် “ခင်ဗျားရဲ့ ပျော်ရွှင်နေ တဲ့ဘ၀လေး မပျက်စီးချင်ရင် ဒီကနေ ပြန်ထွက်သွားပါတော့” လို့ သူကကျွန်တော့်ကို ချက်ချင်းပြန်ပြော ပါတယ်။ ကျွန်တော် ဘာမှပြန်မပြောနိုင်ခင် သူ က မျက်မှန်ချွတ်ပြီး အမြန်ထွက်သွားပါလို့ ပြောတယ်။ ကျွန်တော်လည်း ရတဲ့အချိန်တိုလေးအတွင်း ဘေးဘီကို ၀ဲကြည့်မိပါတယ်။ ဆိုင်ထဲမှာ သူတယောက်ပဲ ရှိပါတယ်။ သူ့ရဲ့ကောင်တာနောက်မှာ ရုပ်ရှင်ရုံဝင်ပေါက်လို အမှောင်ချထားတဲ့ တံခါးပေါက်ကြီးနဲ့ လိုက်ကာကြီးတွေကို မြင်ရပါတယ်။ သူကမြန်မြန်လို့ပြောတော့ ကျွန်တော် ဆိုင်ထဲက နေပြန်ထွက် ခွာလာရတယ်။ အ၀မှာ ကျွန်တော့်မျက်မှန်ကိုပြန်တပ်ပြီး အထဲကိုတချက်ပြန်လှည့် ကြည့်တော့ မီးမှောင်လို့ သွားပါတယ်။ ကျွန်တော် ဆိုင်ထဲကထွက်တာနဲ့ ကျွန်တော့်နောက်က လူဟာ ဆိုင်ထဲ ကို အလျင်အမြန် ၀င်သွားခဲ့ပါတော့တယ်။ ကျွန်တော့်အတွက်တော့ မအောင်မြင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတခုပါပဲ”
     
အခြားသော သတင်းစာတွေကလည်း အမျိုးမျိုးရေးသားကြပါတယ်။ တချို့က ဒါဟာ စိတ်ညှို့ကုထုံး ဖြစ်နိုင် တယ်လို့ သုံးသပ်ကြသလို၊ တချို့ကလည်း ဒါဟာ လူတွေကို လှည့်စားဖို့ စနစ်တကျ ပြင်ဆင်ထားတဲ့ နေရာ တခုလို့ ရေးကြပါတယ်။ အ၀ါရောင်သတင်းစာတစောင်ကတော့ ဂြိုဟ်သားတွေဟာ တဖက်လှည့်နဲ့ လူတွေကို စမ်းသပ်ဖို့ ရောက်လာတာလို့ ဖော်ပြထားပါတယ်။

+++++++++++++

  " ဘာကိုမှမမေ့ပစ်ပဲ ဘာကိုမှသတိမရတဲ့လူဟာ မှတ်ဉာဏ်ကောင်းတဲ့ လူတယောက်ဖြစ်တယ်"
                                                                                        ဆင်မြူရယ် ဘက်ကတ်

+++++++++++++++

 မှတ်ဉာဏ်ဆိုင်နဲ့ ပတ်သက်လို့ အထက်ကဆောင်းပါးရှင်ကဲ့သို့ အဆင်မပြေကြသူများလည်း ရှိကြပါတယ်။
ခါးကုန်းနေတဲ့လူတယောက်ဟာ မှတ်ဉာဏ်ဆိုင်ကိုသွားပြီး သူ ခါးကုန်းနေရတဲ့အဖြစ်ကို မေ့ပျောက်နိုင်ဖို့ သွားခဲ့ ပါသတဲ့။ “ ဒီဆိုင်ဟာ ဆေးကုသတဲ့နေရာဟာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့အရှိတရားကို ကျွန်တော်တို့ မပြောင်းလဲ ပေးနိုင်ပါဘူး၊ ၀မ်းနည်းပါတယ်” ဆိုတဲ့စကားကိုသာ ရရှိခဲ့တယ်လို့ ခါးကုန်းနေတဲ့ ပုဂ္ဂိုလ် က ပြန်ပြောပါတယ်။
 တခါကလည်း လူသတ်ပြီးထွက်ပြေးနေတဲ့ဝရမ်းပြေးတယောက်ဟာ မှတ်ဉာဏ်ဆိုင်ထဲကိုသွားပြီး သူလူ သတ်ခဲ့ တာကိုမေ့ပျောက်နိုင်စေဖို့ သွားရောက်အပ်နှံပါတယ်။ “ဒီနေရာဟာ ၀ရမ်းပြေးတွေအတွက် ဖွင့်ထားတဲ့နေရာ မဟုတ်ပါဘူး။ ကိုယ်ကျူးလွန်တဲ့အမှုအတွက် ကိုယ်ပြန်ပေးဆပ်ရမှာပါ” လို့ဧည့်ကြိုကောင် တာက လူဟာ ပြန်ပြောခဲ့ပါတယ်။ နောက်မကြာခင်မှာပဲ အဲဒီ ၀ရမ်းပြေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရနိုင်ခဲ့ပါ တယ်။
 နောက်တခါမှာလည်း နာကျည်းမှုတွေအပြည့်နဲ့လူတယောက်ကဆိုင်ထဲကို ၀င်သွားခဲ့ပါတယ်။ “ကျွန်တော့် ဘ၀ မှာဆိုးရွားမှုတွေနဲ့ပြည့်နှက်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကြီးတခုလုံးကို ဖျောက်ဖျက်ချင်ပါတယ်။ အဲဒီအတွက် ကူညီပေးပါ” ဧည့်ကြိုကောင်တာက လူဟာ သူ့ကို ခုလိုပြန်ပြောခဲ့ပါတယ်တဲ့။ “ ဒီနေရာမှာ သမိုင်းနဲ့ချီတဲ့ အဖြစ်အပျက်ကြီး တွေကို ထိန်းသိမ်းပေးလို့မရပါဘူး။ ကျွန်တော်တို့လက်ခံတာက ပုဂ္ဂလိက နာကျင် ခက်ခဲတဲ့ သီးခြားမှတ်ဉာဏ် တွေကိုပါ။ အခြားလူတွေကို ထိခိုက်လို့မရနိုင်သလို၊ ဖျောက်ဖျက်လို့လည်း မရပါဘူး။ ၀မ်းနည်းပါတယ်”
တကြိမ်မှာတော့ မှတ်ဉာဏ်ဆိုင်ထဲကို လူတယောက်ဝင်လို့သွားခဲ့တယ်။ သူဟာ တနိုင်ငံလုံးကိုပတ်ပြီး ခရီးသွား လာနေတဲ့ လူတယောက်ဖြစ်ကြောင်း၊ သူလှည့်လည်သွားလာရင်း လူတွေငတ်မွတ်ဆင်းရဲနေ တာတွေ၊ အတိ ဒုက္ခရောက်နေတာတွေကို မျက်ဝါးထင်ထင်မြင်တွေ့လာရလို့ သူ့မှာ အခုဆိုရင် အိပ်မရလောက်အောင် ပြင်းထန် တဲ့အမှတ်ရမှုတွေဖြစ်နေတဲ့အတွက် သူ့ရဲ့ခရီးစဉ်ကြီးတခုလုံးကို သူ့မှတ်ဉာဏ်ထဲကနေဖျက်ပေးပါလို့ တောင်း ဆိုလိုက်တယ်။ ဒီအချိန်မှာ ဧည့်ကြိုကောင်တာကလူဟာ နည်းနည်းတွေဝေသွားတယ်။ မျက်မှောင်ကြုတ်လို့ နည်းနည်းစဉ်းစားတယ်။ ပြီးတော့မှ ပြန်ပြောတယ်။ “ ခင်ဗျားရဲ့ခရီးစဉ်ဟာ ရှည်လျားလှပြီး အဖြစ်အပျက်တွေ များလွန်းလှတာကြောင့် ခုလောလောဆယ်တော့ ကျွန်တော်တို့ဖျက်မပေးနိုင်သေးပါဘူး။ အကယ်၍ ကျွန်တော် တို့ အဆင်ပြေတဲ့အခါမှာ ခင်ဗျားရဲ့မှတ်ဉာဏ် ကိုဖျက်ပေးနိုင်ဖို့ကြိုးစားပါ့မယ်။ ကျွန်တော်တို့ ထပ်ဆက်သွယ်ပါ့ မယ်” လို့ ပြောပြီး ဖုန်းနံပါတ်ပဲတောင်းခဲ့ပါ သတဲ့။

        +++++++++++

  မှတ်ဉာဏ်ဆိုင်နဲ့ပတ်သက်လို့အမျိုးမျိုးစုံစမ်းကြပေမယ့် ဘယ်သူမှတိကျရေရာစွာ မသိနိုင်ကြပါဘူး။ မှတ်ဉာဏ် ဆိုင်ဟာ နေ့ခင်း၁၁ နာရီဆိုပိတ်တတ်ပေမယ့် အပြင်ကနေကြည့်ရင်အထဲကို ဘယ်လိုမှ မမြင်နိုင်အောင် တံခါးကြီးတွေနဲ့ပိတ်ဆို့လို့ထားတယ်။ အထဲရောက်မှသာ မီးထိန်ထိန်လင်းတယ်ဆိုတာကို လူတွေသိကြတယ်။ မှတ် ဉာဏ်အပ်နှံခွင့်ရပြီး ပြန်ထွက်လာတဲ့လူတွေဟာ သူတို့အပ်နှံခဲ့တဲ့ မှတ်ဉာဏ် အကြောင်းရော၊ ဆိုင်ထဲမှာ သူ တို့ဘယ်လိုတွေ့ကြုံခဲ့ရတယ်ဆိုတာတွေကော ဘယ်လိုမှမမှတ်မိကြဘူး။ ဒါပေမဲ့ သူတို့အားလုံးဟာ ပျော်ရွှင်လို့ နေကြတယ်။ အရိုးလိုစူးနေတဲ့မှတ်ဉာဏ်ဆိုးကို သူတို့ဖယ်ရှားနိုင် ခဲ့ကြတယ်။ ဒီတချက်နဲ့တင် သူတို့ကျေနပ်ကြတယ်။ တနေကုန်တနေခမ်း မှတ်ဉာဏ်ဆိုင်ကို အပြင် ကနေစောင့်ကြည့်သူတွေဟာ မှတ်ဉာဏ်ဆိုင်ထဲက ဧည့် ကြိုကောင်တာက လူအပါအ၀င်၊ တစုံတယောက် မှ ထွက်လာတာကိုမမြင်ကြရဘူး။ သူတို့တွေသာစောင့်ဆိုင်းရင်း အချိန်ကုန်လူပန်း သွားကြတယ်။ လူမှုဗေဒပညာရှင်တွေကလည်း ဒီအချက်နဲ့ပက်သက်လို့ အကြိတ်အနယ် အငြင်းအခုန် လုပ်ကြတယ်။ မထောက်ခံသူတွေက ဒါဟာ လူသားဖြစ်တည်မှုကိုအနှစ်သာရကင်းမဲ့စေတဲ့လုပ်လို့ ဆိုကြသလို၊ ထောက်ခံသူတွေကတော့ ဒါဟာ လူသားလွတ်လပ်ခွင့်အတွက် တဦးတယောက်ချင်းနဲ့ဆိုင်တဲ့ အရာလို့ပြန်ပြောကြတယ်။ 

ကဲ… မိတ်ဆွေ သင့်ပတ်ဝန်းကျင်မှာ ဒီလိုမှတ်ဉာဏ်ဆိုင်လို့ အလွယ်ခေါ်နိုင်တဲ့ မှတ်ဉာဏ်ထိန်းသိမ်းရေး ဌာန တခုလာဖွင့်ရင် သင့်အနေနဲ့လက်ခံနိုင်ပါ့မလား။ လက်ခံနိုင်ဘာ့ကြောင့်လက်ခံတာလဲ။ လက်မခံနိုင်ရင် ဘာ့ ကြောင့်လက်မခံနိုင်တာလဲ မဆိုစလောက် အချိန်ကလေးယူပြီး စဉ်းစားပေးနိုင်မလား။

မိုးသက်ဟန်
(၃.၁.၂၀၁၅-နေ့လည် ၁၂နာရီ ၄၈ မိနစ်)

Comments