သစ်ခက်သံလွင်ကဗျာခံစားမှု -ငြိမ်းဝေ(ကဗျာ့ အိုးဝေ) ရဲ့ တိရစ္ဆာန်ရုံထိန်းရဲ့မယား (သို့မဟုတ်) .......


တိရစ္ဆာန်ရုံထိန်းရဲ့ မယား 
သို့ မဟုတ် 
သမ္မာကျမ်းလာ 
တားမြစ်သစ်ပင်တစ်ပင်



ဆစ်လ်ဗီယာ ပလာ့သ် ရဲ့ကဗျာထဲမှာ “ သေကြောင်းကြံတဲ့မိန်းမ ” “ယောက်ျားတွေကို အာခံတဲ့ မိန်းမ” တခါတလေမှာ သူဟာ သူ့ ကိုယ်သူ ကိုယ်ပိုင်ဘ၀စစ်စစ်ကို ပိုင်ဆိုင်သူဆိုတာမျိုး၊ ဘယ် ယောက်ျားကိုမှ အားကိုးဖို့မလိုတဲ့ “ပကတိသန့်ရှင်းတဲ့မိန်းမ”  “ယောက်ျားအညစ်အကြေးကင်း ရှင်းတဲ့ မိန်းမ” ဆိုတာ မျိုးတွေ ရေးခဲ့ပါတယ်။

(က)


“မဟာပူရိသ၀ါဒ” နဲ့  “မဟာဣတ္ထိယ၀ါဒ” အကြောင်းကို ခြေခြေမြစ်မြစ်တော့ ကျွန်တော်နား မလည်ပါဘူး။ ဒါပေမဲ့ ပူရိသပဲ ဖြစ်ဖြစ်၊ ဣတ္ထိယပဲဖြစ်ဖြစ် ကိုယ့်ဘက်က တရားလွန် အခွင့်အရေး ယူတဲ့ကိစ္စဟူသမျှ ကျွန်တော်ကတော့ မနှစ်သက်ပါဘူး။
ဝန်ခံရမှာတခုတော့ ရှိပါတယ်။ လူသားရဲ့သမိုင်းမှာ မဟာပူရိသ၀ါဒဟာ အလွန်မတန် သက်တမ်း ရှည်ကြာထွန်းကားနေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း မဟာဣတ္ထိယ၀ါဒ ထွန်းကားတဲ့ခေတ် လည်း ရှိခဲ့ဖူးတယ်လို့ပြောတာလည်း ကြားဖူးပါတယ်။
မဟာပူရိသ၀ါဒ ထွန်းကားတာ သက်တမ်းရှည်ကြာလွန်းတော့ မဟာပူရိသ၀ါဒရဲ့မတရားလွန်ကဲတဲ့ ကိစ္စတချို့ဟာ တရားတဲ့ ကိစ္စတွေအဖြစ် အသားကျလာခဲ့ကြပြီး လူများစုကြီးကမသိစိတ်နဲ့လက်ခံ လာကြရတဲ့ကိစ္စကတော့ ၀မ်းနည်းစရာပဲပေါ့။


မဟာပူရိသ၀ါဒ သက်တမ်းရှည်ကြာအောင် လွှမ်းမိုးနေလာနိုင်တဲ့ အချက်တွေထဲမှာ လူတွေ အလုပ်တာဝန်ခွဲဝေလုပ်ကိုင် လာတဲ့ခေတ်ရဲ့တွန်းအားတွေအများကြီး ပါနိုင်မယ်ထင်ပါတယ်။ ခန္ဓာဗေဒအရ “ ဖို ” က “ မ ” ထက်ပိုပြီး ခွန်အားရှိတဲ့သဘောမို့  မိသားစုတစုမှာပဲ ဖြစ်ဖြစ်၊ လူအုပ်စုတစုမှာပဲဖြစ်ဖြစ်၊ မ ဟာ ဖို လောက် အရေးမပါ အရာမမြောက်တဲ့သဘော သက်ဝင် လာခဲ့ပြီး မဟာဖိုဝါဒ ၊ မဟာပူရိသ၀ါဒ ဟာ အထွတ်အထိပ်ကို ရောက်လာခဲ့တဲ့သဘောပါပဲ။


မြေရှင်ပဒေသရာဇ်ခေတ်မှာတော့ မဟာပူရိသ၀ါဒ ဟာ အဲဒီခေတ်ရဲ့အခြေခံဖိုဝါဒဆိုင်ရာမူတခု ဖြစ်လာခဲ့ပြီး ဖို နဲ့  မ အခွင့်အရေးနှိုင်းယှဉ်မှုအရ ဖို က မ ထက် အခွင့်အရေး အဆမတန်ရယူခဲ့ပါ တော့တယ်။ လူ့သမိုင်းမှာတော့ မြေရှင်ပဒေသရာဇ်ခေတ်ဟာ မဟာပူရိသ၀ါဒ အထွန်းကားဆုံး ဖြစ်ခဲ့ပါတယ်။



(ခ)


မြန်မာ့သမိုင်းမှာ မဟာပူရိသ၀ါဒကို ဆန့်ကျင်ဝေဖန်ပြီး အမျိုးသမီးတွေရဲ့အခွင့်အရေးကိစ္စ ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြတဲ့အခြေအနေဟာ မျက်မှောက်ကာလမှာ အကျယ်လောင်ဆုံး ကြားရတဲ့သဘောရှိပါတယ်။
ဒါဟာလည်း အခြေအနေမပေးသေးတဲ့ ပြည်တွင်းမှာ မဟုတ်ဘဲ ပြည်ပရောက်မြန်မာအမျိုးသမီး အင်အားစုအတွင်းမှာ အခုလို စတင်ပြောဆိုလာကြတာပါ။ ဒီလိုပြောဆိုဆွေးနွေးလာကြတာဟာ ကောင်းပါတယ်။ မနေ့တနေ့ကဆိုရင် စီမံလုပ်ကိုင်ခွင့်ဆိုင်ရာ အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ကို ရာခိုင်နှုန်းအတိအကျသတ်မှတ်ရာထား တာဝန်ပေး သင့်မသင့်ဆိုတဲ့ အကြောင်းအရာကို ပြောဆိုဆွေးနွေးကြတာကို ကြားရပါတယ်။


ကျွန်တော်တို့ဟာ မဟာပူရိသ၀ါဒ သက်တမ်းရှည်ကြာလွန်းစွာ အပေါ်စီးရယူနိုင်ခဲ့လို့ အမျိုးသမီး တွေ အလူးအလိမ့်ခံစားရတဲ့သမိုင်းကြောင်းကြီးအတွက် စိတ်မကောင်းဖြစ်ကြရတော့ အမှန်ပါပဲ။ ဖိနှိပ်ခံခဲ့ကြရတဲ့ အမျိုးသမီးထုကြီးအတွက် ကျနော်တို့တတွေ စာနာကြရမှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ မဟာပူရိသ၀ါဒ သက်တမ်းရှည်ကြာစွာ နေရာ ယူလာခဲ့လို့ဖိနှိပ်ခံကြရတဲ့အမျိုးသမီးတွေက မဟာပူရိသ၀ါဒကို ဆန့်ကျင်ဝေဖန်ကြရာမှာ ခံစားချက်ကိုရှေ့ တန်းမတင်ဘဲ တရားအပေါ်မှာပဲ အခြေခံပြီး ပြောဆိုဆွေးနွေးသင့်တယ်လို့ ယူဆမိတယ်။
ခံစားချက်ကိုအခြေခံရင် တရားကို ပွန်းပဲ့သွားနိုင်စေတာမို့ တရားနဲ့ ကင်းကွာတဲ့တောင်းဆိုချက် တွေ၊ တရားနဲ့ဆန့်ကျင်ဖက်ဖြစ်ကြတဲ့အမြင်တွေ ရှိလာတတ်ပါတယ်။ အစွန်းတဘက်ကို ဝေဖန်ရင်း တခြားအစွန်းတဘက် ချောက်ထဲကျသွားနိုင်ပါတယ်။ မဟာပူရိသ၀ါဒကိုဆန့်ကျင်ရင်း မဟာဣတ္ထိယ၀ါဒနွံထဲ ဆင်းသွားနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ သတိချပ်ရပါမယ်။


လူ့သမိုင်းမှာ ပူရိသ၀ါဒပဲဖြစ်ဖြစ်၊ ဣတ္ထိယ၀ါဒပဲဖြစ်ဖြစ် ဘယ်ဝါဒ၊ ဘယ်စနစ်၊ ဘယ်သတ်မှတ်ချက် ပဲဖြစ်ဖြစ် တရားအပေါ် အခြေခံကြရပါမယ်။ တရားမျှတမှု၊ သဘာဝကျမှုတွေကို အခြေခံထား စဉ်းစားကြရပါမယ်။



(ဂ)


မဟာပူရိသ၀ါဒ သို့မဟုတ် မဟာဖိုဝါဒဟာ လူ့သမိုင်းမှာ ဘယ်ဝါဒမှ လိုက်မမီနိုင်လောက်အောင်၊ ထွန်းကားလာခဲ့တာတော့ အမှန်ပါပဲ။ မဟာဖိုဝါဒဟာ လူ့သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး ထွန်းကားတဲ့ ၀ါဒ၊ ခွန်အားအကြီးဆုံးဝါဒ ဖြစ်ပါတယ်။ ယခု လက်ရှိကာလ အထိ ထွန်းကားလျက်ရှိတဲ့ ၀ါဒ ဖြစ်ပါ တယ်။ နောင် ဘယ်လောက်ကြာကြာ ဆက်လက်ထွန်းကားနေဦးမလဲ။
မဟာပူရိသ၀ါဒ အောက်မှာ အမျိုးသမီးတွေ အလူးအလိမ့်ခံစားခဲ့ကြရပါတယ်။ ခံစားရတာကို ခံစားရတယ်လို့မထင်မှတ်ရ လောက်အောင်ကို ပြင်းထန်ညင်သာ နက်ရှိုင်းခဲ့ပါတယ်။ ဒီလို အပြင်းအထန်ခံစားခဲ့ရတဲ့မှတ်တမ်းမှတ်ရာတွေလည်း တပုံတပင်ကြီး ရှိပါတယ်။ ဒီအထဲမှာ အမေရိကန်ကဗျာဆရာမ “ ဆစ်လ်ဗီယာ ပလာသ် ” ကတော့ မဟာပူရိသ၀ါဒရဲ့ဖိနှိပ်မှုဒဏ်ကို ကဗျာနဲ့ဖော်ပြပြီး ကမ္ဘာအမျိုးသမီးထုရှေ့က ရှေ့နေလိုက်ခဲ့ဖူးပါတယ်။


အမျိုးသားတွေရဲ့အမျိုးသမီးတွေအပေါ် လျစ်လျူရှုမှု၊ ဖိနှိပ်မှုတွေကို သူက ကဗျာစပ်ပြီး ဖော်ပြခဲ့ တယ်။ ဖိနှိပ်ခံရသူ၊ လစ်လျူရှုခံရသူ၊ အမျိုးသမီးတယောက်ရဲ့ ခံစားချက်တွေကို ကဗျာနဲ့ ဖော်ပြခဲ့ တယ်။ သူ့ရင်ထဲက အန်ထွက်ကျလာတဲ့ခံစားချက်၊ ၀န်ခံချက် ( Confessional )ဟာ တိကျလွန်း၊ စည်းလုံး လွန်း၊ ပေါ်လွင်လွန်းလို့ စာဖတ်သူတွေ အသက်ရှူမ၀လောက်အောင်၊ ရင်တမမ ဖြစ်ရလောက်အောင် ခံစားချက်တွေလှိုင်းထန်ခဲ့ကြရပါတယ်။ သူ့ ကဗျာတွေ ထဲမှာ မဟာပူရိသ၀ါဒရဲ့ဖိစည်းမှုကို တွန်းလှန်ဖို့ ကြိုးစားတဲ့ စိန်ခေါ်သံတွေ ဟိန်းဟိန်းညံနေခဲ့ပါတယ်။


ဆစ်လ်ဗီယာ ပလာ့သ်ရဲ့ကဗျာထဲမှာ အသုံးပြုခဲ့တဲ့နိမိတ်ပုံတွေဟာ အင်မတန်ကြောက်စရာကောင်း စရာ လောက်အောင် သစ်လွင်နေတာ၊ တိကျနေတာတွေ့ရပါတယ်။ ဘ၀အပေါ် သူ ဘယ်လောက် ခံစားမှုတွေနင့်သီးနေသလဲဆိုရင် သူက အင်မတန်အေးမြချမ်းငြိမ်းစေတဲ့ “ လ ” ကို တောင်မှ “ ဥသေ ” ဆိုတဲ့ နိမိတ်ပုံမျိုး သုံးတတ်ပါတယ်။ ပူရိသ နဲ့ ဣတ္ထိယကို အရှင်နဲ့ အသေသဘောအထိ ရေးခဲ့ပါ တယ်။ ပြင်ပမှာရှိတဲ့ ဗဟိဒ္ဓလောက၊ ဗဟိဒ္ဓဥတု၊ ဗဟိဒ္ဓ မိုးလေ၀သအခြေ အနေထက် သူ့ ခန္ဓာကိုယ်ထဲက၊ သူ့ အတွင်းနက်နက်ထဲက အဇတ္ထလောက၊ အဇတ္ထမိုးလေ၀သ ကိုပဲ ရေးဖွဲ့ပါတယ်။


ဆစ်လ်ဗီယာ ပလာ့သ် ရဲ့ကဗျာထဲမှာ “ သေကြောင်းကြံတဲ့မိန်းမ ” “ယောက်ျားတွေကို အာခံတဲ့ မိန်းမ” တခါတလေမှာ သူဟာ သူ့ ကိုယ်သူ ကိုယ်ပိုင်ဘ၀စစ်စစ်ကို ပိုင်ဆိုင်သူဆိုတာမျိုး၊ ဘယ် ယောက်ျားကိုမှ အားကိုးဖို့မလိုတဲ့ “ပကတိသန့်ရှင်းတဲ့မိန်းမ”  “ယောက်ျားအညစ်အကြေးကင်း ရှင်းတဲ့ မိန်းမ” ဆိုတာ မျိုးတွေ ရေးခဲ့ပါတယ်။ ဒီလို (Confessional)ဆန်တဲ့ ကဗျာတွေကိုရေးနေ တဲ့ အချိန်ဟာ ၁၉၆၀ ခုနှစ်တ၀ိုက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)၀န်းကျင်ကပါ။
ဒီလိုနဲ့ ၁၉၃၂ ခုနှစ်မှာ မွေးတဲ့ ဆစ်လ်ဗီယာ ပလာ့သ်ဟာ အသက် (၃၁)နှစ်မှာပဲ ဖခင်နဲ့ကင်းကွာ နေတဲ့ လူမမယ်သားသမီးနှစ်ယောက်ကို ထားရစ်ခဲ့ပြီး၊ မီးဖိုချောင်ထဲက၊ ဓာတ်ငွေ့ ပိုက်ကိုရှူကာ ကိုယ့်ကိုယ်ကို သတ်သေ လိုက်ပါတယ်။ သူဟာ ၁၉၆၃ ခု ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။


(ဃ)


ကျွန်တော်ကတော့ မဟာပူရိသ၀ါဒကို အပြင်းအထန်ဝေဖန်ဆန့်ကျင်ပြီး မှန်ကန်တဲ့ ဣတ္ထိယ၀ါဒ ကို ထူထောင်ဖို့ကြိုးစားတဲ့ မျက်မှောက်ခေတ်မျိုးမှာ ဖြတ်သန်းကြီးပြင်းရတဲ့အတွက် ကျေနပ်ပါ တယ်။ ဒီလိုကြိုးပမ်းကြသူတွေကိုလည်း လေးစား၊ လေးနက်မိပါတယ်။
မဟာပူရိသ၀ါဒ က ဘယ်လောက်အထိ ဖိနှိပ်မှုပြင်းထန်သလဲဆိုတာကတော့ သက်သေပြစရာတွေ တပုံတပင်ရှိပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ အမေရိကန်ကဗျာဆရာမ ဆစ်လ်ဗီယာ ပလာ့သ်ရဲ့အဖြစ်က အဲဒီတပုံတပင်ကြီးထဲက တခုပါ။ ကဗျာရှုးသွပ်သူတဦးအနေနဲ့ မဟာပူရိသ၀ါဒ ရဲ့ ဖိစီးမှုပြယုဒ်ကို ကဗျာဆရာ တယောက်ရဲ့ဘ၀နဲ့ ဖော်ပြခွင့်ရလို့လည်း ကျေနပ်မိပါတယ်။


ဆစ်လ်ဗီယာ ပလာ့သ်က တင်စားပြောဆိုသွားခဲ့တဲ့အဖြစ်ဆိုး နာကျည်းကြေကွဲဖွယ်ကောင်းတဲ့ “တိရစ္ဆာန်ရုံထိန်းရဲ့မယား” “ သမ္မာကျမ်းလာ တားမြစ်သစ်ပင်တပင် ” ဆိုတဲ့ အမျိုးသမီးမျိုးရဲ့ ဘ၀မျိုး အဖြစ်မျိုးတွေကို ကျွန်တော်တို့ မကြားရက် မမြင်ရက်တာလည်း အမှန်ပါပဲ။
ဒီစိတ်စေတနာကိုအရင်းခံပြီး စာဖတ်သူတွေကို ဆရာဇေယျာလင်းဘာသာပြန်ဆိုထားတဲ့
ဆစ်လ်ဗီယာ ပလာ့သ်ရဲ့ကဗျာတပုဒ်နဲ့ ကျွန်တော် မိတ်ဆက်ပေးလိုက် ပါတယ်။ ဒီကဗျာထဲက “သမ္မာကျမ်းလာ တားမြစ်သစ်ပင်တပင်” ရဲ့ မုန်တိုင်းဆန်လှတဲ့အော်သံဟစ်သံတွေကို စာဖတ်သူများ မလွဲမသွေ ကြားကြရပါလိမ့်မယ်။


-------------------------------
တိရစ္ဆာရုံထိန်းရဲ့မယား
--------------------------------
လိုအပ်ရင်
ကျမ တညလုံး မအိပ်ဘဲ နေနိုင်တယ်
ငါးရှဥ့်တကောင်လို တကိုယ်လုံးအေးစက်
မျက်လွှာမရှိ။
သေနေတဲ့ ရေကန်လို
အမှောင်ဟာ ကျမကို ၀န်းရံထားတယ်။
မည်းပြာရောင်
ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မက်မန်းသီးတလုံး။
ကျမ နှလုံးသားထဲက ဘာလေမြှုပ်မှ မထွက်ဘူး။
ကျမမှာ အဆုတ်မရှိဘူး။
ကျမဟာ ရုပ်ဆိုးတယ်။
ကျမရဲ့ဝမ်းဗိုက်ဟာ ပိုးသားခြေစွပ်ရှည်တဘက်
အဲဒီထဲမှာ ကျမညီမတွေရဲ့ဦးခေါင်းတွေ၊
အမြီးတွေ ပုပ်ပွနေတယ်။
ကြည့်၊ အားကောင်းတဲ့ အရည်တွေထဲမှာ
အဲဒီဦးခေါင်းတွေ၊ အမြီးတွေ
အကွေစေ့တွေလို အရည်ပျော်နေကြတယ်။
ပင့်ကူလို မေးရိုးတွေ၊ တအောင့်လှစ်ပြတဲ့
ကျောရိုးတွေ
အင်ဂျင်နီယာရဲ့ဘလူးပရင့်(တ်) ပုံစံပေါ်က
အဖြူရောင် မျဉ်းကြောင်းတွေလိုပဲ။
အကယ်၍ ကျမ နည်းနည်းလှုပ်လိုက်မယ်ဆိုရင်
ဟောဒီ ပန်းနုရောင်နဲ့ ခရမ်းရောင်စပ် ပလတ်စတစ်
အူအိတ်ဟာ
ကလေးကစားစရာ ခလောက်လို
“ ဂျောက်ဂျက် ” မြည်လိမ့်မယ်ထင်တယ်။
မျိုသိပ်ထားတဲ့ မကျေနပ်ချက်တွေ
အချင်းချင်း တွန်းဝှေ့ တွန်းတိုက်သံတွေ
ကျွတ်ထွက်လာတဲ့ သွားတွေ သွားတွေလို။
ဒါပေမဲ့ ဒီကိစ္စကို ရှင်ဘယ်သိမလဲ
ကျမရဲ့၀၀တုတ်တုတ် ၀က်ကြီးငဲ့၊
ကျမရဲ့ခြင်ဆီလို အချစ်ကြီး၊
နံရံကိုပဲ မျက်နှာမူထားတဲ့ လူကြီးငဲ့။
နို့တိုက်သတ္တ၀ါငယ် လှောင်ရုံထဲက
စိုထိုင်းထိုင်းလေသေထဲမှာ
မီးကျွမ်းထားသလို ခြေသည်းချိတ်တွေနဲ့ 
တွဲလောင်းခိုကြတဲ့
ဝံပုလွေဦးခေါင်း သစ်သီးစားလင်းနို့တွေနဲ့ 
ရှင် ကျမကို ပိုးပန်းခဲ့တယ်။
သဲပုံထဲမှာ မှေးအိပ်နေတဲ့ သင်းခွေချပ်
ဝက်တကောင်လို ညစ်ညမ်း၊ အမွေးအမျှင်လည်းမရှိ။
ကြွက်ဖြူတွေဟာ ပင်အပ်ထိပ်ဖျားက ကောင်းကင်တမန်တွေလို
ထာဝရအထိ ပွားချင်တိုင်းပွားနေလိုက်ကြတာ
ပျင်းရိ ငြီးငွေ့မှုသက်သက်ကြောင့်ပဲ။
ချွေးစေးရွှဲနစ် အိပ်ရာခင်းတွေထဲ လုံးထွေးရင်း
ကျမ သတိရရနေတာက
မုဆိုးပိုင်း ပိုင်းထားတဲ့ ယုန်တွေ။
ဓာတ်စာကားချပ်တွေကို ရှင်စစ်ဆေးပြီး
ကျမကို ခေါ်ထုတ်သွားတယ်
အသင်းဝင်များ ဥယျာဉ်ထဲမှာ
စပါးကြီးမြွေနဲ့  ဆော့ကစားခိုင်းတယ်။
ကျမကိုယ်ကျမ
သမ္မာကျမ်းလာ တားမြစ်သီးပင်လို
ဟန်ဆောင်လိုက်တယ်။
ရှင့်ရဲ့သမ္မာကျမ်းစာထဲ ကျမ ၀င်ခဲ့တယ်။
ရှင့်ရဲ့  သမ္မာကျမ်းလာ အာ့(က်) သင်္ဘောပေါ် တက်ခဲ့တယ်၊
ဆံပင်တုနဲ့ ဖယောင်းနားရွက်နဲ့ အမွန်အမြတ်ထားအပ်တဲ့
ဘာဘွန်းမျောက်နဲ့အတူ၊
မှန်ဘူးနံရံတွေကို ကုတ်ကပ်တွယ်တက်တဲ့
လက်ချောင်းရှစ်ချောင်းရှိတဲ့ လက်တဘက်လို
ဝက်ဝံမွေးရှည်ရှည် ငှက်သားစားပင့်ကူနဲ့အတူ။
ကျမစိတ်ထဲက ထုတ်ပစ်မရတာဟာ
မီးခတ်ကျောက်လို လှောင်အိမ်တွေ
မီးပွင့်လင်းပစေခဲ့တဲ့ရှင် ကျမကို ပိုးပန်းခဲ့ခြင်းပဲ။
ရှင့်ရဲ့ချိုနှစ်ချောင်းပါတဲ့ ကြံ့ဟာ
ပါးစပ်တပေါက်ကို ဖွင့်ပစ်လိုက်တယ်
ဘွတ်ဖိနပ်ခွာလို ညစ်ပေလို့ 
ဆေးရုံသုံး လက်ဆေးကြွေခွက်လို ကြီးမားလို့ 
ကျမရဲ့သကြားခဲလေးရယူဖို့ ၊
ဒင်းရဲ့နွံပုပ်ခံတွင်းနံ့ဟာ
ကျမကို တတောင်ဆစ်အထိ
လက်အိတ်တွေလို စွပ်ခဲ့တယ်။
ပက်ကျိတွေဟာ ပန်းသီးနက်တွေလို
အနမ်းတပြွတ်ပြွတ်ပေးလို့ ။
ညတိုင်းပဲ အခု ကျမ
ကြာပွတ်နဲ့ကို နင်းရိုက်တယ်
သူတို့ရဲ့သံတိုင်တွေပေါ်ကနေ
ကြာပွတ်နဲ့ တင်းကြမ်းရိုက်ပစ်တယ်
လူဝံတွေ၊ ဇီးကွက်တွေ၊ ၀က်ဝံတွေ၊ သိုးတွေ။
ဒါတောင် ကျမ
ဘယ်တညမျှ
အိပ်ရတယ်လို့  မရှိဘူးရှင့် … ။


ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။ ။ ဇေယျာလင်းရဲ့ ဆစ်လ်ဗီယာ ပလာ့သ်ဘ၀၊ ဆစ်လ်ဗီယာ ပလာ့သ်ကဗျာ စာအုပ်။

Comments