သစ်ခက်သံလွင်- ဂုဏ်ပြုဦးညွတ်ခြင်း((ဂါမဏိ- ကျောင်းသားအာဇာနည် ဆလိုင်းတင်မောင်ဦးသို့ တမ်းချင်း)

ကျောင်းသားအာဇာနည် ဆလိုင်းတင်မောင်ဦးသို့တမ်းချင်း
 
တကယ်တော့ ကျောင်းသားက ကျောင်းသားသပိတ်မှောက်တာ ဘာမှမဆန်းပါဘူး။…
ဆန်းတာက ကျောင်းသားကို သေဒဏ်ပေးတာပါ။… အသက် ၂၅ နှစ်အရွယ် ကျောင်းသား တယောက်ကို သေဒဏ် ပေးတာက ဆန်းနေပါတယ်။… ကမ္ဘာမှာ ရှိမယ် မထင်ပါဘူး။
 "အသက် ၂၅ နှစ်မှာ ဂုဏ်ရောင်သုံးထပ်နဲ့လူ"

မိတ်ဆွေ… … ခင်ဗျားအသက် ၂၅ နှစ်တုံးက ဘာလုပ်ခဲ့ပါသလဲ။ ခင်ဗျားအသက် ၂၅ နှစ်တုံးက ဘာဖြစ်ခဲ့ပါသလဲ။
ခင်ဗျားသားသမီး အသက် ၂၅ နှစ်မှာ ဘာလုပ်နေပါသလဲ။ ဘာဖြစ်နေပါသလဲ။
ညီ -ညီမတို့… … ဒါမှမဟုတ် သားတို့ သမီးတို့… … မင်းတို့အသက် ၂၅ နှစ်မှာ ဘာလုပ်နေသလဲ။ ဘာဖြစ်နေသလဲ။ ဒါမှမဟုတ် အသက် ၂၅ နှစ်ရောက်ရင် ဘာလုပ်မလဲ။ ဘာဖြစ်မလဲ။

xxx

ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမယ့် ကိုအောင်ဆန်းဟာ အသက် ၂၅ နှစ်မှာ ပြည်ပကို စွန့်စွန့်စားစားနဲ့ တရားမဝင် ထွက်ခွာပြီး ဂျပန်ပြည်မှာ လွတ်လပ်ရေးတပ်မတော်ကို မျိုးစေ့ချခဲ့ပါတယ်။ ပထမလွတ်လပ်ရေးရဖို့ လမ်းဖောက်နိုင် ခဲ့တယ်။ အသက် ၃၁ နှစ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ပြီး ပထမလွတ်လပ်ရေးကို မမြင်ရခင် အသက် ၃၂ နှစ်မှာ ကျဆုံးခဲ့ရပါတယ်။

xxx

ကျနော့်သူငယ်ချင်းကတော့… အသက် ၂၅ နှစ်မှာ ကြိုးစင်ပေါ် ရင်ကော့ တက်သွားခဲ့ပါတယ်။ ဒုတိယလွတ်လပ်ရေးအတွက် လမ်းဖောက်နေရင်း ဒုတိယလွတ်လပ်ရေးကိုမမြင်ရခင် လမ်းခုလတ်မှာ အသက်စွန့်သွားခဲ့တာပါ…

xxx

ဟုတ်ကဲ့… သူ လူတယောက်မှ မသတ်ခဲ့ဖူးပါဘူး။ ဘယ်အိမ်ကိုမှလဲ ဗုံးမခွဲခဲ့ဖူးပါဘူး။
ဟုတ်ကဲ့… သူ သူတပါးပစ္စည်းကိုလည်း မတရားမယူခဲ့ဖူးပါဘူး။ သူတပါးထိခိုက်နစ်နာအောင် လိမ်ညာခဲ့တာလဲ မရှိခဲ့ပါဘူး။ (သူတပါး မထိခိုက်ရအောင် စစ်ထောက်လှမ်းရေးကို လိမ်ပြောတာတော့ ရှိခဲ့ပါလိမ့်မယ်။) သူတပါးသားမယားကိုလဲ မပစ်မှားခဲ့ပါဘူး။
သူဟာ ကျောင်းသားတယောက်ပါ။ သတ္တဗေဒအဓိကနဲ့ ပညာသင်နေတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသား တယောက်ပါ။
ဒါပေမဲ့… … … သူ … အသက် ၂၅ နှစ်မှာ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သေဒဏ်ပေးခံရတယ်။

xxx

ဟုတ်ကဲ့… သူ့ရဲ့ တခုတည်းသော 'ပြစ်မှု' ကတော့… စစ်အာဏာရှင်ကို သဲသဲမဲမဲ ဆန့်ကျင်မှု ဖြစ်ပါတယ်။… မြန်မာပြည်သူတွေကို သဲသဲမဲမဲချစ်မြတ်နိုးမှု ဖြစ်ပါတယ်။
သူဟာ ကျောင်းသားတယောက်အနေနဲ့… ကျောင်းသားအခွင့်အရေး ဒီမိုကရေစီအခွင့်အရေး အတွက်… ကျောင်းသားသပိတ်တွေမှာ ပါခဲ့တယ်။ တတပ်တအားနဲ့ ဦးစီးဦးဆောင် ဝင်နွှဲခဲ့ပါတယ်။ မှတ်မှတ်ရရ ကျောင်းသားသပိတ် ၃ ခုကို ဖောက်ခွဲရှေ့ဆောင်ခဲ့ပါတယ်။ ၁၉၇၄ ဒီဇင်ဘာ ဦးသန့် ဈာပန ကျောင်းသားသပိတ်၊ ၁၉၇၅ ဇွန် အလုပ်သမားသတ်ပွဲနှစ်ပတ်လည် ရွှေတိဂုံကျောင်းသား သပိတ်၊ ၁၉၇၆ မတ် သခင်ကိုယ်တော်မှိုင်းရာပြည့် ကျောင်းသားသပိတ်တွေဟာ ကိုတင်မောင်ဦးကို သိက္ခာသုံးထပ် တင်ပေးခဲ့ပါတယ်။
တကယ်တော့ ကျောင်းသားက ကျောင်းသားသပိတ်မှောက်တာ ဘာမှမဆန်းပါဘူး။…
ဆန်းတာက ကျောင်းသားကို သေဒဏ်ပေးတာပါ။… အသက် ၂၅ နှစ်အရွယ် ကျောင်းသား တယောက်ကို သေဒဏ် ပေးတာက ဆန်းနေပါတယ်။… ကမ္ဘာမှာ ရှိမယ် မထင်ပါဘူး။

xxx

ကိုတင်မောင်ဦးကို ပြည်ပြေးသောင်းကျန်းသူ အဖျက်သမားလို့ စွပ်စွဲပြီး သတ်လိုက်တာဖြစ်ပါတယ်။ 'နိုင်ငံတော်'ကို သစ္စာဖောက်တယ်လို့ စွပ်စွဲပြီး စစ်ခုံရုံးက နေ့ချင်းပြီးအမှုစစ် သေဒဏ်စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်… သူဟာ ထိုင်းနယ်စပ်အခြေစိုက်တဲ့ ပီဒီပီ သို့မဟုတ် ပြည်ချစ်တပ်မတော် အဖွဲ့ဆီ သွားရောက်ဆက်သွယ်ပြီး စစ်သင်တန်းတက်ခဲ့တယ်။ လက်နက်အကူအညီယူခဲ့တယ်။ ဒါပေမဲ့ သူဟာ 'ပီဒီပီ' အဖွဲ့ဝင် သို့မဟုတ် 'ပြည်ချစ်တပ်မတော်'သားအဖြစ် မရပ်တည်ခဲ့ပါဘူး။ လက်နက်ကိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ်ပဲ ရပ်တည်ခဲ့ပါတယ်။ ကျောင်းသားတိုက်ပွဲ-လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲ-လက်နက်ကိုင်တော်လှန်ရေးနဲ့ ပေါင်းစပ်ဖို့ကြိုးပမ်းခဲ့ခြင်း သာဖြစ်ပါတယ်။
ဒီကနေ့ ABSDF နဲ့တကွ စစ်မှန်တဲ့တော်လှန်ရေးအင်အားစုအားလုံးလိုလို လက်ခံထားတဲ့ လူထုတိုက်ပွဲ နဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ရေးမူကို ကိုတင်မောင်ဦးက ကျောင်းသားတယောက်အဖြစ် ပထမဆုံး လက်တွေ့အကောင် အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ (လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ဖို့ ကိုတင်မောင်ဦး သွားရောက် ဆက်စပ်ခဲ့တဲ့ ပီဒီပီအဖွဲ့ကြီးရဲ့ ထာဝရခေါင်းဆောင်ကြီး ဦးနုကတော့ ကိုတင်မောင်ဦး ကြိုးပေးခံရပြီး ၄ နှစ်အကြာမှာ ကိုတင်မောင်ဦးကို ကြိုးပေးခဲ့သူတွေထံ ဒူးထောက်အညံ့ခံသွားခဲ့တာကတော့ ကံကြမ္မာရဲ့ သရော်ချက်ပါပဲ။)
ကျောင်းသား ဆိုတာ ဘယ်သူ့နောက်လိုက်မှမဟုတ်… ဘယ်သူ့သြဇာမှမခံပါ…

xxx

ဒါ့အပြင် သူဟာ လူမျိုးကိုအခြေမခံတဲ့ ကျောင်းသားတယောက်လဲ ဖြစ်ပါတယ်။ မျိုးရိုးဗီဇအားဖြင့် ချင်းတိုင်းရင်းသား တယောက်ဖြစ်ပေမဲ့… သူ့ခေါင်းထဲမှာရှိတာက စစ်အာဏာရှင်ကို ခြွင်းချက်မရှိ ဖြုတ်ချရေးဖြစ်ပါတယ်… တနိုင်ငံလုံးအရေး ဖြစ်ပါတယ်... ချင်းတိုင်းရင်းသားအရေးမဟုတ်… ချင်းပြည်နယ်အရေးမဟုတ်… တနိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ဖို့အရေး ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံ့ဗဟိုချက် ရန်ကုန်မြို့တော်မှာ လူထုတိုက်ပွဲတွေကို ဖောက်ခွဲ ခေါင်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ တနိုင်ငံလုံးကို ဦးဆောင်မှုပေးဖို့ ရွပ်ရွပ်ချွံချွံကြိုးပမ်းခဲ့တာ တိုင်းရင်းသားထဲမှာ ကိုတင်မောင်ဦးအပြင် နောက်ထပ်ဘယ်နှစ်ယောက်များရှိပါသလဲ… ဒီကနေ့ တိုင်းရင်းသား ခေါင်းဆောင်တွေရော ဗမာနိုင်ငံရေးသမားတွေပါ ရှက်တတ်ရင် လဲသေဖို့ကောင်းပါတယ်။ (ကိုလိုနီခေတ်တုံးကတော့ ရခိုင်က ဦးဥတ္တမကိုယ်တော်တပါး ပေါ်ထွက်ခဲ့ဖူးတယ်)
ချင်းတယောက်ဖြစ်ပေမဲ့… ပီဒီပီမှာ စစ်သင်တန်းတက် လက်နက်ယူလာခဲ့ပေမဲ့… သူဟာ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားတယောက်အဖြစ်ဘဲ ရပ်တည်သွားခဲ့သူ ဖြစ်ပါတယ်။ ပြည်ပြေးမဟုတ်၊ ပီဒီပီ မဖြစ်ပါ… တော်လှန်တဲ့ကျောင်းသား တယောက်အဖြစ် ကြိုးစင်ကိုရဲရဲတက်သွားသူဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ အသက် ၂၅ နှစ်မှာ လူ့ဘဝက ဂုဏ်ကြက်သရေထွန်းပစွာ ထွက်ခွာ သွားသူဖြစ်ပါတယ်။

xxx

ကိုတင်မောင်ဦးကို ကြိုးပေးချိန်မှာ ကျနော်တို့ကျောင်းသားတွေဟာ အင်းစိန်ထောင်ထဲ ပုံစံဆန့် ကျင်ရေးအစာငတ်ခံတိုက်ပွဲတွေ ဝင်ထားပြီးချိန်ဖြစ်ပါတယ်… အင်းစိန်ထောင် ၃ ဆောင်မှာလဲ ထောင်အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် သွေးချောင်းစီးရိုက်ပွဲ ဆင်ထားပြီးချိန် ဖြစ်ပါတယ်။… သရက်ထောင်မှာလဲ အကျဉ်းစံကျောင်းသားတွေက ထောင်ကို စီးနင်းသိမ်းပိုက် ဆန္ဒပြခဲ့ချိန်ဖြစ်ပါတယ်။…
တနည်းအားဖြင့် ကိုတင်မောင်ဦးအတွေးအခေါ်အတိုင်း စစ်အာဏာရှင်တွေကို ဘယ်နေရာမှ ဒူးမထောက်ဘဲ အကြမ်းမဖက်လူထုတိုက်ပွဲနည်းဖြစ်တဲ့ အစာငတ်ခံတိုက်ပွဲရော၊ အကြမ်းပတမ်း တိုက်ပွဲနည်းဖြစ်တဲ့ ရင်ဆိုင်ရိုက်ပွဲ ထောင်ထပွဲ တွေကိုပါ ဆင်နွှဲထားကြချိန်ဖြစ်ပါတယ်။ ဒါ တိုက်ဆိုင်မှု မဟုတ်… ကျောင်းသားတွေရဲ့ အသွေးအသားထဲ နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်နေတဲ့ မတရားမှု တွန်းလှန်ရေး ဗီဇအတွေးအခေါ်၊ စစ်အာဏာရှင်ကိုဒူးမထောက်ရေးဝိညာဉ် ပုံမှန်တန်ခိုး ပြ ထကြွမှုသာ ဖြစ်ပါတယ်။

xxx

ဒါတွေ... ဒါတွေကြောင့်… ကျောင်းသားတွေဟာ… ၁၉၆၂ ခု ဇူလိုင် ၇ ရက်မှာ စစ်အာဏာရှင်တွေရဲ့ သတ်ဖြတ်မှုကို ပထမဆုံးခံခဲ့ကြရပါတယ်။… ၁၉၅၈ အာဏာသိမ်းပွဲ၊ ၁၉၆၂ နဲ့ ၁၉၈၈ အာဏာသိမ်းပွဲ တွေကို ပထမဆုံးဆန့်ကျင်ခဲ့ကြသူတွေ … စစ်အာဏာရှင်စနစ်ကို တောက်လျှောက်တိုက်ပွဲဝင်ခဲ့သူ တွေ ဖြစ်ခဲ့ကြပါတယ်။ အပေးအယူမလုပ်စတမ်း မစေ့စပ် စတမ်း သို့မဟုတ် အပစ်အခတ်ရပ်စဲရေး မလုပ်စတမ်း တိုက်ပွဲဝင်ခဲ့သူတွေဖြစ်သလို လူထုတိုက်ပွဲ နဲ့ လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ရေးကို အရင်ဆုံးသဘောပေါက်ခဲ့သူတွေလဲဖြစ်ပါတယ်။
ဒီသဘောတရားအောက်မှာ ၇၄ မျိုးဆက်ကျောင်းသား ကိုတင်မောင်ဦးဟာ ၇ ရက် ဂျူလိုင် ကျောင်းသားသတ်ပွဲ ၁၄ နှစ်မြောက်နှစ်ပတ်လည်မတိုင်မီ ၁၀ ရက်အလိုမှာ ထီမထင် အသက်ပေး သွားခဲ့သလို ၆၂ မျိုးဆက်ကျောင်းသား (ဗိုလ်ကြီး) ကိုအုံးကျော်မြင့်လဲ ၁၉၇၆ ခုထဲမှာဘဲ ရဲရဲကြီး ကြိုးစင်တက်သွားခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားမင်းကိုနိုင်နဲ့ သူ့ ရဲဘော်တွေဟာလဲ အခုအခါ ထောင်ဒဏ် ၆၅ နှစ်တွေကို အပြုံးမပျက်စားသုံးနေကြပါတယ်။ မျိုးဆက်တွေပြောင်းသွားလဲ ခံယူချက်က ကျောက်ဆိုင်ကျောက်သား…

xxx

ကျောင်းသား ဆိုတာ ဘယ်သူ့နောက်လိုက်မှမဟုတ်… ဘယ်သူ့သြဇာမှမခံပါ… ဘယ်တော့မှ အာဏာရှင်ကို ဒူး မထောက်ပါ။

xxx

အို… လူအပေါင်းတို့… ကျောင်းသားဝါဒကို ကောင်းစွာမှတ်သားကြလေကုန်။

ဂါမဏိ

(ကျဆုံးသွားသော ကျောင်းသားများကို ဂုဏ်ပြု ရေးဖွဲ့ပါသည်။)
 ---------------------------------------------------------------------
မှတ်ချက်။ ။ ယခုဆောင်းပါးဖော်ပြခွင့်ပေးခဲ့သည့် ဆရာဂါမဏိနှင့် မူရင်းဓာတ်ပုံရှင်များကို လေးစားသမှုပြုပါသည်။ )


Comments