ဦးနှောက်ဖောက်စားသွားတဲ့ ကောင်
လောကကြီးမှာ နာမည်ကြီးတဲ့ကောင် နာမည်ရှိတဲ့ကောင်ကသာ ဘာဖြစ်ဖြစ် ဘာလုပ်လုပ်ထင်ပေါ် တတ်တာ လူသိများတာ ဒါက အစဉ်အလာ။ ... အဲ နာမည်မရှိတဲ့ကောင် လူသိနည်းတဲ့ကောင်က မထင်တာတခုခု ထလည်းလုပ်ရော လူတွေရှော့ဖြစ်ကုန်ရောကိုယ့်လူ ရှော့ဖြစ်ကုန်ရော။ ဒါဟုတ်မှ ဟုတ်ပါ့ မလားပေါ့နော။ ဒီလိုဖြစ်ကြရတာကိုး။
၁။
အဲဒီနေ့က အလုပ်ခန်းထဲမှာ မောင်လူကလေးတယောက် ထုံးစံအတိုင်း အလုပ်တွေနဲ့ဗျာများနေတုန်း ညီလေးလိုနေတဲ့စန်းဌေးက အခန်းဝရှေ့ ကိုယ်တခြမ်းပေါ်လာပြီး အကို အလုပ်ရှုပ်တယ်မထင်နဲ့၊ တောကြီး ပင့်ကူမြင်ဖူးလား၊ မမြင်ဘူးရင် လာကြည့်လှဲ့လို့ပြောတဲ့ပြီး ချာခနဲလှည့်ပြန်သွားပါတယ်။
အမှတ်တမဲ့ဆိုတော့ မောင်လူကလေးစိတ်ထဲ ဘာမှန်းသဲသဲကွဲကွဲ မသိလိုက်ပါဘူး။ ဒါပေမဲ့ မကြား လိုက်တာလည်း မဟုတ်ပါဘူး။ ဘာကိုဆိုလိုတာလဲ ဘာဆိုင်လို့လဲ မရှင်းတာပါ။ ကိုယ့်အလုပ်နဲ့ကိုယ် အာရုံနစ်နေတုန်းဆိုတော့ ဒီလိုပဲဖြစ်တတ်ကြတယ်မဟုတ်လား။
ဒါနဲ့ပဲအခန်းအပြင်ဘက်ကိုနားစွင့်ကြည့်လိုက်တော့ ..
“ဟေ့၊ သွားမထိနဲ့မထိနဲ့၊ တော်တော်အဆိပ်ပြင်းတဲ့အကောင်နော်၊ ဘာအောက်မေ့လို့လဲ၊ မြွေပွေး ထက်ဆိုးတယ် ”
“ဟယ် ပင့်ကူကြီးက အကြီးကြီးပဲနော် လှလိုက်တာ၊ အမွှေးလေးတွေက ကတ္တီပါသားလေး ကျနေတာပဲ ”
“တောကြီးပင့်ကူကွ၊ မြွေဟောက်တောင် ဦးနှောက်ဖောက်စားတာ ”
ဒီလိုအသံတွေမျိုးစုံနေရတော့ မောင်လူကလေးလည်း လုပ်လက်စအလုပ်တွေ ခဏရပ်လိုက်ပြီး အသံတွေ လာရာကို ထသွားလိုက်ပါတယ်။ ပင့်ကူတွေတော့မြင်ဖူးနေကြပါ။ နံရံတွေမှာ၊ မျက်နှာကျက်တွေမှာ၊ လူနဲ့ ကင်းဝေးနေတဲ့ အိမ်တအိမ်ရဲ့ချောင်ကလောင်ထဲမှာ၊ စာအုပ်စင်တွေမှာ စသဖြင့် ပင့်ကူတွေဟာ သူတို့ အမျှင်တွေကို ကွန်ယက်လိုယှက်ပြီး အိမ်ဖွဲ့နေကြတာတွေ။
ဒါပေမဲ့ တောကြီးပင့်ကူဆိုတာကိုတော့ မောင်လူကလေးလည်း တခါကမှ မမြင်ဖူးဘူးလေ။
“ ဒီမှာလေအကို၊ ကြည့်ကြည့်ပါအုံး ”
ခေါင်းလေးငါးလုံးဆိုင်နေတဲ့ဝိုင်းအလယ်မှာ စန်းဌေးက ဆောင့်ကြောင့်လေးထိုင်ပြီး ပင့်ကူကို တုတ်ချောင်းလေးတချောင်းနဲ့ ဟိုဘက်လှည့်ကြည့်လိုက်၊ ဒီဘက်လှည့်ကြည့်လိုက်နဲ့ ဖင်ပြန်ခေါင်းပြန် လုပ်ရင်း မောင်လူကလေးမြင်သာအောင် ပြပါတယ်။
ခပ်ငယ်ငယ် လယ်ပုစွန်လုံးလောက်မရှိတတ်ရှိတတ်ကိုယ်ထည်မှာ လက်ချောင်းတွေ ကိုးရိုးကားယားနဲ့ ဦးမှင်နှစ်ချောင်း မိုးပေါ်ထောင်ပြီး အာရုံခံနေဟန်ရှိတဲ့ ပင့်ကူကြီးတကောင်။ ကတ္တီပါးသားလို အရောင်စိုနေ တဲ့ သူ့အမွှေးသူ့အမျှင်တွေက အဆိပ်ရှိတဲ့ သတ္တ၀ါတကောင်အဖြစ်ကို ဟန်လုပ်ဖုံးကွယ်ထားသလိုမျိုး အမြင်ကတော့ လှပါဘိ။ အရွက်ဖားဖားတွေဝေနေတဲ့ ဂမုန်းပင်တွေကြားက ထွက်လာတာတဲ့။
ဘယ့်နှယ့် တောကြီးမျက်မည်းထဲမှာ ရှိရမယ့်အကောင်က ဘယ်လိုဘယ်လိုနဲ့များ ဒီမြို့ပြမှာရောက်နေပါ လိမ့်ကွယ်လို့ မောင်လူကလေး တွေးလိုက်မိပါသေးတယ်။
ဘာပဲပြောပြော မြို့ပြရိပ်သန်းနေတဲ့ဒီလိုနေရာမှာ ဒီပင့်ကူကြီးကပဲ ၀ိုင်းကြည့်နေတဲ့ လူတွေကို စကားဝိုင်း တခုဖြစ်စေခဲ့တော့ မောင်လူကလေးလဲ အသာငြိမ်ပြီးနေလိုက်ပါတယ်။
သူတို့စကားဝိုင်းက
တောကြီးပင့်ကူဆိုတာ၊ တောကြီးပင့်ကူဆိုတာ ...။
၂။
ကဗျာဆရာအိမ်က ပန်းအိုးထဲ အဆိပ်ပြင်းတဲ့ပင့်ကူတကောင်ရောက်နေတာဟာ နိမိတ်ပုံတခုဗျလို့ သူကိုယ်တိုင်ကဗျာတွေရေးနေတဲ့ မောင်ငြိမ်းလူက မှတ်ချက်ချပါတယ်။ ဒါပေမဲ့ သွားတော့မထိနဲ့နော်။ တုံးခနဲပဲတဲ့။
ကြည့်ရတာ ဒီပန်းမျိုးရင်းက တောထဲကဖြစ်မှာဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင် ဥအနေနဲ့ပါလာပြီး ဒီရောက်တော့မှ ပေါက်တာ။ ဒါ တကယ့်တောကြီးပင့်ကူမျိုး။ တောထဲမှာ မျောက်တွေ ဘာတွေလို အကောင်မျိုးရဲ့ဦးနှောက်ကိုတောင် ဖောက်စားတဲ့အကောင်မျိုးလို့ တောထဲတောင်ထဲမှာ ဆယ့်လေးငါးနှစ် ကျင်လည်ခဲ့ရတဲ့ ကိုဝင်းကိုနိုင်ကလည်း သူ့အတွေ့အကြုံကို ပြောပါတယ်။
ဟုတ်တော့လဲ ဟုတ်ပါရဲ့လို့ မောင်လူကလေးထင်မိပါတယ်။ တကယ်က တောတောင်တွေ ပတ်ချာ ၀ိုင်းနေတဲ့နယ်စပ်မြို့လေးဟာ သူ့အကျိုးပေးနဲ့သူ တနေ့ထက်တနေ့ ကြီးထွားလာနေပေမယ့် တောရဲ့ အငွေ့အသက်တွေ တောရဲ့ဗီဇစရိုက်တွေက စွန်းပေကျန်ရစ် နေဆဲပဲဆိုတာ ဒီပင့်ကူကြီးက ပြောပြနေတာ မျိုးပဲလို့ မောင်လူကလေး ထင်မိပါတယ်။ ပန်းချစ်တဲ့ သူ့သူငယ်ချင်း ကဗျာဆရာဟာ ပန်းအမျိုးမျိုးကို ၀ယ်ခြမ်းပြီး အိုးနဲ့ အလှစိုက်ထားတဲ့နေရာမှာ ဒီပင့်ကူက ဘယ်တုန်းက ရောက်နေမှန်းမသိ ရောက်နေတာ ဆိုတော့ သူတို့တွေ ထင်ကြေးကလဲ ဖြစ်နိုင်တာပဲလို့ မောင်လူကလေး တွက်မိပါတယ်။
ဒီပင့်ကူမျိုးတွေက သိပ်အဆိပ်ပြင်းတာဗျ။ သစ်ဖောင်မျှောတဲ့လူတွေဆို သူတို့ဖောင်မှာ ဒီလို ပင့်ကူကြီးတွေ ရှိရင် သိပ်သဘောကျကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သစ်ဖောင်ဆွဲရင်း ငန်းမြွေတွေ ဒီ့ပြင့်မြွေတွေ ပါလာ တတ်ကြတာဆိုတော့ အဲဒီ့အကောင်တွေဦးနှောက်ကို ဒီပင့်ကူတွေက ဖောက်ဖောက်စားပစ်လိုက် တာလေ။ ဖောင်သမားတွေအဖို့တော့ မိတ်ဆွေပေါ့ဗျာတဲ့။ ဒါပေမဲ့ အန္တရယ်ရှိတဲ့ မိတ်ဆွေပေါ့တဲ့။
တလောကမှ နိုင်ငံရေးမှုနဲ့ ထောင်ကထွက်လာပြီး ဒီဘက်ကမ်း လွတ်မြောက်ရာ မြို့ကလေးဆီကိုရောက် လာတဲ့ ပန်းချီဆရာ ကိုတင်ကိုကိုဦးက ပြောတာပါ။ သူက ကျနော်တို့အတွက် ပင့်ကူဆိုတာ ထောင်ထဲမှာ ကြည့်ရတဲ့ ဒစ်စ်ကာဗာရီပေါ့ဗျာ။ ပင့်ကူရယ်၊ အိမ်မြှောင်ရယ်၊ ပုရွက်ဆိပ်တွေရယ်လို့ သူ့အကျဉ်းသား ဘ၀ကို ပြန်မြင်ယောင်ပြီးတောင် ထည့်ပြောလိုက်ပါသေးတယ်။
စန်းဌေးကတော့ တောကြီးပင့်ကူဆိုတဲ့ကောင်ကို တုတ်ချောင်းလေးနဲ့ မရဲတရဲဆွကြည့်လိုက်၊ သူများပြော တာနားထောင်လိုက်နဲ့နေရင်း ကျနော်လည်း ဒီအကောင်အဆိပ်ပြင်းတယ်ဆိုတာ ယုံတယ်ဗျ။ ခပ်ငယ်ငယ်ကကြည့်ဖူးတဲ့ ဂျိမ်းစ်ဘွန်းကားတကားထဲမှာ လူဆိုးတွေက ဂျိမ်းစ်ဘွန်းကို ဟိုတယ်တခုမှာ ပင့်ကူတကောင်နဲ့လုပ်ကြံတဲ့အခန်းတခန်းပါတယ်လေ။ ဒီပင့်ကူက အဲဒီလိုအရောင်မျိုး။ နီညိုညိုကြီး။
စန်းဌေးပြောတာကြားတော့ မောင်လူကလေးကိုယ်တိုင်လည်း ရုပ်ရှင်ထဲမှာလိုလို ဖတ်ဖူးခဲ့တဲ့ ၀တ္ထုတွေထဲ မှာလိုလို ပင့်ကူနီတွေ အဆိပ်ပြင်းတဲ့ပင့်ကူနက်ကြီးတွေကို ပြန်သတိရမိပါတယ်။ ဒါပေမဲ့ သူတို့လို ပိုင်ပိုင်နိုင်နိုင် မှတ်မှတ်ရရမရှိလှတော့တဲ့အတွက် စကာဝိုင်းထဲ ၀င်ပါမနေဖြစ်တော့ပါဘူး။ လက်ချောင်းတွေတရွရွလှုပ်နေတဲ့ တောကြီးပင့်ကူဆိုတဲ့အကောင်ကိုသာ ဘာရယ်မဟုတ်ဘဲ ကြည့်နေမိ ပါတယ်။ ခဏနေတော့မှ လုပ်ရမယ့်အလုပ် ခေါင်းးထဲပြန်ဝင်လာတာနဲ့ ..ကဲ ကဲ အဆိပ်သိပ်ပြင်းရင်လည်း ကြည့်မနေနဲ့ကွာ၊ ခပ်ဝေးဝေးမှာ သွားပစ်လိုက်ချေအုံး...လို့ပြောပြီး အဲဒီ့နားက လှည့်လာခဲ့ပါတယ်။
အထူးအဆန်းဆိုတော့ လူတွေက အဆိပ်တွေဘာတွေကြောက်ရကောင်းမှန်းမသိ မေ့ချင်မေ့နေ တတ်တာကိုး။
၃။
ဒီလိုနဲ့တနေ့လုံးကိုယ့်အလုပ်နဲ့ကိုယ် လုံးချာလိုက်ရာက ညရောက်တော့မှပဲ စန်းဌေးနဲ့ ထမင်းဝိုင်းမှာ အတူ ထိုင်ကြရင်း မောင်လူကလေးက ... ဟ ဒါနဲ့ မင့် ပင်ကူကြီးဘယ်ရောက်သွားပလဲဟ လွှင့်မှ လွှင့်ပစ်ကြရဲ့လား ..လို့ သတိတရ မေးမိပါတယ်။
မပစ်ရသေးဘူးအကို၊ ကျနော်ဘယ်ပစ်ရမှန်းမသိတာနဲ့ ဖန်ဗူးတခုထဲ ထည့်ထားတယ်။ မနက်ကျမှ တောင်ပေါ်လူကြုံရှာပြီး ပစ်ခိုင်းမလားလို့ ..လို့ဆိုတော့ မောင်လူကလေးက ဖန်ဗူးထဲ ပိတ်နေ လို့လေလုံပြီး သေသွားပါအုံးမယ်ကွာ၊ ကြည့်လုပ်ပါအုံးပေါ့။ စန်းဌေးကလည်း ..ကြံကြံဖန်ဖန်အကိုရာ ဒီလို အကောင်မျိုးတွေက ဒီလောက်နဲ့မသေတတ်ပါဘူး။ အဲ အကို့တူကတောင် ပင့်ကူကြီး ဗိုက်ဆာနေပဲမှာပဲ ဆိုပြီး ပိုးကောင်လေးတွေ ပုလင်းထဲထည့်ပေးထားသေးတယ်။ သူစားချင် စားရအောင်တဲ့လို့ သူ့သားတော်မောင်လေးကို ရည်ညွှန်းပြီး မောင်လူကလေးကို ပြန်ပြောရှာပါတယ်။
ဒါပေမဲ့ မောင်လူကလေးက နည်းနည်း နားမရှင်းပြန်ဘူးလေ။ စန်းဌေးသားက ပင့်ကူကြီး ဆာနေမှာစိုးလို့ ပိုးကောင်လေးတွေ လိုက်ဖမ်းပြီး ပုလင်းထဲထည့်ပေးထားတာဆိုတာကို နားမလည်တာ။ ပင့်ကူဆိုတာ ဘယ်လိုအစာ စားသလဲပေါ့။ ဒါနဲ့ပဲ မြိန့်မြိန့်ကြီးလုပ်မနေအားတော့ဘဲ နို့နေပါအုံး၊ ပင့်ကူက ဘာတွေစားလဲ ဘယ်လိုစားလဲကွ ..ဆိုပြီးလုပ်ရတော့တာပေါ့။ ဒီတော့မှ စန်းဌေးက ..ဟာ အကိုကလဲ သူက အင်းဆက်လေးတွေ ဘာတွေစားတာပဲဟာပေါ့ ..လို့ဆိုပြီး မောင်လူကလေးကို ညံ့ရန်ကောဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လို့။
နို့၊ ဒါကတောကြီးပင့်ကူဆိုကွ၊ မြွေတွေဘာတွေရဲ့ ဦးနှောက်မှစားတာဆိုလို့ ထပ်ကျော့တော့ စန်းဌေးက တကယ့်စိတ်ပျက်လက်ပျက်ဖြစ်သွားပုံနဲ့ အကိုရာ ဒါက တောကြီးမျက်မည်းထဲ ရောက်နေတာမှ မဟုတ် တာဗျာ၊ ပိုးကောင်လေး ဘာလေးပဲစားပေါ့လို့ဆိုပြီး နဝေးပဝေးနိုင်လှတဲ့ မောင်လူကလေးနားက စိတ်မရှည်ဟန်နဲ့ ထသွားပါလေရော။
အဲဒီတော့မှ မောင်လူကလေးလည်း အမေးအမြန်းရပ်သွားရတော့တယ်။ ဟုတ်တာပေါ့။ ဒီအကာင်ကြီးက ဒီလိုပဲ အင်းဆက်လေးတွေစားပြီး ကဗျာဆရာရဲ့ရွက်လှပန်းအိုးထဲမှာ ငြိမ်ငြိမ် ကုပ် ကုပ် နေ ခဲ့မှာပေါ့။ အခက်အရွက်တွေဖားဖားဝေနေတဲ့ကြားမှာ သူ့ကိုမမြင်အောင်နေခဲ့တာ နေမှာပေါ့လို့တွေးမိတယ်။
နောက်ပြီး ပင့်ကူဆိုတဲ့ကောင်မျိုးက အင်းဆက်ပိုးလိုအကောင်မျိုးကို တကိုယ်လုံး ကျွတ်ကျွတ် ၀ါးစားတာမျိုး မဟုတ်ဘဲ ဦးနှောက်ကိုသာရွေးပြီး ဖောက်စားတတ်ကြတာကလား။ အင်း အင်း အင်းလို့ ကိုယ့်အတွေးနဲ့ ကိုယ် မောင်လူကလေးတယောက် ခေါင်းတညိတ်ညိတ်လုပ်ကာ ထမင်းဝိုင်းက ထလာပါတယ်။
ထမင်းစားပြီးခါစ ခံတွင်းချင်လေးပြေအောင် ဆေးပေါ့လိပ်လေးတော့ ဖွာလိုက်အုံမှပဲဆိုပြီး အပြင်ထွက် လာတော့ တောက်တိုမယ်ရတွေတင်ထားတဲ့စင်လေးတခုပေါ်မှာ ဖန်ဗူးတခုထဲထည့်ထားတဲ့ တောကြီး ပင့်ကူဆိုတဲ့မောင်မင်းကြီးသားကို ခြေကားယားလက်ကားယားနဲ့ မြင်လို့ ဘာရယ်မဟုတ် ကြည့်လိုက်မိ ပါသေးတယ်။ ဖန်ဗူးထဲမှာတော့ စန်းဌေးသားလေးက သူဖို့အစာအဖြစ် ဆက်သထား ရတဲ့ လက်မ အရွယ်လောက် အင်းဆက်ပိုးကောင်လေးတကောင်လဲ လှုပ်တုတ်လှုပ်တုတ်။
ဘာ ကောင်မှန်းညာကောင်မှန်းတော့ မောင်လူကလေးလည်း မသိပါဘူး။ နောက်ချေးပိုးလိုလို အခွံမာမာ အမျိုးအစားထဲက အင်းဆက်ပိုးအကြီးစားတကောင်။
စန်းဌေးသားလေးက ကလေးအတွေးနဲ့ သူ့ဘာသာဖမ်းထည့်ထားတာ။ ကိုယ်ချင်းစာတရား ပေါ့ လေ။ ပင့်ကူကြီး ဆာရှာမှာစိုးလို့တဲ့။ မောင်လူကလေးကတောင်ထပ်ပြီး ကပ်ကပ်သပ်သပ်တွေးမိသေး တာ။ ရေဆာရင်သောက်ဖို့ ရေခွက်လေးလဲ ခပ်ထားပေးလိုက်ပေါ့ကွာလို့။
၎။
“ အကိုအကို ထထ ဒီမှာလာကြည့်ပါအုံး ”
မနက်အိပ်ရာကထမယ်ကြံကာရှိသေး စန်းဌေးအလန့်တကြားလာနှိုးတာနဲ့ မောင်လူကလေးလည်း ပျင်း ကြောတောင်မဆန့်အားဘဲ ..ဟ ဘာဖြစ်ကုန်ပြန်ပလဲဟ ..ဆိုတဲ့စိတ်နဲ့ ပုဆိုးစွန်တောင်ဆွဲပြီး သူခေါ် တဲ့နောက် ကမမ်းကတမ်း လိုက်သွားပါတယ်။
အိပ်ရာကထခါစမို့ မျက်လုံးက ကောင်းကောင်းမှကြည့်မကောင်းသေးခင် စန်းဌေးက .. ကဲ ဒီမှာကြည့် အကိုရေ သေသေချာချာကြည့် ...ဆိုလို့ကြည့်လိုက်တော့ မနေ့က တောပင့်ကူကြီးထည့်ထားတဲ့ဖန်ဗူး။
အေးလေ ဘာဖြစ်လို့လဲကွ၊... မောင်လူကလေးကမရှင်းဘူး။ ပင့်ကူကိုဖမ်းထည့်ထားတာ ဘာဖြစ်လို့လဲပေါ့၊ လွတ်များလွတ်သွားသလား။ ချောင်တချောင်ချောင်ထဲမှာခိုပြီး လူတွေကိုများ ဒုက္ခပေးမှာ စိုးလို့လားပေါ့။
“ ဟာ အကိုကလဲ သေသေချာချာကြည့်ကြည့်ပါအုံး။ နောက်မှပြော ”
စန်းဌေးဆိုလိုချင်တာကိုသိဖို့ မောင်လူကလေးလည်း မျက်လုံးကိုအားထိုးပြီးကြည့်တဲ့အနေနဲ့ မျက်မှောင်ကြီး ကြုတ်ကာ သေသေချာချာထပ်ကြည့်လိုက်တော့ ..
တောကြီးပင့်ကူဆိုတဲ့ကောင်က မလှုပ်မခြောက်ငြိမ်လို့။
သူ့အစာဆိုပြီး ဖမ်းထည့်ထားတဲ့ အင်းဆက်ပိုးကောင်ကတော့ သူ့ရဲ့ဦးမှင်နှစ်ချောင်းကို တထောင်ထောင် တကားကားလှုပ်လို့။
အကိုရေ၊ ပင့်ကူကြီးကို အဲ့ဒီ့ကောင်က ဦးနှောက်ဖောက်စားလိုက်လို့ သေပြီဗျ။ အဲဒါ အကို့ကိုခေါ်ပြတာတဲ့။
မောင်လူကလေးလည်း မြတ်စွာဘုရားလို့ အသံထွက်အောင်တမိလိုက်ရုံမက မျက်လုံးအပြူးသားနဲ့ မှင်တက်မိလျက်သားပေါ့ဗျား။
ခင်လွန်း
၂၅၊ မေ၊ ၂၀၀၅
စုံနံ့သာစာပေအနုပညာမဂ္ဂဇင်း
အတွဲ၁၊ အမှတ် ၁၀၊
အောက်တိုဘာ ၂၀၁၄ တွင်ဖော်ပြပြီးဖြစ်ပါသည်။
Comments
Post a Comment