သစ်ခက်သံလွင် -စာပေရေးရာ၊ နရီမင်းရဲ့ ကဗျာနဲ့ပတ်သက်တဲ့ ကျနော်ရဲ့ဖြောင့်ချက်



ကဗျာနဲ့ပတ်သက်တဲ့ ကျနော့် ရဲ့ ဖြောင့်ချက်
 
www.pinterest.com

လူတယောက်ရဲ့သိမှုဆိုတာ ခံစားမှု၊ အတွေးအခေါ်၊ ဗဟုသုတ၊ အသိအမြင်၊ ဉာဏ်ပညာ၊ ဖြတ်သန်းမှု အတွေ့အကြုံ ၊ လေ့လာသင်ယူခဲ့မှု၊ စိတ်သဘောထားစတဲ့ ဦးနှောက်ထဲက အရာအားလုံးကို ကိုယ်စားပြုပါတယ်။ သိမှုထဲက ထွက်လာတဲ့ ကဗျာဟာ ရေးသူရဲ့သိမှုတစိတ်တဒေသကို ကိုယ်စားပြု တာချည်း ပါပဲ။ 


ကျနော် နှစ်တွေအကြာကြီး ကဗျာတွေ ရေးခဲ့တယ်။ နောက်တော့ ကျနော့် ကဗျာတွေ မဂ္ဂဇင်းတွေမှာ ကြိုကြိုးကြိုကြား ပါခဲ့တယ်။ ဆယ်နှစ်အတွင်း အပုဒ် ၄၀၊ ၅၀ လောက်ပါပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းလောက်ကနေ ၁၀ နှစ်အတွင်း ပို့သမျှ ကဗျာ အားလုံးနီးပါး ပါခဲ့ပါတယ်။ 

ကဗျာဆောင်းပါးတွေလည်း အများကြီး ရေးခဲ့ပါတယ်။ ဒါပေမဲ့ ကဗျာဘယ်လိုရေးရသလဲ ကျနော်မသိပါဘူး။ အခုလည်း မသိပါဘူး။ နောက်ဆယ်နှစ်အတွင်း ကဗျာမရေးဖြစ်တော့ဘူး။ ဘာ့ကြောင့်မှန်းမသိဘဲ မရေးချင်တော့တာပါ။ မဂ္ဂဇင်းတွေမှာ ပါခဲ့တဲ့ထဲက ကျနော့် တချို့ ကဗျာတွေကို နောက်ပိုင်း ပြန်တွေ့တဲ့အခါ အတော်လေးအမြင်ကတ်ပါတယ်။ အတင်းဟန်လုပ်ရေးထားတယ်လို့ မြင်လို့ပါ။

ကျနော် ကဗျာမရေးဖြစ်ခဲ့တဲ့ ဆယ်နှစ်အတွင်း ကဗျာသဘောတရားတွေ၊ ကဗျာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ငြင်းခုံသံတွေ ညံနေခဲ့တာလည်း သတိထားမိပါတယ်။ ငါက ဘာကဗျာသမား၊ သူက ညာကဗျာသမား။ ငါနဲ့ ငါ့ဘော်ဒါတွေ ရေးတာမှ ကဗျာ။ ဟိုကောင်တွေအုပ်စု ရေးတာတွေက ကဗျာမှ မဟုတ်တာရယ်လို့ ပြောကြဆိုကြတာလည်း ကြားမိပါတယ်။ ကျနော်ကတော့ အပြင်လူပါ။ တက္ကနစ်တွေ၊ ပုံသေနည်းတွေ၊ (ဘာကဗျာဝါဒမှ မယ်မယ်ရရ မထွန်းကားခဲ့တဲ့ မြန်မာပြည်မှာ) ငါက ဘာဝါဒ၊ သူက ဘာဝါဒဆိုတာတွေ
ကျနော် ကဗျာ မရေးချင်တော့ပါဘူး။

နောက်ပိုင်း ကျနော်ပန်းချီအကြောင်းတွေ စိတ်ဝင်စားသွားပြီး လေ့လာမိတဲ့အခါ Naive Art ဆိုတာ သတိထားမိပါတယ်။ ကလေးတွေ၊ စိတ်မနှံ့ သူတွေ ရေးချင်ရာရေးတဲ့ ပန်းချီမျိုးပါ။ ဘာဝါဒမှ မဟုတ်ပါဘူး။ အဲ့ဒီပန်းချီတချို့က ကျနော့် ကို ဆွဲဆောင်နိုင်တာ တွေ့ရပါတယ်။ တကယ်တော့ အဲ့ဒီပန်းချီကားတွေရဲ့ လွတ်လပ်မှုနဲ့ ရိုးသားမှုက ကျနော့် ကို ဆွဲဆောင်ခဲ့တာပါ။

နောက်ပိုင်း ကျနော် Facebook သုံးဖြစ်လာပြီးတဲ့နောက် အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး ကဗျာတွေ ပြန်ရေးဖြစ်ပါတယ်။ ကဗျာရေးတယ်ဆိုတာထက် စိတ်ထဲ ယားကျိကျိ ဖြစ်နေတဲ့ တစုံတရာကို ဖွင့်ပြောလိုက်တာပဲ ဆိုပါတော့။ ကျနော့် အတွက် ကဗျာအပေါ်ထားတဲ့ သဘောထားကလည်း အကြီးအကျယ် ပြောင်းလဲသွားပြီဆိုတာ တွေ့ရပါတယ်။ ဘဝတလျှောက်လုံး ထိန်းချုပ်မျိုသိပ် ချုပ်တီး ရတာတွေ များလွန်းခဲ့တဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ချထားခဲ့တဲ့ အကျဉ်းထောင်ကနေ လွတ်မြောက်ပြီး လွတ်လပ်မှုကို ကျနော် တွေ့ရှိခဲ့ပါတယ်။ ရိုးသားမှုတွေ ရှားပါးလွန်းလာတဲ့ ဝန်းကျင်မှာ ရိုးသားမှုကို ကျနော် အကြီးအကျယ် တန်ဖိုးထားတတ်လာပါတယ်။ 

FB မှာ ကဗျာတွေကို လက်တန်းရိုက်ထည့်ချိန်မှာ ကဗျာတပုဒ် ရေးမယ်၊ ဘယ်သူတွေ ဖတ်ဖို့၊ ဘယ်မဂ္ဂဇင်းမှာ ထည့်ဖို့၊ ဆင်ဆာ လွတ်ပါ့မလား၊ အယ်ဒီတာ ကြိုက်ပါ့မလား၊ လူတွေ တခြား ကဗျာဆရာတွေ ငါ့ကို ဘယ်လို ထင်ကြမလဲ၊ ဘယ်လိုဝါဒ၊ ဘယ်လိုဟန်၊ ဘယ်လိုတက္ကနစ်စတဲ့ အရာရာကနေ လွတ်မြောက်နေပါတယ်။ ရေးချင်လို့ ရေးတာကလွဲပြီး တခြားဘာရည်ရွယ်ချက်မှလည်း မရှိတော့ပါဘူး။ ကဗျာတွေက လွယ်လွန်းလာပြီး ဘယ်သူ့အတွက်မဆို နားလည်ဖို့လည်း သိပ်မခက်လှတော့ပါဘူး။

ကျနော် ဒီလိုပြောလိုက်တဲ့အခါ ကဗျာရေးဖို့ အဲ့ဒီလောက် လွယ်သလား။ ဘယ်သူမဆို ကဗျာရေးလို့ ရသလားလို့ မေးလာပါလိမ့်မယ်။ လွယ်ပါတယ်၊ ရပါတယ်လို့ပဲ ဖြေရပါလိမ့်မယ်။ ဒီတော့ ခင်ဗျားက အကယ်ဒမစ်ဆန့်ကျင်ရေးသမားလားရယ်လို့ အကြီးကြီး စွပ်စွဲလာနိုင်ပါတယ်။ ဘယ်အရာမဆို စနစ်တကျ လေ့လာသင်ယူရတယ်ဆိုတဲ့ အကယ်ဒမစ်ဝန်းကျင်က လာတဲ့ ကျနော်က အကယ်ဒမစ် ဆန့်ကျင်ရေးသမား ဖြစ်မလား။ မြန်မာကဗျာတွေရော အနောက်တိုင်းကဗျာတွေအပါအဝင် နိုင်ငံရပ်ခြား ကဗျာတွေကိုပါ ကျနော် နှစ်တွေအကြာကြီး လေ့လာခဲ့ပါတယ်။ ကျနော်ပြောချင်တာက ကဗျာဆိုတာ လူအများလက်လှမ်းမမီနိုင်တဲ့ အနုပညာပစ္စည်းကြီးရယ်လို့ စင်အမြင့်ကြီးပေါ် တင်ထားတာကို လက်မခံတဲ့ သဘောပါ။ ဘယ်သူမဆို ကဗျာရေးလို့ ရပါတယ်။ ဒါပေမဲ့ အဲ့ဒီလူရေးတဲ့ ကဗျာဟာ တခြားစာတွေလိုပဲ အဲ့ဒီလူရဲ့သိမှုကို ကိုယ်စားပြုပါတယ်။

လူတယောက်ရဲ့သိမှုဆိုတာ ခံစားမှု၊ အတွေးအခေါ်၊ ဗဟုသုတ၊ အသိအမြင်၊ ဉာဏ်ပညာ၊ ဖြတ်သန်းမှု အတွေ့အကြုံ ၊ လေ့လာသင်ယူခဲ့မှု၊ စိတ်သဘောထားစတဲ့ ဦးနှောက်ထဲက အရာအားလုံးကို ကိုယ်စားပြု ပါတယ်။ သိမှုထဲက ထွက်လာတဲ့ ကဗျာဟာ ရေးသူရဲ့သိမှုတစိတ်တဒေသကို ကိုယ်စားပြု တာချည်းပါပဲ။ ဒီတော့ လူတွေရဲ့သိမှုတွေအလိုက် ကဗျာတွေ ကွဲပြားခြားနားနေမှာပါ။ 

နောက်တခုက ကဗျာဖြစ်တယ်၊ မဖြစ်ဘူး။ ကဗျာ ကောင်းတယ်၊ မကောင်းဘူးဆိုတာတွေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေနဲ့ ငြင်းခုံမှုတွေအကြောင်းပါ။ တကယ်တော့ အဲ့ဒီ သတ်မှတ်ချက်တွေက ကိုယ့်အကြိုက်နဲ့ ကိုယ့်စံ ပြောခဲ့ကြတာတွေသာဖြစ်ပြီး အားလုံးလက်ခံသဘောတူနိုင်တဲ့ ဘုံသတ်မှတ်ချက် စံဆိုတာ မရှိပါဘူး။ ကျနော့် သဘောကတော့ ကဗျာဖြစ်တယ် မဖြစ်ဘူး၊ ကဗျာကောင်းတယ် မကောင်းဘူးဆိုတာ ကဗျာရေးသူတဦးချင်းနဲ့ ကဗျာဖတ်သူတဦးချင်းအကြားက one by one ဆက်ဆံရေး ပါပဲ။ ကျနော်ကဗျာဆိုပြီး ရေးတယ်။ ဖတ်သူတဦးက ကြိုက်ပြီး ကောင်းတယ်ပြောမယ်။ နောက် တယောက်က မကြိုက်တဲ့အပြင် ဒါမျိုးကို ကဗျာလို့ မခေါ်ဘူးလို့တောင် ပြောချင်ပြောမယ်။ 

ကျနော့် သဘောက အဲ့ဒါပါပဲ။

နရီမင်း
၂၈-၆-၂၀၁၆


Comments