သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ လင်းခါး၊ မင်းငြိမ်းအေး


ကြောင်၊ စန္ဒရားနဲ့ လူတွေရဲ့အကြောင်း


www.pinterest.com

ကြောင်က စန္ဒရားပေါ် တက်ခုန်နေတယ်။
ကြောင်ကတော့ ကြောင်ပေါ့။
ဂီတကို ဘယ်လိုလုပ် သိမှာလဲ။
ဒီပေါ် ရောက်ရင် ခုန်ရမယ်ဆိုတဲ့
အသိလေးတခုနဲ့ ခုန်နေတာပါ။
စန္ဒရားဆိုတာကလည်း စန္ဒရားပဲပေါ့။
ကြောင်ခုန်သမျှ အသံထွက်ပေးရတယ်။
ခက်နေတာက ပရိသတ်ပဲ။
ပရိသတ်က ကြောင်ကို ပါရမီရှင်ကြောင်လို့
ထင်တယ်။
ဗီသိုဗင်၊ ရှိုပင်၊ ချိုင်ကော့စကီးလောက်
ထင်တယ်။
ကြောင့်အကွက်တွေက သိပ်လှတယ်
အကွက်ဆန်းတွေချည်းပဲတဲ့။
ဘာပဲဖြစ်ဖြစ်
ကြောင်ကြာကြာ မခုန်နိုင်ပါဘူး။
နောက်ဆုံးတော့
စန္ဒရားကို သေးကော့ပန်းပြီး
အောက်ကို ခုန်ချသွားတော့တယ်။
ပရိသတ်က လက်ခုတ်သံတဖြောင်းဖြောင်းပေါ့၊
ကြောင့်အကွက် သိပ်လှတယ်။


နရီမင်း
၃၁ . ၅ . ၂၀၁၆

….

ခံရတော့ ကလေးတွေ



momentsjournal.com

ကမ္ဘာပြားပြီဆိုပြီး အဲဒီကောင်တွေ ဖောက်ပြန်၊
အာရှတန်ဖိုးဆိုပြီး
အဖိနှိပ်ခံတွေရဲ့ခြေထောက်ကို တက်နင်း၊
ခံရတာ ကလေးတွေပဲ။
စစ်ကြီးဟာ ခေတ်ကြီးကို မီးခိုးမှိုင်းတိုက်လိုက်၊
ခေတ်ရဲ့ဖင်ကနေ ခေါင်းအထိ သပ်လျှိုရိုက်သွင်းလိုက်
သေရတာ ကလေးတွေပဲ
ခံရတော့ ကလေးတွေပဲ။
ငွေစက္ကူပေါ်ကဂဏန်းတွေ ကြီးလာ၊
ဘုရားဟာ ရွှေသားအတိ လုံးတော်ပြည့်ဖောင်းလာ၊
နိုင်ငံတော်အဆင့် သူခိုးတွေရဲ့
နိုင်ငံတော်အဆင့် ဗိုက်တွေဟာ
နိုင်ငံတော်အဆင့် ရွှဲလိုက်လာ၊
ပိန်ချုံးချည့်နဲ့သွားတာ ကလေးတွေပဲ
ခံရတော့ ကလေးတွေပဲ။
ကလေးတွေရဲ့ပေါင်မုန့်တွေကို ခိုးယူပြီး
လေယာဉ်ပစ်အမြောက်တွေ လုပ်ခဲ့ကြ၊
ကလေးတွေရဲ့မျက်ရည်တွေကိုယူပြီး
အခြားကလေးတွေရဲ့အိပ်ရာပေါ်
အက်ဆစ်မိုးတွေ ရွာသွန်းစေခဲ့ကြ၊
ခေတ်အဆက်ဆက် လက်မှတ်တွေထိုး
ခေတ်အဆက်ဆက် ခြေနဲ့ဖျက်ခဲ့ကြ၊
အကြောက်တရားနဲ့ကြီးလာရတော့ ကလေးတွေပဲ
ခံရတော့ ဒီကလေးတွေပါပဲ။
ကမ္ဘာ့ကလေးများနေ့မှာလည်း
ခံရတာ ကမ္ဘာနဲ့အဝှမ်း ကလေးတွေ
ခံရတော့ အပြည်ပြည်ဆိုင်ရာ ကလေးတွေပါပဲ
ကလေးတွေကို ချစ်သတဲ့လား
အမှိုက်ကောက်ကလေးငယ်ကို မောင်းလွှတ်ခဲ့တာ
စားပွဲထိုးကလေးငယ်ကို ခေါင်းခေါက်ခဲ့တာ
ဈေးသည်ကလေးငယ်ကို ငေါက်ငမ်းခဲ့တာ
ကလေးတယောက် သေတာကြားရတော့
ဝမ်းနည်းပက်လက်ကြ ပြီးတော့
နောက်ကလေးတယောက် သေတာကို
မျှကူဝမ်းနည်းဖို့ စောင့်နေလိုက်ကြတာပဲ။ ။

လင်းခါး
၃ ၆ ၂၀၁၀
နံနက် ၁ နာရီ ၂၀ မိနစ်။





ကျောင်း



osnatfineart.com
ကျောက်တူးသမားတယောက်
ကျောက်အောင်တယ်
အဆင့်ဆင့်အရောင်းအဝယ်ဖြစ်တယ်
အေ ဘီ စီရွတ်သံကြားတယ်
အရင်းပြုနိုင်တဲ့ကြွက်သေတကောင်ကို
ထောင်ဖမ်းနေတာ
ငါ့တသက်ပေါ့
ခေါင်းလောင်းသံကိုက
အဓိပ္ပာယ်နှစ်မျိုးနဲ့ ။

မင်းငြိမ်းအေး
၂၁.မေ.၂၀၁၅

Comments