သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နေစိမ့်၊ နွန်လတ်၊ ရွှေပိုးအိမ်(ပဲခူး)

မရှိတဲ့အခန်း


boredart.com


အဲဒီ့အခန်းထဲမှာ
ခုထိ အသက်ရှင်နေရတာ အံ့သြမိတယ်။
အဲဒီ့အခန်းထဲမှာ လေကလွဲလို့ အကောင်အထည်မဲ့
အမျိုးအမည်မသိ အသက်ဇီဝတွေ
တချို့က တနေရာရာမှာ အဓိပ္ပာယ်ရှိကြပေမယ့်
အဲဒီ့အခန်းထဲမှာ ဘာမှအဓိပ္ပာယ်မရှိ။
သစ်ပင်မရှိ၊ တိမ်တိုက်မရှိ၊ ငလျင်မရှိ၊ မုန်တိုင်းမရှိ
ကမ်းခြေမရှိ၊ ဟေမန္တမရှိ၊ ကွန်မြူနစ်ဝါဒမရှိ၊ ဒီမိုကရေစီမရှိ
ဖက်ဆစ်ဝါဒမရှိ၊ ဘာသာတရားမရှိ။
အခန်းရဲ့ပဟေဠိဆန်ဆန်ဖွဲ့စည်းပုံအရ နံရံမရှိ။
အဲဒီ့အခန်းထဲရောက်ရှိနေကြတဲ့ အရာမှန်သမျှ
အခန်းထဲရှိနေတယ်ဆိုတာ မသိရှိကြ။
အဲဒီ့အခန်းထဲဝင်ဖို့တံခါးလည်းမရှိ။
အခန်းကိုယ်တိုင်က
အခန်းဖြစ်ကြောင်း တိတိကျကျရိပ်မိပုံရ။
အဲဒီ့အခန်းထဲမှာ ….

နေစိမ့်


နေ့များ

lauraakranz.com


နေထွက်လာတော့ နိုးထရ
ပန့်ဆိုင်မှာဆီဖြည့်သလို
ဆီရဲ့အရည်အသွေးကိုမသိရ
ဆီရဲ့ပမာဏကိုမသိရ
ငါတို့ပေးချေရတာ ငွေသားနဲ့ ဖြစ်ပြီး
ငါတို့မြင်ရတာ ဒီဂျစ်တယ်ဂဏန်းတွေမျှသာ

လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်မှာသလို
ချိုဆိမ့် ပုံမှန် ပေါ့ကျ ဖန်ချို
တကယ်ငါတို့ သောက်လိုတာ ငါတို့စိတ်ကျေနပ်မှုကို ဖြစ်ပြီး
ဖျော်ဆရာ ဖျော်ပေးတာ သူ့ရဲ့စိတ်ကျေနပ်မှုကို
မဟုတ်ဘူးလား

သူငယ်ချင်းများနဲ့ မျက်နှာချင်း ဆိုင်ရတဲ့အခါ
မစားရသေးရင် ကျွေးမှာမဟုတ်ပေမယ့် စားပြီးပလား
နေမကောင်းရင် ကုမပေးပေမယ့် နေကောင်းလား
အဆင်မပြေရင် ဖြေပေးမှာမဟုတ်လည်း အဆင်ပြေလား
နေ့များ

ထားပါတော့
ထားပါတော့နေ့များ
ဒီလိုပါပဲ
ဒီလိုပါပဲနေ့များ
ရပါတယ်
ရပါတယ်နေ့များ

နေဝင်သွားပြန်တယ်။ ။

နွန်လတ်


ခွဲခွာခြင်း

lauraakranz.com

စီးသွားတဲ့ နေရာမှာ
အစားထိုးသွားတဲ့ ရေလို
နေ့စဉ်ရက်ဆက် အမှတ်တမဲ့ပဲ
နှုတ်ဆက်ခြင်းအနောက်မှာ
စတင်ခြင်းက ရင်ချင်းဆက်နေတယ်။
သံသရာလည်သလို
လည်နေကြတဲ့ အသိုက်အ၀န်း
စိတ်ကို ခြစ်ရာလေးတခု
ပေးနိုင်ခဲ့ရင်ပဲ
ဒီဆုံရပ်အတွက် ငါ ပျော်ရွှင်ခဲ့ဖူးပါတယ်။

ရွှေပိုးအိမ်(ပဲခူး)

Comments