သစ်ခက်သံလွင် ကဗျာခံစားမှုရသဆောင်းပါး။ ငြိမ်းဝေ(ကဗျာ့ အိုးဝေ၏ ကဗျာနဲ့ပြန်မြင်ရတဲ့ အို မြတ်သောမိခင် (၁၉၇၀)



ကဗျာနဲ့ပြန်မြင်ရတဲ့ အို မြတ်သောမိခင် (၁၉၇၀)

ငြိမ်းဝေ(ကဗျာ့ အိုးဝေ)



www.pinterest.com

ထိုစဉ်က ကျွန်တော်တို့စကားဝိုင်းတွင် “မှိုင်း” မှသည် “လှိုင်းပြာ” အထိ၊ “ဇော်ဂျီ” မှသည် ဇော် (ပျဉ်းမနား)အထိ၊ ကဗျာဆိုင်းသံ ညံခဲ့ကြ၏။ ကဗျာသိုင်းကို ကခဲ့ကြ၏။ ကဗျာမီးပေါက် ဖောက်ခဲ့ကြ၏။ တချို့ လှေဦးမှာ ထိုင်။ တချို့ လှေမြီးမှာထိုင်။ တချို့လှေပေါ်ကခုန်ချ။ တချို့ လှေပေါ်တက်။ လှိုင်းထန် ရေဆန်ခရီး။
ကျနော်တို့ရဲ့ ၁၉၇၀။

 (က)
 ကမ္ဘာကျော် တိုက်တန်းနစ်လို
သက္ကရာဇ်သင်္ဘောကြီး မှောက်စဉ်ကပေါ့
သွားချင်တဲ့ ကမ်းဦးကဝေး
လောကဓံရဲ့ ပြက်ရယ်သံကြား
မာယာရေဆန် ဆင်ဖိုနီတီးခတ်
ဖြတ်သန်းခြင်းအနုပညာ
မြန်မာကဗျာနှင်းဆီတွေ
မီးအဏ္ဏ၀ါဗွေကို အနမ်းနဲ့
အလွမ်းရာဇ၀င်ကြီး တမြေ့မြေ့ငေးအောင်
ချစ်မေတ္တာနဲ့ လွှမ်းလို့
၁၉၇၀ မှာ တဖွဲဖွဲ လှမ်းခဲ့ကြတယ်။

(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)

ရင်ဘောင်တန်းပြီး ထိုင်နေကြသည့် လူလေးယောက်၏ အလေးချိန်ကို ခနော်ခနဲ့ သံဇကာကွက် တံတားလေးမှာ မချိမဆန့်တောင့်ခံထားရ၏။ ကျွန်တော်တို့က တံတားအောက်တွင် ခြေတွဲလောင်း ချကာ တန်းစီပြီး ထိုင်၏။ ကျွန်တော်တို့နောက်တွင် ပင်လုံးကျွတ်ပွင့်နေသည့် ပိတောက်ပင်ကြီးရှိ၏။
ပိတောက်ပန်းများမှာ ကျွန်တော်တို့၏ ခေါင်းပေါ်တွင်ဝေလျက်။ ပိတောက်ပွင့်တချို့မှာ မြေပေါ်တွင် ကြွေလျက်။

အိမ်ရှေ့လမ်းမ၏ အမြင့်နှင့်အညီ ထိုးထားသည့် သံဇကာကွက်တံတားလေးက ကျွန်တော့်အိမ် သို့မဟုတ် တဲကလေး၏ ၀င်ပေါက်ထိပ်တွင် ဦးတိုက်ပြီးရပ်၏။ ရင်ဆို့ မရှိတရှိ အမြင့် သံဇကာကွက် တံတားလေး၏အောက်တွင် ရေခမ်းခြောက်နေသည့် ပတ်ကြားအက်မြေပြင်ရှိ၏။ ကျွန်တော့်အိမ်ခြံဝန်းကလေးမှာ မိုးတွင်းတွင်ရေမြုပ်ပြီး နွေတွင် ရေများခမ်းခြောက်သွား၏။ အိမ်မမည်သော တဲသာသာ ကျွန်တော်နေထိုင်ရာ အိမ်ဂေဟာသို့ ကဗျာဆရာသုံးဦး လာလည်ကြ၏။ ကဗျာဆရာမ အေးအေးသန်း၊ ကဗျာဆရာ အောင်ဇင်မင်း( ထိုစဉ်က အေးအေးသန်းနှင့် အောင်ဇင်မင်း မှာ သမီးရီးစားဘ၀)၊ ကဗျာဆရာ ကိုခါး (ကွမ်းခြံကုန်း) တို့ ဖြစ်ကြ၏။ ၁၉၇၃ - ခု၊ ဗိုလ်မျိုးမြင့်ရပ်ကွက်၊ ပဲခူး။
ကိုအောင်ဇင်မင်းက ဒီလိုပြောခဲ့တာလေး သတိရနေမိ။

“ကိုငြိမ်းတို့ထုတ်တဲ့ ဆီးပွင့်ကဗျာစာအုပ်က လက်ကျန်မရှိတော့ဘူးလား”
“ရှိတော့ ရှိပါသေးတယ်၊ ဆယ်အုပ်လောက်တော့ ရှိပါသေးတယ်၊ ဘာဖြစ်လို့လဲ ခင်ဗျားမှာ မရှိလို့လား”
“ဟုတ်တယ်၊ သူမျာကိုငှားလိုက်တာ ပျောက်သွားတယ်၊ ဆီးပွင့်ပြီးရင် နောက်ထပ်ထုတ်ဖို့ ရှိသေးလား”
“ရှိတယ်၊ ဒီရေ... လို့ အမည်ပေးထားတယ်”

ထိုနေ့က သူတို့နှင့်ကျွန်တော် လက်ရေးဖြင့် ဖယောင်းပုံနှိပ်ကဗျာစာအုပ်ကလေးများအကြောင်း စကား ပြောဖြစ်ခဲ့၏။
ကျွန်တော်တို့ ပဲခူးက ကဗျာရေးသူများ စုစည်းထုတ်ဝေသည့် နိုင်ငံတကာ ကဗျာဘာသာပြန် စာအုပ်များ၊ ပျဉ်းမနားက “တောင်ညိုခင်တန်း” ၊ ရန်ကုန်က “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” ၊ “မတ်လအရိပ်” ၊ “မိုးရိပ်လေရိပ်” ကဗျာစာအုပ်များအကြောင်း တနေကုန်စကားဝိုင်းဖွဲ့ခဲ့ကြ၏။ မိုးဝေမဂ္ဂဇင်း စာမျက်နှာပေါ်က အတတ်ပညာကိစ္စ၊ ပျံနှံ့ရေးနဲ့ မြှင့်တင်ရေးကိစ္စ၊ ရဲရဲတွေး ရဲရဲရေးကြ။ ကျွန်တော်တို့ ငြင်းခုန်ခဲ့ကြ၏။


ပိတောက်ပွင့်များမှာ ကျွန်တော်တို့ခေါင်းပေါ်တွင် ဝေလျက် ...။ မြေပြင်ပေါ်တွင် ကြွေလျက် ...။ လွန်ခဲ့သော နှစ် (၃၀)။


(ခ)

လွမ်းလျကြေရီ သက္ကရာဇ်ဆီ
ရင်အုံပေါ် ကြွေခရောင်အို
နေညိုချိန် ကျောက်တောင်လှိုင်းရိုက်ခွဲ
ကဗျာမုန်တိုင်းထဲက
ဇာတ်ကောင်ကြီးရေ
“ခေတ်ကိုလှန်ပြောင်း ခရီးကြောင်းဟာ
စောင်းသံလိုတော့ မချိုဘူးအကြည်တော်” တဲ့
သင် ဆွတ်ဆွတ်ကြေကြေ
၁၉၇၁ - ခုနှစ်လေ။


(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)


“ ဒါ ... မုံရွာအောင်ရှင်ပဲ”

ကိုစန်းမောင်ရဲ့ နောက်ကရပ်နေတဲ့ သူ့ကို ကျွန်တော်ကြည့်သည်။ အရပ် မနိမ့်မမြင့်။ အသား မဖြူမညို။ ခန္ဓာကိုယ်ပါးပါး။ ပါးပေါ်က မှဲ့တလုံး။ ၁၉၇၀ ...။ ပဲခူး။
“အရင်က ... ပဲခူးကို လာဖူးသေးလား”
“မလာဖူးသေးဘူးဗျ၊ ခုမှ ခင်ဗျားတို့ရှိလို့ လာလည်တာပါ”


ကိုစန်းမောင်၊ ကျွန်တော်၊ မုံရွာအောင်ရှင်တို့ “နွေဦးသစ်မှာ ပေါ်တဲ့ ပွင့်သစ်” လက်ရေးဖယောင်း ပုံနှိပ်ကဗျာစာအုပ်အကြောင်း စကားပြောကြသည်။ ယင်းစာအုပ်ကလေး ကို မုံရွာအောင်ရှင်က ကညစ်တံဖြင့် ကိုယ်တိုင်ရေးခဲ့၏။ ဗမာပြည် တနံတလျားက ကဗျာဆရာလူငယ်များ။ သည်စာအုပ်မှာ “စာပေဆည်းဆာ” လှုပ်ရှားမှုရဲ့ ပထမဆုံး စိုက်ထူသည့်မှတ်တိုင်။ စာအုပ်၏အမည်ကို ဆရာ ဒဂုန်တာရာက အမည်ရွေးပေးခဲ့။
ဒီတုန်းက “စာပေဆည်းဆာ” ကို နိုင်ငံကျော်စာရေးဆရာ “နိုင်ဝင်းဆွေ” ရဲ့ တောင်ဥက္ကလာပ နှင်းဆီခြံ ကလေးထဲတွင် မွေးဖွားခဲ့ကြ။ မိုးဝေမဂ္ဂဇင်းခြံထွက် ကဗျာရေးသူလူငယ် (၄၀) ကျော်။ ထိုစဉ်က ကျွန်တော်တို့ရဲ့ လက်ခမောင်းခတ်သံများ တဖြောင်းဖြောင်းညံ။ သူရဲကောင်းများ တဦးပြီးတဦး ရှေ့ထွက် ရပ်ကြ။ တချို့ကြွေ၊ တချို့ဝေ၊ တချို့တွေ ...။


(ဂ)

“ရန်ကုန်က နေနဲ့
ပျဉ်းမနားက နေဟာ
ပူတာချင်း အတူတူပါ” တဲ့
စိမ်းမြညိုပုတ်
တောအုပ်ကြီးထဲမှာ
မောင်သင်းခိုင်က
“အာဖရိက ဗုံသံ” ကို
လိုက်လို့ရှာ ...။

(ကိုခါး - ကွမ်းခြံကုန်းရဲ့ မိုးဝေလမ်းဆုံ ကဗျာမှ)


“ငြိမ်းဝေရေ ...ဗိုလ်ကြီးရောက်နေတယ်၊ မြင်းဖြူကိုသာချီတက်ခဲ့”


မြင်းဖြူလက်ဖက်ရည်ဆိုင်ကိုရောက်တော့ ၀ိုင်းထဲမှာ လူစုံနေပြီ။ မင်းခိုင်ဦး၊ ကိုခါး (ပဲခူး)၊ စိုးမိုးတင်
(ခရေ)၊ ကိုစန်းမောင် ...ပြီးတော့ ဗိုလ်ကြီး။ (ဗိုလ်ကြီးဆိုသူမှာ ကျွန်တော်တို့ မိုးဝေမဂ္ဂဇင်းကဗျာ ရေးသူ အားလုံးက ခေါ်ဝေါ်သုံးစွဲသည့် ကဗျာဆရာ မောင်သင်းခိုင်၏ အမည်ဖြစ်၏။)

“ခင်ဗျားက နိုင်ငံတကာကဗျာတွေချည်းပဲ အာရုံမထားနဲ့ဗျ၊ ဘာသာပြန်ရင် ဈာန်ပွန်းတတ်တယ်၊ အတတ်ပညာအားနည်းပြီး ခင်ဗျားကဗျာတွေ ကြမ်းနေတတ်တယ်”

ဂျင်းဘောင်းဘီပွပွ။ အက်ႌဘိုသီဘတ္သီပြပြ။ အပြောရဲရဲ၊ အဟောရဲရဲ။ အယူရဲရဲ။ သူနှင့်အတူ သူ့အား ၀န်းရံ လိုက်ပါလာသူ လူငယ် (၄) ဦး ...။ မောင်သင်းခိုင် (ပျဉ်းမနား) မှာ ကျနော်တို့ဝိုင်းတွင် ဦးဆောင်ပြီး စကားပြော၏။ ကျွန်တော့်အပေါ် သူ့မှတ်ချက်ကို ကျွန်တော် သဘောမတူ။ သို့သော် ကိစ္စမရှိ။ ကျွန်တော်တို့က ထိုစဉ်ကတည်းက ရင်အခံချဲ့ပြီးသား။ လမ်းကြောင်းတခုပေါ်က ဗဟုရသ ရောင်စုံများ။ အနာဂတ်ကို ဘာသာပြန်ဖို့ ကြိုးစားကြသည့် အတောင်တူငှက်များ။ ကိစ္စမရှိ။

ထိုစဉ်က ကျွန်တော်တို့စကားဝိုင်းတွင် “မှိုင်း” မှသည် “လှိုင်းပြာ” အထိ၊ “ဇော်ဂျီ” မှသည် ဇော် (ပျဉ်းမနား)အထိ၊ ကဗျာဆိုင်းသံ ညံခဲ့ကြ၏။ ကဗျာသိုင်းကို ကခဲ့ကြ၏။ ကဗျာမီးပေါက် ဖောက်ခဲ့ကြ၏။ တချို့ လှေဦးမှာ ထိုင်။ တချို့ လှေမြီးမှာထိုင်။ တချို့လှေပေါ်ကခုန်ချ။ တချို့ လှေပေါ်တက်။ လှိုင်းထန် ရေဆန်ခရီး။
ကျနော်တို့ရဲ့ ၁၉၇၀။


(ဃ)

ဆရာဒဂုန်တာရာက အခုလို မှတ်ချက်ရေးခဲ့ဖူးသည်။
“၁၉၃၀-၌ ကား လယ်သမား သူပုန်ကို မဟာမှိုင်းက ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ဟု အလေးပြု လိုက်သည်။ မဟာမှိုင်းက ပြည်သူ့ဖက်မှရပ်ကာ နယ်ချဲ့သမားအားတိုက်သူကို ကျောက်တိုင်စိုက် ပေးခဲ့သည်။ ယင်းကျောက်တိုင်းကား ခေတ်ပေါ်ကဗျာ၏မှတ်တိုင်ပင်”... ဟုရေးခဲ့သည်။ ၃၀.၁၁.၆၉ ... နေ့စွဲဖြင့်။
(တော်လှန်ကဗျာ စာအုပ်အမှာစာမှ)

သည်လိုနှင့် မောင်ချောနွယ်ကလည်း ခေတ်ပေါ်ကဗျာရဲ့ မြစ်ဖျားကို မန်းမှုတ်အသက်သွင်း...။

“ကဲ ချွေစမ်းပါဦး
လေရူးလေနော့၊ သော့နှင်မဆုံး
လေသင်တုံးလား၊ မုန်တိုင်းလားပဲ
တအားတိုက်စမ်း ၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာ ကြွေအောင်
မွချွေစမ်းပါ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းပဲ”။

(မောင်ချောနွယ်ရဲ့ ကြွေဒါကိုက ပွင့်ခြင်းပဲ ကဗျာမှ) 


သည်လိုနှင့် မြင်းခြံ၊ မုံရွာ၊ တောင်ကုတ်၊ မြစ်ကြီးနား၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ ရန်ကုန် မြန်မာပြည်တနံတလျား... ကျွန်တော်တို့တတွေ ကဗျာတွေနှင့်လိမ်းကျံပစ်လိုက်ကြ။

“သူရဲကောင်းကား သေဆုံးသွားချေပြီ
သို့သော်
ရဲဘော် ဘန်ထရွိုင်း တုနှိုင်းမရှိ
သင်၏စိတ်ထား၊ မြတ်တရားကို
ဒို့ကား ပွေ့ဖက်ပါသတည်း
ဒို့ကား လေးစားပါသတည်း”။



(မောင်သင်းခိုင်ရဲ့... ဗီယက်နမ်မျိုးချစ်သူရဲကောင်း... ကဗျာမှ)

သူတို့ဟာ
ချစ်သူ
မိဘ
ဘဝ
အတ္တ
စွန့်လွှတ်မှုအလုံးစုံ
ယုံကြည်ချက်မီးလျှံတွင်း ခုန်ဆင်းကာ
မဟာလူသားများအဖြစ်
လောကကို ချစ်ခဲ့ကြတယ်။

 
( ဖော်ဝေးရဲ့... ပန်းများကိုနမ်းရှိုက်ခြင်း... ကဗျာမှ)


ကျွန်တော်တို့တတွေငြင်းခုန်ခဲ့ကြ။ တင်းခံခဲ့ကြ။ လက်နက်အား၊ ကျည်အား အပြည့်နှင့် စစ်မျက်နှာ ရှေ့တန်းဆီ ချီတက်သွားခဲ့ကြ။ လောကတခွင်လုံး မီးခိုးမှိုင်းတွေဖုံးလျက်။ ပေါက်ကွဲဆူညံလျက်။
ဘယ်သူတွေ သွေးပျက်ခဲ့ကြသလဲ။ ဘယ်သူတွေဘေးထွက်ခဲ့ကြသလဲ။ တချို့က သွေးနဲ့ရင်းပြီး လမ်းခင်း။ တချို့ကချွေးနဲ့ရင်းပြီး လမ်းရှင်း။ တချို့ သံခင်းတမန်ခင်း။ တချို့ ပဲခူးရိုးမတောင်ခြေရင်း။ ကျွန်တော်တို့အားလုံး လမ်းမဆုံးခင်ရွာတွေ့နိုင်လိမ့်မယ်လို့ မည်သူမျှမမျှော်လင့်။
ကျွန်တော်တို့ရဲ့တမ်းတငတ်မွတ်ခြင်းများက မိုးကုတ်စက်ဝိုင်းအထိ။ ခြေလှမ်းများက အနာဂတ်ဆီ။

(င)

နှစ်ပေါင်း(၄၀)။ ၁၉၇၀ ခုမှအစချီ... ၂၀၀၉။ မြန်မာကဗျာ ရေစီးကြောင်း။ ခေတ်ပေါ်ကဗျာများရဲ့ လက်ခမောင်းခတ်သံများ ဆူညံမြည်ဟိန်းသထက် မြည်နေဆဲ။ မျိုးဆက်သစ်များကား လမ်းအသွယ်သွယ်ကို ဆက်လက်စူးစမ်း၊ ရင်းနီး၊ ဖော်က်လုပ်နေကြ။ တချို့အလံကိုင်။ တချို့အလံလက်ဆင့်ကမ်း။ တချို့အလံမြှင့်တင်။ “မိုးဝေ စာပေမဂ္ဂဇင်း”စင်မြင့်ပေါ်က မြန်မာကဗျာ ဇာတ်ဝင်ခန်းများ...။ ဇာတ်ကောင်များ...။
တကယ့်ကို လွမ်းမကုန်တဲ့ လမ်းဆုံလမ်းမပေါ်က “မိုးဝေ” ပါပဲ။ ၁၉၇၀ ... သက္ကရာဇ်သင်္ဘောကြီးမှောက်ခဲ့စဉ်က “မိုးဝေ” ပါပဲ။

ကျွန်တော်တို့သည် ရာဇ၀င်ကို မရေးလို့မဖြစ်။ ရာဇ၀င်ကို မချစ်လို့မဖြစ်။ ရာဇ၀င်ကို မသစ်လို့မဖြစ်။
ကျွန်တော်တို့သည်ကား ရာဇ၀င်ကိုလည်း ရေးဖို့ ကြိုးစားခဲ့၏။ ရာဇ၀င်ကလည်း ကျွန်တော်တို့ကို ရေးခဲ့ ၏။ သို့ဖြင့်... ကျွန်တော်တို့သည် ရာဇ၀င်ကို ချစ်မက်နေဆဲ...။ ရာဇ၀င်ကလည်း ကျွန်တော်တို့ကို စိမ်ခေါ်နေဆဲ...။ ။


ငြိမ်းဝေ(ကဗျာ့အိုးဝေ)

စာရေးသူမှတ်ချက်။ ။ ဒီဆောင်းပါးရေးထားတာလည်း ဆယ်နှစ်နီးပါး ရှိပါပြီ။

ကိုးကား ။ ။
(၁) ဖော်ဝေးရဲ့“ဖော်ဝေးငှက်များပျံသန်းချိန်” ကဗျာစာအုပ်
(၂) `တော်လှန်ကဗျာ´စာအုပ်
(၃) ကိုခါး(ကွမ်းခြံကုန်း)ရဲ့ `မန္တလေးကို ရွှေမြင်းလှည်းနဲ့လည်´ ကဗျာစာအုပ်


 

Comments