သစ်ခက်သံလွင်ကဗျာစင်မြင့်-ငြိမ်းဝေ(ကဗျာ့ အိုးဝေ)၊ ၀ါကျဖြူတို့ရဲ့ကဗျာများ



လက်ဖက်ရည်ဆိုင်ထဲက သင်္ဘောမှောက်ထားတဲ့ လူဝင်စားတွေ
 
www.stateoftheartgallery.com.au
သစ်ပင်တပင်အောက်ကို ကပ်သွားတဲ့အခါ
တစုံတယောက်က ငါ့နောက်မှာ လာရပ်လိုက်တယ်
အသံဝါကြီးနဲ့စကားပြောတယ်
ဘယ်သူမှ မကြားသလိုဖြစ်နေပေမယ့် ငါကြားတယ်
ငါတို့ဟာ
ဖန်တီးခြင်းခံထားရတဲ့ သူရဲကောင်းတွေပဲ
ကတ္တားမပါတဲ့ သူရဲကောင်းတွေရဲ့ တုတ် ဓား လက်နက်တွေပဲ
တကယ်တော့ လက်ဖက်ရည်ဆိုင်ထဲမှာ
စစ်ပွဲတစ်ခုနဲ့တခု ပုဒ်ထီးချခံထားကြရ
ငြိမ်းချမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလဲအလှယ်လုပ်ကြရ
မနေ့တုန်းက ဖဘပေါ်မှာ မျက်ရည်အကြိမ်ကြိမ်သုတ်ရင်း နေ၀င်သွားခဲ့ရ
စားပွဲခုံအောက်က ဖိနပ်တွေက ကရင်းခုန်ရင်းနဲ့
ငွေရှင်းကောင်တာပေါ် ရစ်ဘီးတွေလို ၀ဲလှည့်နေကြ
သွားကြားထိုးတံ ထိပ်ဖြားတွေပေါ်မှာ ကြည်အေးနဲ့ရန်ဖြစ်ရတယ်
ပွင့်ဒင်္ဂဟာ ငါ့အတွက် တစ်ရှူးစက္ကူပဲ
သူတို့လည်း ငါ့လိုပဲ ဟောင်ဖွာဟောင်ဖွာ
သူတို့လည်း လူစုပြီး အနာဂတိလုပ်ကြတာပဲ
ပန်းကန်ပြားပျံတွေဟာ စားပွဲခုံတခုပြီးတခု ချိတ်ဆက်ပြီး အသက်ဓာတ်ကူးထားကြရတယ်
ကားသံတွေက မော်တော်ပီကယ်အိတ်ခတ်ထဲ မစင်စွန့်လိုက်တယ်
မျက်ခုံးတချက်အပင့်မှာ တီဗွီဖန်သားပြင်ပေါ်က တရားသံက ဟစ်ဟော့လို တွန့်လိမ်ပြီးထွက်လာတယ်
စောင်းငဲ့ပြီး မကြည့်ပါနဲ့ မိန်းကလေး
ငါဟာ
နတ်ပူးနေတဲ့ လူဝင်စားတကောင်ပါ
လဘက်ရည်ပေါ့ကျတခွက်ဟာ
ငါ့အတွက် ဆယ်လူကော့တက်ပါ
ဒီနေရာကို လူဝင်စားတွေ မကြာခင်ချဉ်းကပ်လာကြလိမ့်မယ် မနက်ခင်းတိုင်း
မင်ဒယ်လ်စတန်း တခွက်
စဗက်ထရေဗါ တခွက်
ဆရာဗန်းမော် တခွက်
တိုက်မောင်းတခွက်
ခွက်ချင်းတေ့လိုက်ကြ ခွက်ချင်း လဲသောက်လိုက်ကြ
ခွက်စောင်းခုတ်ကြ
ခွက်တွေပေါ် မှောက်အိပ်လိုက်ကြ
ခွက်တွေကို ကန်ထုတ်လိုက်ကြ
ခွက်တွေကို လည်ပင်းမှာ ဆွဲထားလိုက်ကြ
ဒီလိုနဲ့
ကျသင့်ငွေမရှင်းပဲ လောကကြီးက ထွက်ခွာသွားခဲ့ကြတယ်
မနက်ဖြန်ကြရင်လည်း
လူဝင်စားတွေ လက်ဖက်ရည်ဆိုင်ရှေ့
သစ်ပင်အောက် ရောက်လာပါလိမ့်ဦးမယ်
ခြေထောက်တွေ လက်တွေ ခေါင်းတွေ ဖြတ်တောက်ပြီး ရောက်လာပါလိမ့်ဦးမယ်
လူဝင်စားဆိုတာ
နှလုံးသားနဲ့သာ ဖြစ်တည်နေတဲ့ အတ္တဘ၀ အမှန်ဝါဒီတွေပဲလေ။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)
၂၄၊ ၆၊ ၂၀၁၆။ 
မနက်ခင်း ၇ နာရီ ၄၅ မိနစ်
ပုဇွန်တောင်။


ရှော့ ...ဟာ တောကြီးမျက်မည်း

www.saatchiart.com
 ပင်လယ်ဟာ
ဆတ်ခနဲ နေလုံးကိုကောက်မြိုချပစ်လိုက်တယ်။

ပင်လယ်ထဲဝင်ပြီး သေပစ်လိုက်ဖို့
မနက်ခင်းထဲက လျှောက်လိုက်ရတဲ့ခရီး
ညနေသာ စောင်းသွားရော
အကြောအခြင်တွေ ညောင်းညာကိုက်ခဲကျသွားတယ်
ဖိအားနဲ့ထုံးထားတဲ့ စိတ်ကို
အမှောင်ထဲ ဖြည်ချပစ်လိုက်မိတော့တယ် ။

ဘယ်အချိန်
ဘယ်အခန်း
ဘယ်အမိန့်တွေက ထပြီး
ရှော့ တွေထဲဝင်ပြီး တောက်လောင် ပစ်လိုက်မလဲ
အခုထိတော့ လင်းနေဆဲအလင်းတွေထဲမှာ
မသိစိတ် ဝါယာမျှင်ထဲ ဆွဲခိုထားတဲ့ ပြာပုံဘဝဟာ
ဘာတွေကိုလွှတ်ချပြီးသွားပြီလဲ
ထစ်ခနဲရှိ မှောင်ပစ်လိုက်တဲ့
ကျောက်သားတွေထဲကကျောက်တုံးအစဟာ
အနာတရများစွာနဲ့ ။

အရင်နေ့ဟာအဟောင်းသွားဘူး
နေရောင်ဟာနိုးထလာတာနဲ့
ကော်ဖီတခွက်သောက်မယ်
သီတင်းစာခဏဖတ်မယ်
အလုပ်သွားမယ်
အရင့်အရင်အမွေအနှစ်တွေထဲက
ရှော့ တွေနဲ့တွယ်ကပ်နေတဲ့
အလာ့ဂျစ်တွေကို
အဆုတ်ထဲခပ်ပြင်းပြင်းရှူသွင်းလိုက်တယ်
လေးလေးပင်ပင်ဟာ
သက်ပြင်းမှာရှော့ရခဲ့ပေါ့ ။

ရှော့တွေရဲ့အဆုံးခရီးဟာ
ညဖြစ်နေကြောင်းကိုအခုမှသိခဲ့ရတာပဲ
ညဟာ အဲဒီလိုခြေကျင်ခရီးတွေကို စုပြီးမှောင်ပစ်လိုက်တာ
အမြီးကနေဦးခေါင်း
 ဦးခေါင်းကနေအမြီးအထိ
တဘဝကိုလျှာပေါ်တင်ကြည့်မိခဲ့တယ်
ခွေးအူသံတွေပေါက်နေတဲ့
တောကြီးမျက်မည်း ။

ဝါကျဖြူ
20.06.2016

Comments