သစ်ခက်သံလွင်- မောင်လွမ်းဏီ၏ ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း နှစ် ၄၀ မြောက် ဦးညွှတ်ခြင်းကဗျာ



ကြိုးတိုက်ထဲက မှတ်တမ်းမှတ်ရာ 
 


အမည်ဆိုး ကြိုးတိုက်
တိုက်အမှတ် - ၂ ၊ တိုက်ပွဲနှစ်များ
တေးသားသက်ဝင်
ရှင်သန်လှုပ်ရှားဆဲပေတကား။
ခါးလည်တံခါး
စည်းခြားပိုင်နက်၊ ခြမ်းတဘက်
နက်နက်ရှိုင်းရှိုင်း၊ ပိုင်းပိုင်းဖြတ်ဖြတ်
ပြတ်ပြတ်သားသား၊ ရှားရှားပါးပါး
ကြိုးသမားတို့ အံကြိတ်ရာ။
ကြိုးစာရင်းဝင်
ကိုညွန့်တင်၊ ဆလိုင်းတင်မောင်ဦး၊ ဗိုလ်စံဖဲ
ဘဆွေလေး (အကောက်)၊ စောလှဝင်း
ကိုထွန်းမောင် (ဘိုကလေး) နှင့် … အစရှိသူများ။
ဟိုတဖက်က
မက္ကနားမှ၊ လှရွှေ၊ ဇေယျ
ဆာဂျင်သိန်းမြိုင်၊ အာဏာပိုင်များ
ပါးကွက်သားတစု
ကိုညွန့်တင်ရဲ့ တယောချွဲသံ
ညယံ ထွင်းဖောက် လွင့်နေမြဲ၊
ဘဆွေလေးရဲ့ အကျဉ်းနံရံ
“ဗေဒါပျံအံကိုခဲ ပန်းပန်းလျက်ပဲ“
မီးသွေးခဲနဲ့ ရဲတဲ့စာတို။
တော်လှန်ပုံရိပ်၊ ယုံကြည်ရွယ်စူး
တင်မောင်ဦးရဲ့ ကြွေးကြော်သံလား
ထောင်တံတိုင်းမှာ ပဲ့တင်ညံ။
အဘိုးသခင်
ကြိုးစင်ဋီကာ၊ မထီမဖြုံ
ဂဠုန် သရဏံ ဂစ္ဆာမိခိုင်းခဲ့တယ်လေ။
ဗိုလ်ကြီးအုန်းကျော်မြင့်
ကျောင်းသားခေါင်းဆောင် တင်မောင်ဦး
ခေတ်ကိုတူးဆွခဲ့သူတွေ။
ဂျူးလိယက် ဖူးချစ်ရဲ့
ကြိုးစင်ပေါ်က မှတ်တမ်းများ
တို့ ရဲဘော်ရဲ့ ကြိုးတိုက်ထဲက ပုံရိပ်များ
ကြိုးစင်သွားရာ၊ ခြေရာပြတ်ထင်
ကြိုးစင်အတက်၊ သွေးမပျက်တာ
ကြိုးစင်ထက်မှာ
ရဲလက်နီစွေး ခွပ်ဒေါင်းသွေးနဲ့
အရေးတော်ပုံဖွဲ့ခဲ့သည်။ ။

(ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း ၃၄ နှစ်မြောက် အထိမ်းအမှတ်)
မောင်လွမ်းဏီ
၂၄ - ၆ - ၂၀၁၀
မိုးကြိုး

- ရဲဘော်တွေ အမှတ်တရ ပြန်တင်ခိုင်းတဲ့အတွက် နှစ် ၄၀ မြောက် ဦးညွှတ်ခြင်းပါ။
တော်လှန်ဂါရ၀ဖြင့်…(မောင်လွမ်းဏီမှတ်ချက်ပြုသည်)



Comments