သစ်ခက်သံလွင်ကဗျာခံစားမှု- ညိုထက်(လမ်းသစ်ဦး)ရဲ့ ကိုငြိမ်းဝေရေ မောင်ချောနွယ်ဆိုတာ ကျစ်ကျစ်လစ်လစ် မနေတတ်တဲ့ကောင်

ကိုငြိမ်းဝေရေ မောင်ချောနွယ်ဆိုတာ ကျစ်ကျစ်လစ်လစ် မနေတတ်တဲ့ကောင်

မူရင်းဓာတ်ပုံရှင်ကို credit ပေးပါသည်။
 မောင်ချောနွယ်တို့မကျစ်လစ်မှုကို ဆရာမောင်သာနိုးတောင် တခုတ်တရ အသိအမှတ်ပြုရလောက် အောင် မကျစ်လစ်တဲ့ကောင်။ မောင်ချောနွယ် လူကြိုက်နည်းကြောင်းပြောတာ ၁၁ ပါဒလောက်ရေးဖွဲ့ မှ လူသိမှာတဲ့ လား။ ဒါ့ကြောင့် မောင်ချောနွယ် လူကြိုက်နည်းခဲ့တာ။

ဈေးထဲမှာ ကိုယ်ထည်ပြည့်ပြည့် အရသာရှိရှိ
ရေချို ငါးသလောက်ကြီးက ၁၈ ကျပ်တဲ့
နာမည်လည်းဖျင်း အဆီအသားလည်းဖျင်းတဲ့
ငဖျင်းက ၂၈ ကျပ်ဈေးတဲ့။
ဒါနဲ့ ဆိုင်ရှင်ကို မေးကြည့်မိတယ်။
ဘာဖြစ်လို့များ အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့
ရေချိုငါးသလောက်က ဈေးကြီးနေရတာလည်းလို့။
လူကြိုက်နည်းလို့တဲ့။
ငါးဖျင်းကတော့ လူကြိုက်များလို့ ဈေးကြီးတယ်တဲ့။
ဟုတ်ကဲ့ မောင်ချောနွယ်ဟာ
လူကြိုက်နည်းတဲ့ကောင်။

သစ်ခက်သံလွင်ဝဘ်ဆိုဒ်ထဲ ကိုငြိမ်းဝေရဲ့ကဗျာခံစားမှု ဆောင်းပါးဖြစ်တဲ့  “ မောင်ချောနွယ်ရဲ့ အရိပ်ခြွေ သစ်ပင်ကို ခြွေကြည့်ခြင်း  ” ကိုဖတ်မိရာက အတွေးပွားရင်း ဒီစာကိုရေးဖို့ ဖြစ်လာတယ်။
ပထမဦးဆုံးပြောထားချင်တာက ကျနော် မောင်ချောနွယ်ကိုအများကြီးမသိဘူး။ ကျနော် မောင်ချောနွယ် အထူးပြုဘာသာရပ်ကို ကျွမ်းကျင်သူမဟုတ်ဘူး။ ကျနော် မောင်ချောနွယ်ကို လူချင်းမရင်းနှီးဘူး။ ကျနော် မောင်ချောနွယ်နဲ့အတူတူ ဘီယာမသောက်ဖူးဘူး။ ကျနော် မောင်ချောနွယ်ပြောတဲ့ မဆံ့မပြဲ စကားလုံးတွေကို ကိုယ်ထိလက်ရောက် မနှီးနှောခဲ့ရဖူးဘူး။ ကျနော် မောင်ချောနွယ်ပစ်ချလိုက်တဲ့ ချစ်သံနှောတဲ့ အမှန်းကျည်ဆံတွေ မထိမှန်ခဲ့ရဖူးဘူး။ (အဲဒီလို ဒဏ်ရာမျိုးတော့ ဘ၀မှာတခါ ဖူးလောက်ဖြစ်ဖြစ် တခါဖူးလိုက်ချင်တယ်။) ဒါပေမဲ့ ကျနော် မောင်ချောနွယ်ကို ချစ်တယ်။ ဘ၀အဆက် ဆက် ရင်းနှီးပတ်သက်ခဲ့ရဖူးသူတွေကို ချစ်သလိုမျိုး ချစ်တယ်။ နတ်အငွေ့နဲ့ သူ့ကဗျာ အတွေ့တွေထဲ မှာ သာယာဖူးတယ်။ သူ့ကဗျာသံတွေကို အသံထွက်ဖတ်ရင်းက သွေးသားချင်း ရင်းနှီး ပွေ့ဖက်မိသလိုမျိုး ချစ်တယ်။ ဒါတွေဟာ မောင်ချောနွယ် ဗမာကဗျာလောကထဲ ပစ်သွင်းလိုက်တဲ့ ကူးစက်ဗိုင်းရပ်စ်ပိုးတွေ လို့ မြင်နေမိတော့တယ်။ မကျစ်လစ်ခြင်းအမှုံတွေ ပေးချေပြီး သူ ရသင့်ရထိုက်တာ တွေကို အကုန်ယူ သွားတဲ့လူ။
ကိုငြိမ်းဝေက မောင်ချောနွယ်ရဲ့ အရိပ်ခြွေသစ်ပင်ကို ခြေချရင်း မြေခအောင် တင်ပြချက်က မကျစ်လစ် ပါဘူးတဲ့။ မောင်ချောနွယ်ရဲ့မကျစ်လစ်မှုကို ကိုငြိမ်းဝေက ကွင်းစကွင်းပိတ်တွေနဲ့ အထူးပြုပေးထားတယ်။

အရိပ်ခြွေသစ်ပင်ဟာ
သစ်ရွက်တွေ မခြွေဘူး
အရိပ်တွေသာ ခြွေခြွေ ချပေးနေတယ်
(သူခြွေချတဲ့ အရိပ်ထဲမှာ
ဆန်းသစ်တဲ့ နေ့ရက်တွေပါတယ်
ပန်းသစ်ဝေေ၀ မနက်ခင်းတွေပါတယ်
ရွှန်းလက်ဝင်းပတဲ့ သစ်သီးတွေပါတယ်
ပြန်ကျ မိုးစက်တွေပါတယ်
ဘာဖြစ်လို့များ
သူ့က အရိပ်တွေခြွေလိုက်တိုင်း
အဲ့ဒါတွေ ပါဝင်နေရတာလည်း)

ဒီကဗျာပိုဒ်နဲ့ ပတ်သက်ပြီး ကိုငြိမ်းဝေရဲ့ဝေဖန်ချက်ကိုလည်း သူ့ရဲ့ဆောင်းပါးရဲ့ရေးသားချက်အရ အဲဒီ ကွင်းစကွင်းပိတ်နဲ့ထားတဲ့ ၈ ပါဒကိုဖြုတ်ထုတ်လိုက်ရင် အဲဒီကဗျာ ပိုမိုကျစ်လစ်သိပ်သည်းလာမယ်လို့ ပြောတယ်။
ကျနော့်အမြင်မှာတော့ မကျစ်လစ်တာကိုက မောင်ချောနွယ်ဖြစ်နေတာပဲ။ ဒီစာရဲ့အစမှာ ကျနော်တင်ပြ ထားတဲ့စာပိုဒ်က မောင်ချောနွယ်ရဲ့လူကြိုက်နည်းတဲ့ကောင်ကဗျာထဲက ကဗျာစာသားတွေ ပဲ။ မောင်ချောနွယ်ရဲ့ မကျစ်လစ်မှုတွေကို အာရုံပြုမိတဲ့အခါ ကျနော့်မျက်မှောက်ထဲ လူကြိုက်နည်းတဲ့ကောင် ဟာ မကျစ်လစ်ဆုံးပဲလို့ ပေါ်လာတော့တယ်။ ဒီကဗျာကိုဖတ်ကြည့်ရင် မောင်ချောနွယ်ရဲ့ ကဗျာ ကာဣနြေ္ဒ မဲ့မှုကို ထင်ထင်ရှားရှားတွေ့နိုင်တယ်။ မောင်ချောနွယ် လူကြိုက်နည်းတဲ့ကောင်ဖြစ်ကြောင်းကို တင်ပြချက် မှာ ဘယ်လောက်များ ကာဣနြေ္ဒ မဲ့လိုက်သလဲ။ မောင်ချောနွယ်ဆိုတဲ့ငနဲ ကဗျာကို ကျစ်လစ်အောင် မရေးတတ်တဲ့ငနဲ။

မောင်ချောနွယ်တို့မကျစ်လစ်မှုကို ဆရာမောင်သာနိုးတောင် တခုတ်တရ အသိအမှတ်ပြုရလောက် အောင် မကျစ်လစ်တဲ့ကောင်။ မောင်ချောနွယ် လူကြိုက်နည်းကြောင်းပြောတာ ၁၁ ပါဒလောက်ရေးဖွဲ့ မှ လူသိမှာတဲ့ လား။ ဒါ့ကြောင့် မောင်ချောနွယ် လူကြိုက်နည်းခဲ့တာ။ ကဗျာကို လူတွေသူတွေ နားလည်အောင် ဒီလောက်ကြီးရေးဖွဲ့ပြနေမှတော့၊ ကဗျာကို သာမာလူတန်းစားတွေ သိသွားရလောက်အောင် ဥပမာ ဥပမေယျတွေနဲ့ မမြင်မြင်အောင်၊ မတွေ့ တွေ့အောင် ရေးဖွဲ့ပြနေမှတော့ လူကြိုက်နည်း တော့တာပေါ့။ မသကာရေးပေါ့ဗျာ မောင်ချောနွယ်ဟာ ရေချိုငါးသလောက်လို လူကြိုက်နည်းတယ်ဆို ခင်ဗျားကဗျာ ကျစ်ကျစ်လစ်လစ်နဲ့ လူရိုသေ ရှင်ရိုသေ ဖြစ်ဦးမှာ။ အခုတော့ဗျာ ၁၁ ပါဒကြီးများ တောင်မှ လူကြိုက်နည်းတဲ့ အကြောင်း ဖွဲ့နွဲ့ပြနေရသတဲ့လား။

အပေါစား ရက်စတော့ရင့်တွေက
အလကားရတဲ့ ဆာဒါးဟင်းချိုရည်တွေနဲ့
သူ့ဘ၀ကို မတည်ဆောက်လိုဘူးတဲ့။
ဒါပေမဲ့ ခက်ရပုံများ
စားပွဲပေါ်မှာ ဒီ ဟင်းချိုရည်တခွက်ပဲ
ပူပူနွေးနွေးရှိတာလေ။

နွမ်းပါးတဲ့ အောက်ခြေလူတန်းစားတွေနဲ့
ဒူးတင် ပေါင်တင်တတန်းတည်းနေပေမယ့်
ဘုံဆန်တဲ့ အိမ်သာမျိုးကျ
သင်းက မကြိုက်ပြန်ဘူးတဲ့။

မောင်ချောနွယ်တို့ မကျစ်လစ်တာတွေက တယ်များသကိုး။ ဘယ်နှယ်ဗျာ အပေါစားတွေနဲ့ အလကားရ တာတွေထဲမှာ တည်ဆောက်ထားရတဲ့ ခင်ဗျားဘ၀ကို ရေးပြတာများဗျာ ဒီလောက်အထိ ရေးရ သလား။ လူနေခြုံကြား စိတ်နေဘုံဖျား။ ဘုံအိမ်သာကို ဖျားနေတဲ့ ခင်ဗျားရဲ့ခံစားချက်ကို သဘော ပေါက်ပေမယ့် ဒီလောက်ထိအောင်တော့ မကျစ်မလစ်ကဗျာနဲ့ ဖော်ပြတာမျိုးမလုပ်နဲ့ဗျာ။ ကျနော်တို့ ရင်ထဲဒုတ်ဒုတ်ထိ စိုက်ဝင်တတ်လွန်းလို့။ ကျနော်တို့ ရင်ထုတ်ချင်းခတ် ပေါက်မြောက်လွန်းလို့။ ကျနော်တို့ ဘယ်ဘက်ရင်အုံထဲ ခင်ဗျားရဲ့ဂျက်ပင်ကြီးကြောင့် ကျဉ်တက်လာလို့ လွန်းလို့။ ကျနော်တို့ ရင်ဘတ်ထဲ တိတိကျကျ ပစ်မလွဲခဲ့တာကြောင့် သွေးစိမ်းရှင်ရှင်ထွက်ရတယ်ဗျ။

အပေါစား ဆာဒါးဟင်းချိုရည်တွေမသောက်ပေမယ့်
ကျနော့်ဘ၀စားပွဲထဲ ဒီအချိုရည်တွေပဲရှိခဲ့
အောက်ခြေလူတန်းစားတွေနဲ့ နေပေမယ့်
ဘုံအိမ်သာကိုမကြိုက်တဲ့ကောင်။

ကိုငြိမ်းဝေရေ အဲဒီလိုလေးများရေးလိုက်ရင် မောင်ချောနွယ်ကဗျာက ပိုပြီးတော့ ကဗျာအရမြောက် လောက်တယ်နော့။ တွေးကြည့်တာ တွေးကြည့်တာ။ ကျနော်တွေးကြည့်လိုက်မိတာလေးကို ပြောပြ တာ။

အရက်ဖြူကို ယဉ်ကျေးမှုမြင့် သောက်တတ်သေး
ဇိမ်ခံရကောင်းမှန်း သိတတ်သေး
အသုံးချ သောက်တတ်ရကောင်းမှန်း သိတတ်သေး
မူးလာရင် ထ ကဖို့
ဘယ်တော့မှ မမေ့တတ်တဲ့ကောင်

ခင်ဗျားကဗျာကို ဖတ်ကြည့်လေ ခင်ဗျားဟာ လူကြိုက်နည်းတဲ့ကောင် ဖြစ်သင့်လို့ ဖြစ်တဲ့ငနဲဆိုတာ ပိုမို တွေ့ရှိလာလေပဲ။ ဘယ်ဗျာ။ အပေါစားအရက်တလုံးအပေါ် ခင်ဗျားရဲ့ဖွဲ့နွဲ့မှုက အထက်တန်းကျလွန်း တယ်။ အယ်ကိုဟောတည်ရှိမှု ရာခိုင်နှုန်းများလွန်းတယ်။ ခင်ဗျားရဲ့မကျစ်လစ်မှုက မချစ်ချက်တဲ့ အရက်ထက် ပြင်းလွန်းတယ်။ ကမ္ဘာလောကကြီးကို ထည့်ထုတ်ထားလို့ရနိုင်လောက်တဲ့ အင်ဖက်ကြီး လို ပြန့်ကားလွန်းလှတယ်။ မောင်ချောနွယ် ခင်ဗျားက အပိုတွေ တော်တော်ပြောနိုင်လွန်းတဲ့ ငနဲပဲ။

စကားပြောရာမှာ
အထက်တန်းကျအောင်
တော်ဝင်အောင် ပြောတတ် ပြောနိုင်ပေမယ့်
သူ တဖက်လူကို အမှန်တကယ်ပြောခဲ့တာနဲ့
သူ ပြန်ပြောတဲ့အခါ
ပိုပြောတတ်တဲ့ ဉာဉ်ကလည်း ရှိသေး။

ဒါပဲ။ မောင်ချောနွယ်ဆိုတာ ဒါပဲ။ အဲဒီလို အပိုဆာဒါးတွေ ပြောတတ်လွန်းလို့ မောင်ချောနွယ်ဆိုတာ ကချော ဖြစ်နေတာ။ ကချော အပိုတွေပြောတဲ့ ကချော။ အထက်တန်းကျအောင် တော်ဝင်အောင် ကဗျာ အာရုံခံစားမှုတွေကောင်းပေမယ့် လူတွေသူတွေကြား မြင်တွေ့နေရတဲ့အနေအထားတွေ အထားအသိုတွေ နဲ့သာ သူ့ကဗျာတွေကို တည်ဆောက်တတ်တဲ့ ငနဲ။ ဥပမာ အပေးကောင်းလွန်းတဲ့ ကိုချော။ သူပြတဲ့ ဥပမာတွေကပဲ သူပေးတဲ့ ရင်ခုန်သံကို ကိုင်းကူး မျိုးပွားပေးနိုင်ခဲ့တဲ့ ကချော။ ကဗျာဆိုတာ ကျစ်လစ် သိပ်သည်းရမယ်တဲ့။ ကဗျာရဲ့ရှေးရိုးအစဉ်အလာတွေ အယူအဆစွဲတွေကို စွန့်ပြီး မကျစ်လစ်ခြင်းနဲ့ ကဗျာတွေကို တည်ဆောက်ခဲ့တယ်။ စကားလုံးအားကောင်းကောင်းတွေနဲ့ သူ့ဘ၀ကို ထုဆစ်ပြနိုင်ခဲ့တယ်။

သူ့ကဗျာတွေကြောင့် ကျနော်တို့ ထွန့်ထွန့်လူးခဲ့ရတယ်။ ကျနော်တို့ရဲ့ ကဗျာမြေသားပေါ်မှာ ခင်ဗျားရဲ့ ထယ်သွားရာတွေ အထပ်ထပ်။ ခင်ဗျားရဲ့ထည်သွားအတိုင်း ကျနော်တို့ အဖတ်လိုက် ကွာကျခဲ့ရတယ်။ ခင်ဗျားပစ်သွင်းလိုက်တဲ့ ပိုင်းရပ်စ်ပိုးတွေကြောင့် ကျနော်တို့ကဗျာကို ကဗျာခြင်းချစ်တဲ့ အချစ်တွေ မျိုးပွားခဲ့ရ တယ်။ ဟတ်ဆန်မြစ်ထဲ ငါးမြားတဲ့အခါ မစ္စစ္စပီမြစ်ကြီးထမ်းလာတဲ့ ကိုချောကို မြင်ယောင်လေ့ရှိတယ်။ ဟတ်ဆန်မြစ်အတိုင်း စုန်ဆင်းတဲ့အခါ အတ္တလန်တစ်သမုဒ္ဒထဲ ရောက်သလို မျိုး မောင်ချောနွယ်ရဲ့ မကျစ်လစ်ခြင်းကဗျာမြစ်အတိုင်း စုန်ဆင်းတဲ့အခါ ကျနော်တို့ ကဗျာသမုဒ္ဒရာထဲ ရောက်ကြတယ်။ မိုးဦးအကျစောခဲ့တယ် ကချော။ မကျစ်လစ်ခြင်း မိုးဦး အကျစောခဲ့တယ်။

မိုးဦးအကျစောတယ်ဆိုတာလည်း တကယ်တော့ လောကဓံတွေပေါ့ ကချော။
ကျနော့်ရဲ့ သလဲသီးတွေဆိုတာ ခင်ဗျားရဲ့ ပင်မှည့်တေးတွေပေါ့ ကချော။

ခင်ဗျားဟာ ရင်ခုန်သလို ဘ၀ကို အရင်းအတိုင်း နေထိုင်ခဲ့သူဆိုတာ သေချာတယ် ကချော။

အရက်ကလေးထွေထွေနဲ့ သူ့မိတ်ဆွေအပေါင်းအသင်းတွေအပေါ် သူနေထိုင်ပုံက မယားတယောက် လိုတဲ့လား အဲဒီစကားကိုပဲ ကချောရဲ့ ကိုလိုနီအပြုခံခဲ့ရတဲ့၊ ကချောရဲ့ပြုစားချက်တွေကို ဒဏ်ခံကြိုးလေး တချောင်းလို တုန်ခါနေတဲ့ကျနော်တို့တတွေက လှလှပပ တမ်းတနေတာ ကချော။ ခင်ဗျားရဲ့ ကဗျာ အမျှင်လေးထိမိရင်တောင် ပေါက်ထွက်ကုန်လောက်အောင် ကျနော် ခင်ဗျားကိုချစ်ခဲ့တယ်။ ဗမာကဗျာလောကကြီးက ခင်ဗျားနဲ့ပတ်သက်ရင် ထိုသို့ပင် ပဲ့တင်ထပ်နေပေလိမ့်။ အဲ့ဒီလို အထင်သေး မှုတွေ ပေးချေပြီးရင် ကိုယ်ရသင့် ရထိုက်တာကို ကိုယ်ယူခဲ့နိုင်ဖို့ပဲ။

သစ္စာမဲ့ခြင်းကိုပစ်ဖို့ ကျဉ်တတောင့် အမြဲထည့်ထားတဲ့ ခင်ဗျားရဲ့သေနတ်ကို ကျနော် မြတ်နိုးစွာယူ တယ်။

ညိုထက် (လမ်းသစ်ဦး)
၂၂ - ၆ - ၂၀၁၆



Comments