သစ်ခက်သံလွင်- အနုပညာ ကမ္ဘာ(မျိုးဆွေသန်း- အာဗီညွန့်က မိန်းမများ)



အာဗီညွန့်က မိန်းမများ 

 မျိုးဆွေသန်း
13.6.16

စာပိုဒ် ( ၁ )

စပိန်ပန်းချီဆရာ ပါဘလိုပီကာဆိုက ၁၉၀၇ မှာ ရေးဆွဲခဲ့တယ်။
၈ ပေ နဲ့ ၇ ပေ ၈ လက်မ ရှိတယ်။ ပန်းချီကားက အာဗီညွန့်ကမိန်းမများလို့ အမည်
ရတယ်။
ပီကာဆို လူငယ်ဘဝမှာနေခဲ့တဲ့ ဘာစီလိုနာ၊ အာဗီညွန့်လမ်းက မိန်းမတွေဖြစ်တယ်။
ဆောင်ကြာမြိုင်က မိန်းမတွေပေါ့။

ဒီလက်ရာမှာ မျဉ်းကြောင်းတွေယှက်သန်းနေတဲ့ အရောင်ပျဉ်ပြားအချပ် ရုပ်ပုံတွေက
ပန်းချီလက်ရာတခုထက် ပန်းပုလက်ရာတခုလို ထုထည်ဖော်တဲ့ ဂျီအိုမက်ထရစ်ထုထည် ပြမျဉ်းတွေ ကို ရေးနေကျ ပုံစံထဲ ထည့်သွင်းပြီး စတင်စမ်းသပ် ရေးဆွဲလိုက်တာပါ၊ ဒါကိုအစွဲပြုပြီး ပန်းချီရေးနည်းတွေထဲမှာ ကျူးဗစ်ဇင်လို့ စတင်ခေါ်ကြတယ်။
ကုဗတုံးတွေနဲ့ ပန်းချီရေးချက်တွေကို ဖွဲ့စည်းတယ်ပေါ့။
အဲဒီလိုရပ်နေတဲ့ မိန်းမတွေကိုရေးဆွဲထားရာမှာ ကြည့်ရှုသူရဲ့နေရာအလိုက် မိန်းမ
တစ်ဦးခြင်းဟာ ကွဲထွက်ရပ်နေသလို ရှေ့နောက် ထွက်ပေါ်မှုအရသာကိုရစေတယ်။
မျက်စေ့နဲ့ မြင်နိုင်ရုံသာမက ဉာဏ်ရည်နဲ့ပါ မြင်ရပုံမျိုးဖြစ်တယ်။
ဒါဟာ ပီကာဆို စမ်းသပ်ခဲ့တဲ့ အဓိကအရသာတခုပဲ။

ပန်းချီပညာဟာ ပြားချပ်ချပ်ပေါ်မှာ (၂) ဖက်မြင်ရုပ်လုံးကို ရေးရတာဖြစ်လို့ ရေးနိုင်စွမ်းသလောက် သဘာဝကိုတူမယ်ပေါ့၊ အခုလက်ရာကတော့ ဒီလိုရှိပြီးသားအရသာပေါ်လွင်မှုတွေကနေ ခွဲထွက်လိုက် တဲ့ နောက်ထပ်ရရှိမှု တခုဖြစ်ခဲ့တယ်။ တကယ့် လက်တွေ့သဘာဝကို ဘယ်လိုတူအောင် လုပ်နိုင်သေး သလဲဆိုတာပါပဲ။ မျက်စေ့နဲ့ မြင်ရရုံ ပုံလောက်တင်မကပဲ တကယ့်အရှိထုထည်အရုပ်ကို အရယူခြင်းပဲဖြစ် တယ်။
ဒါဟာ ကျူဗစ်ဇင်ရဲ့အစကနဦး အောင်မြင်မှုလည်း ဖြစ်ခဲ့တယ်။


စာပိုဒ် ( ၂ )

ပန်းချီကားက ၀စ်လစ်စလစ်မိန်မငါးယောက် စုရပ်နေတယ်။ ပန်းနုရောင်သန်းအုပ်စုတူ အရောင်တွေ၊ အညို အပြာနဲ့ အဖြူရောင်လိုက်ကာ နောက်ခံ၊ လူရုပ်တွေက ခပ်ပြားပြားဖြစ်တယ်၊ သဘာဝလူသဏ္ဍာန်နဲ့ ယှဉ်ရင် အတော်ထင်ယောင်မှားစရာ အမြင်ဖြစ်မယ်။ 

လူပုံတွေကိုကြည့်တဲ့အခါ ဘယ်ဖက်ဆုံး မိန်းမကနေစကြည့်ရင် မတ်တပ်ရပ်နေတယ်။ လက်ကနောက်ပစ်လို့ အညိုရောင်လိုက်ကာကိုဖယ်နေတယ်၊ သူ့မျက်နှာက ညာဘက်ကိုကြည့်နေတယ်။
ဆံပင်နက်တွေက နောက်မှာပျံ့ကျဲချထားတယ်။ ကိုယ်ခန္ဓာထက်စာရင် မျက်နှာက အရောင် ရင့်နေတာ အရိပ်ထဲကျလို့လား၊ မျက်နှာခံစားမှုကို ပိုပြချင်လို့လား ညာဖက်မျက်စိက အနက်ရောင်နဲ့ခပ်မည်းမည်းရေး ထားပြီး မျက်ဆံက ရှေ့တည့်တည့်ကို ကြည့်နေတယ်။ 


သူ့ရင်သားကတော့ လေးထောင့်ပုံစံ ရှေ့ကို စောင်းထွက်ထားတာ။ သူ့ရဲ့ဘေး ပန်းချီကားရဲ့ အလယ် တည့်တည့်နေရာက မိန်းမနှစ်ယာက်ကတော့ ရှေ့တည့်တည့်ကို စူးစိုက်ပြီး ကြည့်နေ တယ်။
မျက်လုံးတွေကိုမည်းမည်းနဲ့ထင်ထင်ရှားရှားပြူးနေအောင်ဆွဲတယ်။ သူတို့လက်တွေက နောက်ကိုမြှောက်ထားပြီး ဟန်အမူရာကိုပြတယ်၊ ရှေ့ကမိန်းမရဲ့လက်က အပြာရောင် အ၀တ်စဆွဲလျက်၊ ပါးစပ်တွေကိုတော့ မျဉ်းဖြောင့်နဲ့ပဲရေးထားတယ်။
သူတို့ရင်သားတွေကိုတော့ စက်ဝိုင်းခြမ်းသဏ္ဍန်နဲ့ ဆွဲတယ်။ သူတို့နှာခေါင်းတွေကတော့ အတော်ကြီးပြီး ရှည်ကြတယ်။


ကျန်တဲ့ ညာစွန်ကမိန်းမ ၂ ယောက်မှာတော့ အာဖရိကမျက်နှာဖုံးတွေလို မျက်နှာတွေရှိကြတယ်။ ရှေ့က ထိုင်နေတဲ့မိန်းမက လက်တဖက်က တတောင်ဆစ်ကွေးပြီး ခြေတဖက် ကွေးထားလား ပေါင်ကားထိုင် တာမျိုးလား ထင်ရတယ်၊ သူ့လက်မှာ ဘူမရိန်း လက်နက်လား ကိုင်ထားတယ်။ မိန်းမနဲ့ တူတာကတော့ ခါးလေးသိမ်ထားတာပဲရှိပြီး ခန္ဓာကိုယ်ကအပြားချပ်လို ဖလက်ရောင်ပြင်ပဲ၊ မျက်နှာတွေက ခပ်ကြမ်း ကြမ်းရေး ချက်နဲ့ ထုထည်ထွက်နေတဲ့သဘော အောက်လိုင်းနဲ့ဖော်တယ်။



မျက်လုံးတဖက်က အဖြူရောင်နဲ့ တခြားတဖက်ကတော့ အပြာရောင်ဆွဲတယ်။
မျက်ဆံတွေက တခြားမိန်းမတွေလိုမကြီးဘဲ အစက်ကလေးပဲ။ ငါးယောက်မြောက် မိန်းမကတော့ ခပ်စင်းစင်းလေး ရပ်နေတယ်။ သူ့နောက်က လိုက်ကာအပြာရင့်ကြောင့် သူ့ကိုယ်လုံး ပိုပေါ် တယ်၊ ကောက်ကြောင်းကို မျဉ်းဖြောင့်တွေနဲ့ချည်းရေးလို့ အရိပ်တွေပါ အပြားချပ်လို ပြတ်သားကျနေတယ်။ သူမျက်နှာကလည်း ထိုင်နေသူနဲ့ဆင်ဆင်ပါပဲ။ သူတို့ရှေ့ပန်းချီကားအလယ်နားမှာ စတေလိုက်ဖ် (သက်ငြိမ်) ပန်းချီလို စပျစ်သီး၊ ပန်းသီး၊ ဖရဲသီးတွေ ချထားတယ်။
ဒါဟာ ပြတိုက်က ရှင်းပြတဲ့လက်ရာအလိုက် ရှင်းလင်းချက်တွေပါပဲ။
အပေါ်စာပိုဒ် (၁) က တော့ အနုပညာ ချဉ်းကပ်မှုဖြစ်ပြီး အောက်က စာပိုဒ် ( ၂ )က ကျောင်းသားသုံး ပညာရေး ရှင်းလင်းချက်ဖြစ်ပါတယ်။

မှတ်ချက်။ ။ မျိုးဆွေသန်း ဖေ့်စ်ဘွတ်မှ ယူပါသည်။
https://www.facebook.com/DESIGN.MST/posts/1039164896162272

Comments