သစ်ခက်သံလွင် အက်ဆေး - အောင်လွန်းမြိုင်ရဲ့ အလွမ်းနာ



အလွမ်းနာ 

အောင်လွန်းမြိုင်
 

ညတာသည်ရှည်မြဲ ရှည်လျှက်ရှိသည်ဟု ထင်မိဆဲ……အချိန်တို့သည်လည်း နှေးကွေးလွန်းလှသည်ဟု မှားယွင်းစွာ တွေးမိစဉ်မှာ နေ့နဲ့ ညတို့သည် မှန်မှန်လည်ပတ်လျက် ရှိနေသည်။ အချိန်သည်လည်းပဲ တရွေ့ရွေ့နဲ့စီးမျောနေလျက်ရှိနေခဲ့သည်လေ။
...............

ညတာသည် ရှည်မြဲရှည်လျက် ရှိနေသည်။ 


တစုံတခုကို စောင့်မျှော်မိဆဲ။ အချိန်တို့သည်လည်း ကုန်နိုင်ခဲစွာ နှေးကွေးလွန်းသည်ဟု ထင်မှတ်ဆဲခိုက်မှာ သူ့ဘ၀ရဲ့ဖြတ်သန်းကုန်ဆုံးလွန်မြောက်ခဲ့သောနေ့ရက်များကို ပြန်လည်စောင်းငှဲ့ကြည့်လိုက်တော့…ကျန်ရစ်ခဲ့တဲ့ သူ့ဘ၀အတိတ်ရဲ့အရိပ်တချို့ကို လွမ်းလွမ်းငွေ့ငွေ့တမ်းတ သတိရလာမိတော့သည်။

ရှိရင် … ရှိရင် … ကြဲပါဗျို့။
ရှိရင် … ရှိရင် … ကြဲပါဗျို့။
ဒီဘက်ကိုလည်း ကြဲပါအုန်းဗျို့။
ဟေး…။

ကလေးတွေရဲ့သံပြိုင်အော်သံအဆုံးမှာ ရွှေတွေဝင်းအိနေအောင်ဝတ်ဆင်ထားတဲ့ကားပေါ်မှ အမျိုးသမီးကြီးက ငွေဖလားထဲကို လက်နှိုက်ပြီး အပေါ်ကို မြှောက်ကြဲလိုက်တော့ ပေါက်ပေါက် ဆုပ်နဲ့ ပိုက်ဆံအကြွေစေ့တွေ လေထဲမှာ အဖွေးသား။
မြေပေါ်ပြန်ကျလာတဲ့ပိုက်ဆံတွေကို ကလေးတွေက ၀ိုင်းပြီးလုကြ၊ တွန်းကြ၊ တိုးကြ။
ရတဲ့သူကရ မရတဲ့သူကမရ ကားတွေတန်းစီပြီး ပြန်မောင်းထွက်သွားတာတောင် ကလေးတွေ တစ်အုပ်စုလုံး ကားနောက်ကို အမှီပြေးလိုက်ပြီး ကြဲပါအုန်းဗျို့။ ကြဲပါအုန်းဗျို့ လို့အော်ရင်း ပြေးလိုက် သွားကြတာ မမောနိုင်မပန်းနိုင် ချွေးတလုံးလုံးနဲ့။ ပိုက်ဆံမကြဲတော့မှ ကလေးအုပ်စုတွေ ပြန်လှည့် လာကြတော့သည်။

အဲ့ကလေးတွေ အုပ်စုထဲမှာ သူလည်းပါဝင်ခဲ့လေသည်။
ထိုနေ့က ငါမူးစေ့တစ်စေ့ မတ်စေ့တစ်စေ့ ဆယ်ပြားစေ့တစ်စေ့ ပေါင်းလိုက်တာ ရှစ်ဆယ့်ငါးပြားရသည်။ လက်သည်းရင်းနဲ့ ပန်းကုံးက လက်ဆစ်ကလေးတွေ အနည်းငယ် ပြဲကုန်သည်။


အိမ်ရောက်တော့ ရှစ်ဆယ့်ငါးပြားရတဲ့ အကြောင်း အမေ့ကိုအော်ပြောရင်း သုံးဆယ့်ငါးပြားကို ချန်ထားပြီး ငါးမူးစေ့တစ်စေ့ကို အိမ်အတွင်းဘက်က ထရံထောင့်မှာ ချိတ်ဆွဲထားတဲ့ ၀ါးဆစ်စုဗူးက အပေါက်ထဲသို့ ချလောက်ခနဲ အသံမြည်အောင်ထည့်လိုက်တယ်။ ၀ါးဆစ်စုဗူးထဲသို့ အကြွေစေ့ကျသွားတဲ့အသံက သူ့ကို ပီတိဖြစ်စေခဲ့တယ်။

နေ့ကောင်းရက်သာနေ့တွေဆိုရင် လက်ခြောက်ဘက်ဘိုးတော်ကြီးနတ်နန်းစင်မှာ ကားနတ်ပြတွေ ဆိုင်ကယ်နတ်ပြတွေ မြင်းလှည်းနတ်ပြတွေ ဆိုက်ကားနတ်ပြနှင့် အလွှာပေါင်းစုံက လူတွေ နတ်ပြဖို့ရာ တန်းစီပြီးတောင် စောင့်ရတတ်တယ်။


စည်တော်အကတွေ ဒိုးပတ်အကတွေ အိုးစည်အကတွေ … သိုင်းအက၊ ကုလားအကတွေနဲ့ အလှူဝတ်ဆံ လှည့်တာတို့၊ ဆင်တွေ မြင်းတွေနဲ့ အလှူလှည့်တာတို့၊ ကားကြီးကားငယ်တွေနဲ့ စုပေါင်းရှင်ပြုပွဲတို့ နတ်ပြ လာလျှင် လက်ခြောက်ဘက်ဘိုးတော်ကြီး နတ်နန်းစင်မှာ အစည်ကားဆုံး နေ့တွေဖြစ်နေတတ်ပြီး နတ်နန်းစင်ကို တနေ့တနေ့ နတ်လာပြကြတဲ့ အလှူတွေကလည်း မနည်းဘူး။ အနည်းဆုံး လေးငါးလှူလောက် ရှိမည်။ သူတို့ကလေးများ အုပ်စုကတော့ မောင်ရှင်လောင်း နတ်ပြတွေ လာရင် ပိုက်ဆံလုကောက်ကြဖို့ သူ့ထက်ငါဦးအောင် အပြေးအလွှားပြေးကာ “ ကြဲပါဦးဗျို့” လို့အော်လိုက်သည်။ နောက်မှ ပိုက်ဆံကြဲဖို့ရာ သတိပေးတဲ့ အနေနဲ့ “ရှိရင် … ရှိရင် … ကြဲပါဦးးဗျို့” လို့သံပြိုင်အော်လိုက်ကြသည်။ တချို့အလှူ ရှင်များက ပိုက်ဆံကြဲဖို့ရာ ကုန်သွားလို့ရှိရင် ကုန်သွားပြီဆိုတဲ့ အကြောင်း ငွေဖလားကြီးကို မှောက်ပြပြီး ငွေဖလားဖင်ကို လက်ဖျားနဲ့ ပုတ်ပြလိုက်သေးသည်။ အချို့အလှူ ရှင်များကတော့ ကလေးတွေ ပိုက်ဆံလုရင်း ကားနှင့် တိုက်မိ ခိုက်မိမည် စိုး၍ ပိုက်ဆံကုန်သွားပြီ၊ မရှိတော့ဘူး။ ပေါက်ပေါက်ဆုပ်ပဲ ကျန်တော့တယ် ပြောတတ်၍ ကလေးတွေက “ရှိရင် … ရှိရင် … ကြဲပါဦးဗျို့” လို့ အော်ကြတာ ဖြစ်သည်။


မောင်ရှင်လောင်းတွေကို ကားပေါ်မှ ပွေ့ချီကာ လက်ခြောက်ဘက် ဘိုးတော်ကြီး နတ်ရုပ်တုရှေ့ နတ်နန်းစင် အတွင်းမှာ အုန်းပွဲ ငှက်ပျောပွဲနှင့် အတူ ငါးမိနစ်လောက် နတ်ပြအပြီး ပြန်အထွက် မှာ ပေါက်ပေါက်ဆုပ်နဲ့ ပိုက်ဆံတွေကြဲကြတာ လုကြပါသည်။ ပျော်စရာအလွန်ကောင်းသလို ဒူးကွဲသူကွဲ တံတောင်ပြဲသူပြဲ လက်တွေ စုတ်ပြဲပေါက်အောင် လုကြသူတွေ ရှိသလို ဆဲသူဆဲ ရန်ဖြစ်သူ ရန်ဖြစ် ငိုသူငိုနဲ့ သူတို့ကလေးအုပ်စုတွေ ပိုက်ဆံတွေ အတော်ရခဲ့ကြပါသည်။ 


တပေါင်း၊ တန်ခူး ကဆုန်လတွေဆိုလျှင် ရှင်ပြုအလှူများတတ်ပါသည်။ ထိုအခါ မြို့နယ်တ၀ိုက်က ကျေးရွာ မြို့ငယ်ကလေးတွေက အစ လက်ခြောက်ဘက် ဘိုးတော်ကြီး နတ်နန်းစင်သို့ အလှူနတ် ပြ လာကြ ပါသည်။ ဗုဒ္ဓဟူးနေ့ ၁ ရက်မှလွဲ၍ ကျန်ရက်များသည် လက်ခြောက်ဘက် ဘိုးတော်ကြီး နတ်နန်းစင်မှာ အမြဲ စည်ကားလျက်ရှိပါသည်။ ဗုဒ္ဓဟူးနေ့သည် နတ်သဘင်အစည်းအဝေး ပြုလုပ်သောနေ့ဟု အများသူငါ သိထားသောကြောင့် ဗုဒ္ဓဟူး နတ်ရူးတောင်မလာဘူး ဆိုသော စကားအတိုင်း ဆိုက်ကားနတ်ပြမှ သည် မောင်ရှင်လောင်းနတ်ပြအထိ ထိုဗုဒ္ဓဟူး နေ့ရက်သည် လာရောက်ပြသလေ့မရှိသောကြောင့် လက်ခြောက်ဘက် ဘိုးတောင်ကြီး နတ်နန်းစင်တွင် ခြောက်ကပ်တိတ်ဆိတ်နေတတ်သည်။


ထိုနေ့များတွင် ကလေးတသိုက် ပိုက်ဆံလုစရာ အလှူနတ်ပြတွေမလာရင် နတ်စင်အနောက်ဘက် မြို့ရိုးပေါ်တလျှောက် ပြေးလွှားဆော့ကစားကြသူများ စစ်တိုက်တမ်းကစားကြသူများ စိန်ပြေးတမ်း ကစားသူများ မြို့ရိုးအလယ်ပေါ်၌ တည်ထားသော ပြည်တော်ဝင်စေတီပေါ်တွင် ခေါင်းပုတ်တမ်း ကစားသူများထဲတွင် သူတယောက်ကတော့ဖြင့် ထိုကလေးအုပ်စုထဲတွင် ရံဖန်ရံခါမှ ပါဝင်ကစားလေ့ ရှိပါသည်။ သူအများဆုံး ဆော့ကစားခဲ့သည်ကတော့ သူတို့အိမ်တောင်ဘက် မြို့ရိုးပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်း ငွေတောင်ကျောင်းမှ ကိုရင်တွေနဲ့ အများဆုံးကစားလေ့ရှိသည်။ ကျောင်းဖွင့်ချိန်တွေ ဆိုရင် ကျောင်းဆင်း ခေါင်းလောင်းခေါက်တာနဲ့ အိမ်ကို အမြန်ပြေးပြီး လွယ်အိပ်ထား အ၀တ် အစားလဲပြီး ငွေတောင်ကျောင်းပေါ်သို့ တက်ပြေးတော့သည်။ 

ကိုရင်တင်သန်း၊ ကိုရင်အေးကျော်၊ ကိုရင်စိုးတင့်၊ ကျောင်းသားရဲဆွေတို့နဲ့အတူ ရေခပ်ကူ ထင်းခွဲကူ ဆွမ်းဝတ်ပို့ပြီးရင်ကျောင်းရဲ့တောင်ဘက်က(မာလကာသီး သီးချိန်ဆို) မာလကာပင်ပေါ်က မဆင်းတော့။ ဗိုက်ပြည့်တော့မှ ဆင်းသည်။ သိမ်နဲ့ ဘုန်းကြီးကျောင်းကြား ရှောက်ပန်းပင်ကြီးက ရှောက်ပန်းသီးတွေ ဆရာတော် မသိအောင် ခိုးပြီး ခူးစားကြသည်။

ဆွမ်းစားဆောင်နားက ထန်းပင်တွေကြားမှာရှိတဲ့ ဥသျှစ်ပင်ပေါ်က ဥသျှစ်သီးမှည့်တွေကို ခဲနဲ့ပေါက်ပြီး ခူးစားကြသေးသည်။

မြယာသီး သီးချိန်ဆိုလျှင် မြယာပင်ပေါ်က မဆင်းတော့၊ အပင်ပေါ်မှာတင် ပါးစပ်တွေ ပြာနှမ်းလာအောင် ခူးစားပြီးမှ အပင်အောက်ဆင်းတော့သည်။ ပြီးတော့ ကျောင်းတောင်ဘက်က သိမ်ထဲမှာ ဆော့ကစား ကြတော့သည်။ ကျောင်းတိုင်ဘုန်းကြီး ဦးလက္ခဏာကလည်း သူ့ကို ချစ်ခင်ပါသည်။ ဆရာတော် ဆွမ်းကျွေးတရားနာ သို့မဟုတ် အလှူမင်္ဂလာပွဲရှိလို့ ကျောင်းသား ရဲဆွေမအားလျှင် သူ့ကို ဆွမ်းချိုင့်ဆွဲစေ ပြီး ဘုန်းကြီးကျောင်းသားအဖြစ် ခေါ်သွားလေ့ရှိသည်။ တခါမှာတော့ ကျောင်းသားရဲဆွေ ၀တီးရွာသို့ ပြန် သွားလို့ ရွာသစ်ရွာက အိမ်တအိမ်မှာ အသုဘ တလောင်း သက်ပျောက်ဆွမ်း တရားနာဖို့ သူ့ကို ကျောင်းသားအဖြစ် ခေါ်သွားသည်။
တစ်ခါမှ အသုဘအလောင်းနားမကပ်ဖူးတဲ့သူ အသုဘအိမ်ထဲဝင်လိုက်ရော အိမ်ကကျဉ်းကျဉ်း၊ အလောင်းတင်ထားတဲ့ ခုတင်နဲ့ပြည့်နေလို့ ဘယ်နားထိုင်ရမှန်းလည်း မသိ။ အသုဘအလောင်းကို မကြည့်ရဲဘဲ ကြောက်ဒူးတွေတုန်ခဲ့ရဖူးသည်ကိုလည်း အမှတ်ရမိသေးသည်။


ကိုရင်တွေနဲ့အတူ အပျော်ဆုံးအချိန်တွေကတော့ ၀ါတွင်း ဘုံဆွမ်းလောင်းအသင်း ဆွမ်းလောင်းချိန်တွေဆို ဘုန်းကြီးကျောင်းမှာ ကိုရင်တွေနဲ့အတူ ညအိပ်ပြီး မနက်စောစော သုံးနာရီလောက်ထကာ ဘုံဆွမ်းလောင်း အသင်းတွေမှာ ဘုံဆွမ်းသွားတန်းစီတိုး ရသည်က ပျော်စရာကောင်းသည်။

ဘုံဆွမ်းခံကအပြန် ကျောင်းကိုပြန်ရောက်တော့ မနက် ဝေလီဝေလင်းရှိသေးသည်။ ဘုန်းကြီးတွေ အာရုံဆွမ်းကပ်ပြီးတော့ ကျောင်းသားဖြစ်သူ ရဲဆွေနဲ့ သူတို့စားကြရတော့သည်။ ဟင်းတွေစုံလှသည်။ ကိုရင်တွေနဲ့ ဆွမ်းချိုင့်ဆွဲပြီး ကျောင်းသား အဖြစ်လိုက်ရင်း မဟာဒုတ် မဲကျတဲ့အိမ်သို့ လိုက်သွားရတာ ပျော်စရာကောင်းသေးတော့သည်။
“ မောင်ရှင်လောင်း နတ်ပြတွေလာကြပြီ ဟေ့ ”
ကလေးတယောက်ကအော်ဟစ်သတိပေးလိုက်တော့ ကလေးတွေ တပြုံကြီး ၀ိုင်းအုံရောက်လာကြတော့ သည်။

သူတို့အိမ်တွေက လက်ခြောက်ဘက်ဘိုးတော်ကြီးနတ်နန်းရဲ့တောင်ဘက်မှာ ရှိတာဆိုတော့ ကားလမ်း ပဲခြားသည်။ နတ်နန်းနဲ့အနီးဆုံးအိမ်ပြပါဆိုရင် သူတို့အိမ်ပဲ ရှိသည်။ နတ်နန်းနဲ့ဝေးတဲ့အိမ်က ကလေးတွေမောင်ရှင်လောင်းနတ်ပြတာကို မသိလိုက်မမီလိုက်ပဲရှိလျှင် ရှိမည်၊ သူကတော့လာသမျှ အလှူတွေပိုက်ဆံကြဲသည်ကိုမလွတ်တမ်း လိုက်လုလောက် ဖူးသည်ချည်း ဖြစ်သည်။
ပိုက်ဆံလည်း အတော်လေးစုမိနေပြီဖြစ်သည်။ အခုလည်း အလှူနတ်ပြကားတွေ ရောက်လာ ပြန်ပြီ။ ကားတွေမှမနည်းဘူး။ တန်းစီလို့၊ ပိုက်ဆံတွေလည်းအများကြီးသည်။ ခဏအတွင်းအမှာပဲ အနီးအနားက ကလေးတွေ ၀ိုင်းအုံစုပြုံရောက်လာကြတော့သည်။


ပိုက်ဆံအကြဲများတဲ့ ကားဘက်ကိုလိုက်ပြီးအော်တဲ့သူကအော်၊ ကြဲပါဦးဗျို့လို့သံပြိုင်အော်တဲ့အဖွဲ့ ကလည်း အခြားကားတွေနောက်ကို ပြေးလိုက်လို့။ ပေါက်ပေါက်ဆုပ်ပွင့်တွေ ကားလမ်းဘေး ၀ဲယာတလျှောက် မှာ ဖွေးလို့၊ မောင်ရှင်လောင်းတွေ တင်ဆောင်လာတဲ့ ရွှေထီးတပ်ထားတဲ့ ကားတွေ နတ်နန်းဝန်း ထဲမောင်းဝင်သွာတာ မောင်ရင်လောင်းတွေကို တယောက်တပါးပွေ့ချီပြီး နတ်နန်းထဲကို ပင့်သွားကာ သူတို့ကလေးများကလည်း ရှိရင်…ရှိရင်……ကြဲပါဗျို့သံပြိုင် အော်လိုက်တော့ ငွေဖလားအကြီးကြီး ကိုကိုင်ထားတဲ့ အစ်မလေးတစ်ယောက်က ငွေဖလားထဲ လက်နှိုက်ပြီးတော့ မောင်ရင်လောင်းတွေအပေါ် ကြဲလိုက်တာ ပိုက်ဆံတွေမမနည်းဘူး။ သူတို့အလုအယက် တွန်းကောက်ကြသည်။ 

လုကောက်လို့ရထားတဲ့ လက်ထဲက အကြွေစေ့တွေ ကို ဖုန်တွေ သဲတွေပေလျက်ပဲ ပါးစပ်ထဲသို့ထည့်ပြီး ပါးသောင်အတွင်းထဲ ကပ်ထားလိုက်သည်။ သူ့လိုပဲ တခြားကလေးတွေ ပါးစပ်ထဲမှာလည်း ပိုက်ဆံတွေကပ်ထားတာ တွေ့ရသည်။ ကြဲပါဦးဗျို့လို့အော်တာတောင် မပီတော့ဘူး။


လုကောက်လို့ရတဲ့ပိုက်ဆံတွေကို အိတ်ကပ်ထဲထည့်ထားလို့မရ၊ ပိုက်ဆံကြဲတိုင်း လုကောက်ရင်း ပြန် ထွက်ကျသွားနိုင်သည်။ ဘောင်းဘီသားရေကြိုးထဲလည်း လိမ်ထားလို့မရ။ ကုန်းရုန်းပြီး လုရင်း အခန့် မသင့်ရင် ပြန်ထွက်ကျသွားနိုင်ပြန်သည်။ ဒါကြောင့် ကောက်လို့ရပြီးသမျှ ပိုက်ဆံတွေကို ပါးစပ်ပေါက် တခုသာ အလုံခြုံဆုံး၊ အသေချာဆုံးသော နေရာဖြစ်လို့နေသည်။ ပိုက်ဆံတွေလည်း ကားတိုင်း လိုလိုကြဲကြတာဆိုတော့ သူတို့ကလေးတွေရဲ့ပါးစပ်ထဲမှာလည်း အပြည့်နီးပါး ဖြစ်နေသည်။ ကြဲပါဦးဗျို့လို့ အော်တာတောင် အီးအီအူးဝူးနဲ့ ဖြစ်နေကြသည်။ ဒါကိုသဘောကျလို့ အလှူရှင်တွေ လည်းရယ်လို့ မောလို့သဘောကျလို့ ပိုက်ဆံတွေလည်း ထပ်ကြဲလို့ …။
 
မောင်ရှင်လောင်းတွေနတ်ပြဆုတောင်းအပြီး ပြန်ထွက်လာတော့လည်း ရှေ့တိုးနောက်ဆုတ်ပြီး ပြန်မည့်ဘက်ကို ခေါင်းလှည့်ပြီး အစီအရီပြန်မောင်းထွက်သွားကြတော့ သူတို့ကလေးအုပ်စုတွေ အီးအီအူဝူး၊ အီးအီအူဝူးနဲ့ ကားနောက်ကလိုက်အော်ကြရင်း ကြဲမျှပိုက်ဆံတွေ တိုးဝှေ့လုကောက်ရင်း ကားတန်းကြီးတွေနဲ့ ဝေးလို့ဝေး လို့သွားတော့သည်။ သူတို့ကလေးတွေကားနောက်ကို လိုက်မမီတော့။ 

ကားလမ်းမတွေပေါ်မှာ ပေါက်ပေါက်ဆုပ်တွေ တလမ်းလုံး ဖွေးဖွေးလှုပ်လို့နေသည်။


မောင်ရင်လောင်းကားတွေ ပြန်သွားပေမယ့် နတ်နန်းဝင်းအတွင်း ဝင်သွားကြပြီး စောစောက ပိုက်ဆံအကြဲ အများဆုံးနေရာ ဖုန်တွေသဲတွေထဲမှာ ငါးအိုင်ပက်ပြီးတော့ ငါးများကို နွံထဲမှာ ခြေထောက်နဲ့ မွှေနှောက် ရှာသလို သဲတွေဖုန်တွေထဲမှာ ခြေထောက်နဲ့ ဘယ်ညာယက်ပြီး ပိုက်ဆံတွေကို ရှာကြပြန်သေးသည်။
ပိုက်ဆံတွေ ပါးစပ်ထဲမှာ အပြည့်ဖြစ်နေတာတောင် အားမရသေးတဲ့အပြင် နောက်ထပ် သဲထဲ ဖုန်ထဲမှာ ထပ်ရှာကြသေးသည်။ သဲထဲဖုန်ထဲမှာလည်း ပိုက်ဆံတွေ တွေ့ကြပြန်သည်။


“ ဟေ့ကောင် မင်းဘယ်လောက်ရလဲ။ ငါကတော့သုံးကျပ်တောင်ရတယ်ကွ” ဆိုပြီး လုလို့ရတဲ့ နေရာကို အနည်းအများ ပြိုင်ကြသူတွေလည်း ရှိသည်။
သူကတော့ အိမ်အမြန်ပြန်းပြေးပြီး အမေ့ရှေ့မှာ ပါးစပ်ထဲက သဲတွေ ဖုန်တွေအလူးလူးနဲ့ ပိုက်ဆံတွေကို အားရပါးရ ထုတ်လိုက်သည်။ “အများကြီးရတယ် အဖေရဲ့“ဟု ဝမ်းသာအားရပြော လိုက်သေးသည်။ ပိုက်ဆံတွေကိုရေကြည့်လိုက်တော့ ၄ ကျပ်ကျော် ၅ ကျပ် နီးပါးလောက်ရသည်။ တခါမှ ဒီလိုမရဖူးဘူး။ သူ ပျော်ရွှင်နေသည်။ ပါးစပ်ကလည်း “အမေ့ဒီပိုက်ဆံနဲ့ ပေါင်းကြည့် လိုက်ရင် ပြည့်တော့မယ်နဲ့ တူတယ် နော်“ ဟုပြောတော့ အမေက ပြုံးပြုံးကြီး ခေါင်းညိတ်လို့။

အဲ့ဒီတုန်း မောင်ရင်လောင်း လုလို့ရတဲ့ပိုက်ဆံကို ကျောင်းပြန်ဖွင့်တဲ့အခါ သူ ၄ တန်းစတက်ဖို့ ကျောင်း အပ်ရင် သဲကြိုးအနီနဲ့ ဖိနပ်လေးဝယ်စီးဖို့ အဖေ့ကို ဝါးဆစ် စုဘူးလုပ်ခိုင်းခဲ့ပြီး ပိုက်ဆံစုခဲ့ခြင်းဖြစ်သည်။
အခုကျောင်းတွေကလည်း ပြန်ဖွင့်တော့မည်။ အခုသူစီးနေတဲ့ဖိနပ်က အတော်ကလေး ဟောင်းနွမ်းနေပြီ။ စီးလို့ဖြစ်သေးပေမယ့် သူလိုချင်တဲ့ သဲကြိုးအနီနဲ့ ကတ္တီပါဖိနပ်လေးကို အမြန်လိုချင်နေပြီ။ အခုရထားတဲ့ ပိုက်ဆံကို စုဘူးထဲမထည့်တော့ပဲ စုဘူးကိုခွဲကာ ပိုက်ဆံရေကြည့်ကာ ဖိနပ်ဖိုးပြည့်ရင်ဝယ်ပေးဖို့ အမေက သဘောတူသည်။ 

ဝါးဆစ်ဗူးလေးကို ခွဲလိုက်သည်။ ပိုက်ဆံအကြွေတွေနဲ့ ခေါက်ထားတဲ့ကျပ်တန်အသစ် ၃−၄ ရွက်တို့ ကြမ်းပြင်ပေါ်တချွင်ချွင်နဲ့ ကျလာသည်။ ပါးစပ်ထဲမှ တဆင့်ထုတ်ပြီး စုဘူးထဲသို့ စုထည့်ထားတဲ့ ပိုက်ဆံလေးတွေကို ကြည့်ပြီး သူ ကြည်နူးနေမိသည်။
 
စောစောကပါးစပ်ထဲက ထုတ်ထားတဲ့ ပိုက်ဆံနဲ့ပေါင်းပြီးရေတွက်ကြည့်လိုက်တော့ လေးဆယ့်တကျပ်နဲ့ ဆယ်ပြား ရှိသည်။ ဖိနပ်တရံ ဝယ်လို့ရပြီ။ ကတ္တီပါတရံ ၃၈ ကျပ်ဖြစ်သည်။ မုန့်ဖိုးအဖြစ် ၃ ကျပ် ဆယ်ပြား ကျန်သေးသည်။ အမေက သူနဲ့အတူ ဦးညိုကြီးဆိုင်က ဖိနပ်တရံချက်ချင်း လိုက်ဝယ်ပေးတော့သည်။ သူ့ရဲ့ပထမဆုံးသော ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်လိုက်ရသောဖိနပ်ကလေးကြောင့် စိတ်ထဲမှာကြိတ်ပြီး ပီတိဖြစ်နေခဲ့သေးသည်။ သူလိုချင်ခဲ့သော အရာကို မျှော်လင့်ပျော်ရွင်စွာ စုဆောင်းရင်းဆန္ဒတို့ ပြည့်ဝ ခဲ့လေသည်။


ညတာသည်ရှည်မြဲ ရှည်လျှက်ရှိသည်ဟု ထင်မိဆဲ……အချိန်တို့သည်လည်း နှေးကွေးလွန်းလှသည်ဟု မှားယွင်းစွာ တွေးမိစဉ်မှာ နေ့နဲ့ ညတို့သည် မှန်မှန်လည်ပတ်လျက် ရှိနေသည်။ အချိန်သည်လည်းပဲ တရွေ့ရွေ့နဲ့စီးမျောနေလျက်ရှိနေခဲ့သည်လေ။

အခုတော့လည်း နတ်နန်းစင်လေးက ဆောင်းတွင်းပေမယ့် သူ့ဘဝလိုပဲ ပူပြင်းခြောက်ကပ် တိတ်ဆိတ်လို့။ အရင်တုန်းကများနဲ့ မတူနိုင်တော့ပေ။ တပေါင်း၊ တခူး၊ ကဆုန်လတွေရောက်ရင် တော့ အရင်လိုသိပ်ပြီး မစည်ကားတော့ပေမယ့် အလှူနတ်ပြတွေလာရင် နောက်မျိုးဆက်သစ်ကလေးတွေက ကြဲပါဦးဗျို့ လို့ အော်မြဲအတိုင်းအော်လျက် ရှိနေသေးသည်။ ပိုက်ဆံအကြွေစေ့တွေကိုတော့ သူတို့မလုကြရတော့။ မတူနိုင်တော့သည် အချိန်တွေကို တဆွေး တသသ တွေးကြည့်မိတော့ သူကစားခဲ့ဖူးတဲ့ ငွေတောင်ကျောင်း ကတော့ထူးခြားစွာ ပြောင်းလဲ မသွားမယ့် ကိုရင်တင်သန်းတို့၊ ကိုရင်အေးကျော်တို့၊ ကိုရင်စိုးတင့်တို့နဲ့ အတူ ကျောင်းသားရဲဆွေတို့ မရှိကြတော့။ ကျောင်းနဲ့သိမ်ကြားက ရှောက်ပန်းပင်ကြီးလည်း မရှိတော့။ ဆရာတော် ဦးလက္ခဏာ တပါးသာသက်တော် ဝါတော်ကြီးရင့်ပြီးကျန်မာရေး မကောင်းစွာ ကျောင်ထိုင် ဆရာတော်ကြီးအဖြစ် ရှိနေတော်မူသေးသည်။ သူစာသင်ခဲ့ရသော အလယ်တန်းကျောင်လေးက အရင်ကနဲ့ မတူတော့။ ကျောင်းဆောင်သစ်တွေ ထပ်တိုးပြီး ကျောင်းဝန်းအတွင်းမှာ သပ်သပ်ရပ်ရပ်နဲ့ စံပြကျောင်းလေး တကျောင်းအဖြစ် ရှိနေသည်။

သူနဲ့အတူ တတန်းတည်းတက်ခဲ့ကြသည့် သူငယ်ချင်းတွေ၊ ပိုက်ဆံအတူတူလုခဲ့ကြသည့် အဖော် တွေ ဘယ်ဆီမှာရောက်ကုန်ကြပြီလည်းမသိ။ မြို့ရိုးတလျှောက်က အိမ်လေးတွေလည်း မရှိတော့ပေ။ နတ်နန်းနဲ့ အနီးဆုံးဖြစ်တဲ့ သူတို့အိမ်လည်း မရှိတော့။လူတွေ……နှစ်တွေ အခိျန်တွေ……သေကောင်ပေါင်းလဲဘဝနဲ့။
တွေးရင်းတွေးရင်း ပလက်ဖောင်းပေါ်က လူတွေကြားမှာ တိုးဝှေ့လျှောက်လာရင်း ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ သူ့ဖိနပ်တဖက်က ခေါင်မှ ပြုတ်ထွက်သွားသည်။ သူ ရှက်ရွံ့သွားသည်။ လူတချို့က သူ့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ ကြည့်သွားသည်။ ခေါင်ပြုတ်ထွက်သွားတဲ့ဖိနပ်တဖက်ကို အသာတဲပြီး စီးလို့ရဦးမယ် အထင် နဲ့ ပြန်တပ်ကြည့်သေးသည်။ 

လုံးဝစီးလို့မရတော့။ လျှောက်ရမည့်ခရီးတာက ဝေးသေးသည်။ ဝေးနေသေးသည်။
ပလက်ဖောင်းပေါ်မှာ ဝမ်းနည်းအားငယ်စွာ လမ်းမပေါ် ဖြတ်မောင်းသွားတဲ့ ကားတွေကို ရပ်ငေး ကြည့်နေမိသည်။ အိတ်ကပ်ထဲမှာ ပါလာတဲ့ပိုက်ဆံက ဖိနပ်တရံဖိုးမပြည့်။ ဖိနပ်တရံဖိုး ပြည့်ခဲ့ရင်ကော… ။ 

အတွေးထဲမှာ သူ့မိသားစုကလေး…ဖြန့်ထားတဲ့သူ့လက်တဖက်က အလိုလိုဟသွားတဲ့ ပါးစပ်ပေါက် ရှေ့ တည့်တည့် ဆီရောက်သွားသည်။ သူရောင်ရမ်းပြီး တံတွေးတချက် ထွေးထုတ် လိုက်စဉ် ဖြန့်ထားတဲ့ လက်ပေါ်သို့ ကျသွားသည်။ 


သူပြန်ပြီး သတိဝင်မိလိုက်ချိန်မှာ သူ့ပါးစပ်ထဲက သဲတွေ ဖုန်တွေပေကျံနေတဲ့ပိုက်ဆံတွေ ထွက်မကျလာခဲ့ သလို…အိမ်ထရံထောင့်လေးမှာ ချိတ်ဆွဲထားတဲ့ ဝါးဆစ်ဗူးလေးလည်း အခုချိန်မှာ မရှိနေခဲ့တာကို သူ ကြေကွဲစွာသိလိုက်ရတော့သည်။


အောင်လွန်းမြိုင်

p.s မြန်မာ အက်ဆေး ၁၀၀ စာအုပ်မှ............

Comments