သစ်ခက်သံလွင် အက်ဆေး-ဆောင်းခူးလက်ရဲ့ သစ်ပင်များနဲ့စကားအနည်းငယ်


သစ်ပင်များနှင့်စကားအနည်းငယ် 


 ဇာတက တခုမှာ သရက်ချိုပင်ကို ခွေးတောက်နွယ်ယှက်လို့ အခါးဓာတ်အရသာ ရောနှောမိ၏ဟု ပြဆို သည်။ ခွေးတောက်ပင်မှာ သရက်ချိုအရသာ ကူးပါမသွားဖူးလား။ ဒီလိုစဉ်းစားမိ။ စဉ်းစားခြင်းကို ထပ်ဆင့် ဆင်ခြင်တဲ့အခါ မကောင်းတဲ့အရသာက ကူးစပ်ရလွယ်ကူလို့လား၊ မကောင်းတဲ့အကျင့်က စွဲလွယ်လေတော့ ဒီလိုပဲလား ဆင်ခြင်မိတယ်။

 နေရောင်ခြည်နှင့်မိုးပေါက်တို့ရဲ့တီးခတ်မှုမှာ နွေတလျှောက်က နွမ်းရိ၊ ညှိုးခြောက်နေရှာသော သစ်ပင်တို့သည် အားမာန်အပြည့်နဲ့ပြန်လည် ရုန်းထ ယိမ်းကနေကြပြီ။ အနာဂတ်ကို ဆာလောင်နေ သော မျိုးစေ့တို့သည်လည်း နေရောင်ခြည်လက်တံတို့ရဲ့ဆွဲထူခြင်းမှာ စတင် လမ်းလျှောက်နေပေပြီ။

အခုလို မိုးရွာပြီးစမှာ ပန်းရနံ့တို့ကို သယ်ဆောင်လာသော လေနုအေးသည် လက်ယက်ခေါ်နေသလို စိတ်ကိုနှိုးဆွလာ သောအခါ ကျွန်တော်သည်လည်း လန်းဆန်းနေတဲ့မိုးရွာပြီးစသစ်ပင်တို့ကြားမှာ လမ်း လျှောက်ရသည်မှာ ပျော်စရာ ကြည်နူးစရာလို့ခံစားရသည်မှာ ဟိုငယ်စဉ်ကပင် ဖြစ်ပေသည်။ ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံနှင့် ရောင်စုံသစ်ပင်များကြား လမ်းလျှောက်ငေးရီရင်း အချို့အပင်တို့၏ အပွင့်လှသော်လည်း အနံ့မမွှေး၊ အနံ့မွှေးသော်လည်း အသုံးမ၀င်၊ အသုံးဝင်သော်လည်း အရသာမကောင်း၊ အရသာကောင်းသော်လည်း ပုံပန်းမလှ ကကြိုးပုံစံမျိုးစုံနှင့်ကခုန်နေကြသော သစ်ပင်တို့ ဒဿန၊ သစ်ပင်တို့ရဲ့ ပကာသန၊ သစ်ပင်တို့ရဲ့အသံ၊ သစ်ပင်တို့ရဲ့ရပ်တည်ဟန်ကို မြင်လာသည်၊ ကြားလာသည်။ ဒီမြေ ဒီလေ ဒီရပ်ဝန်းမှာ ဒီနေရောင်ခြည်ကို အတူသောက်သုံးတာခြင်းတူပါလျက် အပင် အရွက် အရပ်နှင့် ပုံစံ အရသာ အာနိသင်တို့ ဘာကြောင့်ကွာဟသလဲစဉ်းစားမိ။ ပြတာချင်းတူပေမယ့် မြင်သူချင်း မတူ၊ မြင် တာချင်းတူပေမယ် ယူတာချင်း မတူ ခံယူသူဗီဇမှာ ကိန်းဝပ်တဲ့ အနုသယလက်တို့ထိစမ်းမှုမှာ အကြိုက် ကွဲပြားလို့လား။ မိုးပေါက်တို့ရဲ့တီးခတ်မှုမှာ အစာရှာထွက်တဲ့ရောက်သောက်မြစ်တွေရဲ့ထောက်ပံ့မှု လွဲမှားလို့ အာနိသင်တွေ ကွဲပြားကြသလား။

ဇာတက တခုမှာ သရက်ချိုပင်ကို ခွေးတောက်နွယ်ယှက်လို့ အခါးဓာတ်အရသာ ရောနှောမိ၏ဟု ပြဆို သည်။ ခွေးတောက်ပင်မှာ သရက်ချိုအရသာ ကူးပါမသွားဖူးလား။ ဒီလိုစဉ်းစားမိ။ စဉ်းစားခြင်းကို ထပ်ဆင့် ဆင်ခြင်တဲ့အခါ မကောင်းတဲ့အရသာက ကူးစပ်ရလွယ်ကူလို့လား၊ မကောင်းတဲ့အကျင့်က စွဲလွယ်လေတော့ ဒီလိုပဲလား ဆင်ခြင်မိတယ်။ သစ်ပင်လေးများ ပေါင်းစုထားခြင်းဖြင့် သစ်တောဟု သမူဟပညတ် အပေါင်း ခေါ်ဝေါ်သတ်မှတ်ချက် ထက်တွင်ခဲ့။ အပေါင်းမှာ ကောင်းတာလည်းရှိ။ မကောင်းတာလည်း ရှိ။ ကောင်း မကောင်းမှာ အသုံးဝင်ခြင်း၊ မ၀င်ခြင်းပေါ်မူတည်။ အသုံးဝင်ခြင်း၊ မ၀င်ခြင်းဟာ အသုံးချတတ်သူအပေါ် မူတည်။ အသုံးဝင်လျှင် အကောင်း၊ မ၀င်တော့ အလကားသစ်ပင်။ အသုံးမကျစရာ မရှိလောက်အောင် အသုံးချတတ်တဲ့သူ ဇီဝက ဆရာနဲ့တွေ့တော့ အားလုံးအသုံးဝင်၊ အသုံးကျ၊ တန်ဖိုးရှိတဲ့သစ်ပင် ဖြစ်နေပြန်ရော့။ ဒါဖြင့် တကယ့်အသုံး မ၀င်မှုကဘာလဲ၊ တကယ်ရှိရဲ့လား။ ဒီလို အမှန်တကယ် အားလုံးဟာ အသုံးဝင်သူချင်းမှာတော့ အားနည်းတဲ့အသုံးဝင် သစ်ပင်ကိုတော့ အသုံးမကျတဲ့သစ်ပင်။ အသုံးနည်းတဲ့သစ်ပင် ဒီလိုယှဉ်ပြပြီး ခံစားနားလည်ခဲ့တယ်။ လက်ခံခဲ့ပါတယ်။ အခုလို မိုးပေါက်တွေရဲ့တီးခတ်မှုမှာ ရေသောက်မြစ်တို့ အားစိုက် ရုန်းကန်မှုမှာ သစ်တောတွေရဲ့ကကြိုးကို ကိုယ့်ရဲ့စိတ်လက်တံရှိသလောက်နဲ့ မွှေနောက် ထိစမ်း မိပါတယ်။ ကြည်နူးစွာ လမ်းလျှောက်ရင်းလေ။

မိုးရွာပြီးစ မှာပေါ့။ လူတယောက်ရဲ့တွေးခေါ်မှုနှင့်ပတ်ဝန်းကျင်ကို ထိစပ်ပေးနေသော သူ၏အနုသယ တို့ကို လောကဓံက တီးခတ်လိုက်သောအခါ ထိုသူရဲ့အရသာနဲ့တူသော မွှေးရနံ့နဲ့တူသော၊ ပန်းပွင့်နဲ့ တူသော၊ အာနိသင်နဲ့တူသော လှုပ်ရှားမှုတို့ဟာ ဘယ်လို ကကြိုးတွေများလဲ။ အဲ့ဒီလို လူတွေ စုဝေး ထားသောကြောင့် သမူဟပညတ်အမည်ရ လူ့လောက၊ လူ့ တောအုပ်မှာ မလွှဲမသွေ လျှောက်လှမ်းရပေ ဦးမည်။ အခုလို မိုးရွာပြီးစ မွှေးရနံ့တို့ကို သယ်ဆောင်လာသော လေနုအေးတွေနဲ့ ကြည်နူးစရာ ဖြစ်ချင်ဖြစ် မယ်ပေါ့။ မဖြစ်ချင် မဖြစ်ဘူးပေါ့ ။ ။

ဆောင်းခူးလက်
၂၁-၆-၂၀၁၆



Comments