သစ်ခက်သံလွင် -လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်ပြည့်မွေးနေ့အခမ်းအနားတွင်ရွတ်ဆိုခဲ့သည့်ကဗျာ မြတ်လှိုင်းရဲ့ကဗျာ

ဗရုတ်သုက္ခခေတ်ကြီးကို ကယ်ပါ အမေ
 
ပန်းချီသန်းဌေးမောင်


ပြောင်းလဲရမယ် တဲ့
လူအနည်းက တိုးတိုးတိတ်တိတ်
ကြိတ်ပြီးပြောဆိုနေရာက
ပြောင်းလဲရမယ်
ဟေ့ ပြောင်းလဲရမယ်
လူအများစုကနေ လူထုတွေထအော်ကြတယ်။

တောင်တန်းတွေဆီက အော်သံ
မနက်ဖြန်တွေကိုမျှော်လင့်ပေမယ့်
သေနတ်သံတွေကြားနေရတုန်း
အမြောက်ဆံတဝုန်းဝုန်းနဲ့
မိုင်းတွေထပေါက်နေတုန်း
လူတွေ ကစဥ့်ကလျား အကြောက်တရားနဲ့ပြေးလွှားနေရ
စာသင်ကျောင်းတွေအဖျက်ခံရ
အဖေတွေစစ်ကိုမုန်းပြီးစစ်တိုက်နေရ
အမေတွေ စစ်ကိုပုန်းပြီး စစ်ကိုရင်ဆိုင်နေရ
ကလေးငယ်တွေ စစ်ဆိုတာမသိချင်ပဲ စစ်ဆိုတာ
အဖေ အမေတွေခွဲသွားတာလို့သိနေကြ
စစ်ဆိုတဲ့
ဗရုတ်သုက္ခတွေခေတ်ကြီးက ရှိနေဆဲပါ
ဒီဗရုတ်သုက္ခခေတ်ကြီးဖြစ်နေတဲ့
စစ်မီးကိုငြိမ်းသတ်ပေးပါ အမေ။

ပြောင်းလဲရမယ်ဆိုတဲ့ခေတ်ကြီးက
မြို့တွေမီးထထလောင်နေတုန်း
မြို့တွေရေမြုပ်နေတုန်း
မြို့တွေငလျင်လှုပ်နေတုန်း
မြို့တွေ မုန်တိုင်းတိုက်တုန်း
မြို့တွေမီးပျက်နေတုန်း
မြို့တွေမူးယစ်ဆေးဝါးနဲ့မူးယစ်ရီဝေနေတုန်း
မြို့တွေ ဗရုတ်သုက္ခနဲ့ကြီးထွားနေတုန်း
ဒီဗရုတ်သုက္ခခေတ်ကြီးကိုကာကွယ်ပေးပါအမေ။

ပြောင်းလဲရမယ်
ဆိုတဲ့ခေတ်ကြီးဆိုတာ
ကမ္ဘာကြီးဟာ ရွာဖြစ်လာခဲ့
ရွာကြီးနားကအစွန်အဖျားဇနပုဒ်
ထိုးထောင်ထွက်လာတဲ့တိုက်ကြီးတချို့
ပြားပြားဝပ်ဝပ်နဲ့လူတန်းစားကွာဟတဲ့
လောင်းရိပ်တွေမိနေကြ
တိုးတက်ပါတယ်ဆိုတဲ့သိပ္ပံခေတ်လွန်
ကျမ်းပေါက်ထဲကျွံကျသွားတဲ့
ယဉ်ကျေးမှုတွေချောင်အထိုးခံနေရ
နက်ဆိုဒ် ဝက်ဆိုဒ်တွေက
ကူးစက်တတ်တဲ့အဖျားကိုကြံ့ကြံ့မခံရဲ
မနက်ဖြန်အတွက်ဝမ်းစာကိုမရှာဖွေ
ဒီနေ့အတွက် စိတ်ကိုဓာတ်စာအဖြစ်သုံးစွဲနေ
လွယ်ကူခြင်းတွေဗရုတ်သုက္ခပြန့်ပွား
ဗရုတ်သုက္ခခေတ်ကြီးကို
စနစ်တကျပြင်ဖို့ကယ်ပါ အမေ။

ပြောင်းလဲရမယ်ဆိုတာ
လစာတိုးတာထက်
ပိုပြီးတိုးတိုးနေတဲ့ကုန်ဈေးနှုန်းတွေ
ပိုကြပ်နေတဲ့လမ်းတွေပေါ်မှာ
ပိုကြပ်နေတဲ့ကားတွေ
ချေးထားတာထက်ပိုများနေတဲ့အတိုးတွေ
သစ်ခုတ်သမားတွေများပြီး
တောပြုန်းသွားတဲ့တောင်တွေ
စက်မှုခေတ်ကိုမရောက်ပဲ
လယ်ပျောက်သွားတဲ့လယ်သမားတွေ
ကျေးလက်တွေသဘာဝပျက်ဖို့
မြို့ပြဆန်တတ်လာတဲ့စရိုက်တွေ
ပြည်သူကိုပြည်သူကပြန်ကယ်နေရတဲ့
အလှူခံသူချင်းကန်တော့ပါသေးရဲ့ညည်းညူစိတ်ပျက်သံတွေ
ဗရုတ်သုက္ခပေါ်ပေါက်နေကြ
ဗရုတ်သုက္ခခေတ်ကြီးထဲက ကယ်ပါအမေ။

ပြောင်းလဲရမယ်တဲ့
အမှိုက်တွေကောက်ပြီးအမှိုက်ပြန်ဖြစ်နေတဲ့လမ်းတွေ
အော့နှလုံးနာခဲ့ကြတဲ့လူအမှိုက်တွေ
ရင်ကြားစေ့ကြားထဲက
အမှိုက်ကောက်နေသူတွေထဲမှာ
ပြန်ရောက်နေကြ
ရေစီးရေလာကောင်းဖို့
ဖောက်တဲ့လမ်းထဲက
ပြန်ထွက်လာတဲ့ရွှံ့ပုတ်တွေ
အနံ့တထောင်းထောင်းထ
အသက်မဝတဝရှူရင်း
လူကိုလူချင်း လူလည်ကျနေကြတဲ့
ဗရုတ်သုက္ခခေတ်ထဲက ကယ်ပါအမေ။

အခုထိမပြောင်းလဲသေးဘူး
ပြောင်းလဲရမယ့် အကျင့်စရိုက်တွေ
အခုထိမပြောင်းလဲသေးဘူး
ပြောင်းလဲရမယ့် လာဘ်ပေးလာဘ်ယူတွေ
အခုထိမပြောင်းလဲသေးဘူး
ပြောင်းလဲရမယ့် တရားရေးမဏ္ဍိုင်
အခုထိမပြောင်းလဲသေးဘူး
ပြောင်းလဲရမယ့် ဗျူရိုကရေစီတွေ
အခုထိမပြောင်းလဲသေးဘူး
ပြောင်းလဲရမယ့် ခရိုနီတွေ
မပြောင်းလဲနိုင်သေးတဲ့ခေတ်ကို
ပြောင်းလဲနိုင်ဖို့
အသစ်တည်ဆောက်ထားတဲ့
ဗရုတ်သုက္ခခေတ်ကြီးထဲက
ကယ်ပါ အမေ။

ဗရုတ်သုက္ခဖြစ်အောင်
စနစ်တကျလုပ်ထားတဲ့
ဗရုတ်သုက္ခခေတ်ကြီးထဲက
ပြောင်းလဲရမယ်ဆိုပြီး
လူကြားကောင်းရုံအော်နေတဲ့လူတွေ
ဗရုတ်သုက္ခအကြံနဲ့ကုလားထိုင်
ဝင်ထိုင်နေကြတဲ့
ဗရုတ်သုက္ခခေတ်ကြီးထဲမှာ
ဗရုတ်သုက္ခကူးခတ်နေကြတဲ့
ဒုက္ခပင်လယ်ကြီးထဲက ကယ်ပါအမေ။

မြတ်လှိုင်း
........
မအူပင်စာရေးဆရာသမဂ္ဂနှင့် ပျိုးခင်းသစ်ပရဟိတ ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ မအူပင် အေးချမ်းသာ အအေးခန်းဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားတွင် ရွတ်ဆိုခဲ့သည့်ကဗျာဖြစ်ပါသည်။  


Comments