သစ်ခက်သံလွင် -သခင်ဗဟိန်း (၉၉)နှစ်မြောက် မွေးနေ့ အမှတ်တရဂုဏ်ပြုခြင်း-စံညိမ်းဦးရဲ့ သေနိုင်ရိုးလား ကိုဗဟိန်း

''သေနိုင်ရိုးလား ကိုဗဟိန်း''
(ကဗျာဆရာစံညိမ်းဦး၏ဖေ့စ်ဘွတ်မှကူးယူဖော်ပြသည်)
စံညိမ်းဦးဖေ့ဘွတ်မှ
...


ဗဟိန်းသရဏံ ဂစ္ဆာမိလို့ဆိုတော့
ရေရွတ်ရုံမျှနဲ့
မတရားတဲ့ ကောင်းကင်တိုင်း
ငရဲမီးလောင်ခံရသလို
သောင်းသောင်းညံပြာယာခတ်ကြ။
မတရားကောင်းကင် ဝပ်တွားသူတိုင်းလည်း
ယောက်ယက်ခတ်ရ စမြဲ။

ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိတယ်
ကျောင်းသားသမဂ္ဂရှိရာတိုင်းမှာ
ကိုဗဟိန်းရှိနေတယ်လေ။

ဖိနှိပ်ခြင်းရှိရင် တော်လှန်မှုရှိတယ်
တော်လှန်မှုရှိရာတိုင်းမှာ
ကိုဗဟိန်းရှိနေတယ်လေ။

၁ လုံးဖျက် ၂ လုံးပေါ်
ရှေးရာဇဝင်နံရံထက်က ဝလုံးများလို
ခွပ်ဒေါင်း တကောင်သတ်ရင်
နှစ်ကောင် ပေါ်မြဲ အမိုက်တိုင်းပြည်
ခွပ်ဒေါင်းရှိရာတိုင်းမှာ
ကိုဗဟိန်းရှိနေတယ်။
ခွပ်လက်တိုင်းမှာ
ကိုဗဟိန်းဝိညာဉ်ရှင်သန်နေတယ်။

ကျောင်းသားသတ်တဲ့ဗမာပြည်
ဗဟိန်းလေးတွေထောင်သောင်းသိန်းသန်း
အဲ့ဒီလိုကို ပွင့်တယ်။

ဒီမှာ
အချစ်နဲ့ နိုင်ငံရေး
တော်လှန်ရေးနဲ့ အနုပညာ
အနူးညံ့ဆုံး ကတ္ထီပါ
အရဲရင့်ဆုံး သံမဏိ
နီစွေးသော ကဗျာ
ချွန်မြသော လှံသွား။

ပြည်သူကို ဘုရားလိုကြည်ညိုတဲ့သူ့ကို
သူ့မို့
ဗဟိန်းသရဏံ ဂစ္ဆာမိတာပဲမဟုတ်လား
ငါတို့။

တရားမှုကို
လူထုအတွက်အသက်ရင်းဆောင်လိုသူ
အဲ့ဒီလို သီလမြဲတဲ့ သူ့ကို
သူ့မို့
ဗဟိန်းဂုဏော အနန္တောတာပဲမဟုတ်လား
ငါတို့။

လူ့အဖွဲ့စည်း မပျော် မသာယာရင်
သူလည်းမပျော် မသာယာဘူးဆိုတဲ့သူ့ကို
သူ့မို့
ဗဟိန်း ပူဇေမိ ပူဇော်မိတာပဲမဟုတ်လား
ငါတို့။

သေနိုင်ရိုးလား
***ကိုဗဟိန်းက အသံဝါကြီးနဲ့ ဆိုတယ်
''ပီလိယက္ခမင်းက မြားနှင့်ခွင်းသည်။
သုဝဏ္ဏသျှံ ရွှေစင်အိကို ထိမှန်တော့သည်။
သို့ပေမယ့် သေနိုင်ရိုးလား …''တဲ့
အို!
သေနိုင်ရိုးလား ကိုဗဟိန်း။

''ဗဟိန်း''တဲ့
အရေပြားပေါ်မျှ တက်တူးမထိုးနဲ့
သေရွာထိ
နှလုံးအိမ်အောက်ခြေမှာ
အတိအကျ ထွင်းသွားရမယ့်
ရွှေအက္ခရာပါပဲကွာ။



စံညိမ်းဦး
၂၃ ၁၁ ၂၀၁၅
(***ရဲဘော်မခင်ခင်ကြီး ရေးတဲ့ 'ကိုဗဟိန်းမသေ' ဆောင်းပါးမှ ကူးယူပါတယ်။)

 ကဗျာရေးသူမှတ်ချက်။ ။ ၂၇ ဇွန် ၂၀၁၆ ကိုဗဟိန်းမွေးနေ့ ၉၉ အမှတ်ရစွာ တင်ပါတယ်။ 


Comments