သစ်ခက်သံလွင်ကဗျာစင်မြင့်၊ ခက်သီ၊ ၀ါကျဖြူတို့၏ကဗျာများ

အိမ်ထဲမှာ အမှိုက်တွေရှင်း

abstractartexp.weebly.com

ခြပုန်းတွေ ရွတ်ထနေတဲ့ခေါင်တိုင်
ပင့်ကူရှပ်ခံရတဲ့ အိမ်ခေါင်မိုးဟာ ခုံးထ မို့မောက်
ဖားပြုပ်အာနီရဲ့တံတွေးနဲ့ပေကျံနေတဲ့ သတင်းစာစက္ကူတွေ
ဒုတိယကမ္ဘာစစ်ကတည်းက မရှင်းခဲ့တဲ့ အမှိုက်တွေ
အော်ဂလီဆန်ရင်း ငါရှင်းနေတယ် ။
လက်သမားရဲ့ မယားငယ်က လင်ကြီးလိုက်လာလို့တဲ့
ပဲခွပ်နဲ့ တခွပ်ခွပ်ခုတ်ရင်း ပြတင်းပေါက်တွေအများကြီးလိုသလား မေးနေတယ်
သူ့စိတ်ဟာ ပြတင်းပေါက်တပ်ထားဟန် မတူဘူး
သန့်ရှင်းရေးသမားထဲမှာ မော်ဒယ်ဘွိုင်းပါလာတယ်
ရွံလို့တဲ့ ဟိုဟာမကိုင်ချင် ဒီဟာ မကိုင်ချင် သူ့ရည်းစားဆီ
viber နဲ့ ဓာတ်ပုံပို့နေတယ် ကောင်မလေးက မလေးကနေ
အမေရိကားကို ဒိုးဖို့ UN နဲ့ချိတ်နေတယ် ဒုက္ခသည်ဆိုပဲ
အုန်းပင်တက်ချိုင်တဲ့ကောင်က ချောင်းတဟွတ်ဟွတ်နဲ့
မိုးပေါ်ကနေ တီဘီပိုးတွေ ကျဲချနေတယ် ဒုက္ခသည်တွေချည်း။
ငါ့အိမ်ကို ငါရှင်းနေတယ် နယူးဒေလီက အမှိုက်ပုံထက်
ပိုကြီးတဲ့ အမှိုက်ပုံကြီး ငါ့အိမ်ထဲမှာ ရှိတယ်
ဒုက္ခသည်တွေ တစုတဝေးကြီးနဲ့ ငါရှင်းနေတယ်
အပြင်က အမှိုက်တွေရှင်းပြီးရင် စိတ်ထဲက အမှိုက်တွေရှင်းမယ်
ငါ အံကြိတ်ခဲ့တာ ငါ အသားတဆတ်ဆတ်တုန်ခဲ့တာ
ငါ ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး အော်ဟစ်ရင်းထွက်ပြေးခဲ့တာ
စိတ်ထဲမှာ အမှိုက်ရှုပ်ခဲ့တဲ့ နှစ်ကာလတွေမှာ
အမှိုက်ပုံနဲ့တူတဲ့ ငါ့အိမ် ငါပြန်ရောက် သံလိုက်ဓါတ်လိုပဲ
ငါတို့ဟာ ဒုက္ခသည်တွေပဲ ဒုက္ခထုံနေတဲ့ဝါရင့်ဒုက္ခသည်တွေ
ပျော်ပျော်ပါးပါးပေါ့ကွာ
ပေါ့ပေါ့ပါးပါးပေါ့ကွာ
" ဝီရိယနည်းတဲ့ ပုရွတ်ဆိတ်တွေဟာ သကြားလုံး မစားရဘူး"
မနက်လင်းရင် ခရေတွေ ထွက်ကောက်ရဦးမယ်မို့လား
အခု အမှိုက်တွေ ရှင်းကြဦးစို့ ။ ။

ခက်သီ

...

ငွေရောင်ဆံနွယ်တိမ်တွေ တလွင့်လွင့်

pcwallart.com


စစ်ကြီးပြီးသွားထဲက
စုဆောင်းလာခဲ့တဲ့နွေဟာ
အယ်နီညိုကိုပြီးဆုံးကြောင်း
ဝိုင်းပြီးကြေညာပစ်လိုက်ကြတယ် ။

အလှတရားတွေက
ကမ္ဘာ့မျက်နှာပြင်ကိုပေါင်းတင်ပြီးသားအဖြစ်
ဆေးသားတွေကိုမိုးရေနဲ့ပွတ်သပ်လိုက်ပြီ ။

ဒါပေမဲ့
နှင်းငွေ့ဝေမျက်ဝန်းတွေအောက်က
ဝေပြီးကျန်နေရစ်သော
ကောင်းကင်ထက်ရှည်လျှားတဲ့စကားလုံးတွေ
နှုတ်ခမ်းတို့ရဲ့ငြီးငွေ့မှုရာသီဆိုးကိုကျော်ဖြတ်လာကြ ပန်းချီကားတချပ်ထဲမှာအနုပညာအားတွေရှိကြောင်း
ပိုးဟပ်တွေမသိနိုင်ကြဘူး
လူကိုလူလို့လူလုံးမကွဲတဲ့
အကြွေတွေထပ်ဆင့်နေတဲ့အမှောင်ထုကမနိုင်ဝန်တွေကို
တိမ်တွေနဲ့အတူအနောက်တောင်ဆီ
တောင်ရိပ်ခိုတပ်ဆုတ်သွားလေရဲ့ ။

အိမ်အမိုးစွန်းလေးတွေမှာ
အသက်ရှူသံနဲ့လင်းထိန်နေကြတယ်
ဘဝဟာမိုးလင်းခါနီးတိုင်းပိုမှောင်တဲ့သက်ပြင်းတရှိုက်ကို
ခြွေချပြီးမှ
အမှောင်ရဲ့နတ္ထိကဝါဒတွေ ကျရှုံးသွားကြတာပဲမဟုတ်လား ။

သရီးအင်ဝမ်းရောထားတဲ့ကမ္ဘာကြီးဟာ
အမှန်တရားကိုဧကစာရီဆန်အောင်လုပ်ပစ်နေကြသလား
သူမကတိုးတိုးလေးစကားဆိုတယ်
နွေတပုဒ်
မိုးတပုဒ်
ဆောင်းတပုဒ်ကို သုံးပုဒ်ပေါင်းပြီး
မာတိကာတခုရဲ့ဆွဲငင်အားအတိုင်း ။

ဝါကျဖြူ
26.06.2016

Comments