သစ်ခက်သံလွင်- ကဗျာခံစားမှုဆောင်းပါး(ငြိမ်းဝေကဗျာ့ အိုးဝေ) ၏ အဖေမရှိသောသားနှင့် သားမရှိသောအဖေကိုတွေ့မည်



အဖေမရှိသော သားနှင့် 
သားမရှိသော အဖေကို
တွေ့မည်
www.pinterest.com
  ကျွန်တော့်ကို လက်ညိုးထိုးပြီး ပြောလိုက်သည့် “ပရော်” ဟူသောစကားကိုကြားတော့ ကျွန်တော့်မှာ ကြေကွဲတုန်လှုပ်သွားရ၏။ (“ပရော်”ဟူသော ကရင်စကား မှာ မြန်မာလို “ဗမာ”ဟု အဓိပ္ပာယ်ထွက်သော်လည်း နအဖ စစ်တပ်များလာလျှင် ထွက်ပြေးရဖန်များသဖြင့် “ပရော်”ဟူသောစကားမှာ “ရန်သူ” ဟူသော အဓိပ္ပာယ်သို့ ကူးပြောင်းလာနေသည်ဟု ယူဆရပါသည်။)

 ၁။

မယ်ညောခီးတောင်မြေ ကရင်ရွာကလေးကစထွက်တော့ နံနက် ၅ နာရီပဲရှိသေးသည်။
လူသွားလမ်းပျောက်လုမတတ် နှင်းတွေကျနေ လျှက်။ ကျွန်တော်က တပ်ကြပ်ကြီး “ဖာတေး” ကို ထားခဲ့ရသဖြင့် စိတ်မကောင်း၊ သူနှင့်ကျွန်တော် တပ်မဟာ (၁)နယ်မြေတွင် ၂ လကျော်မျှ အတူသွား အတူလာနေခဲ့ပြီးမှ အခုလိုခွဲကြရသဖြင့် သူသည်လည်း ကျွန်တော့နည်းတူ စိတ်ချမ်းမြေ့ ရလိမ့်မည်မထင်။
ကရင်ရွာကလေး၏ထိပ်တွင် သူနှင့်ကျွန်တော် လက်ဆွဲနှုတ်ဆက်တော့ သူကကျွန်တော့ကို နောင်နှစ်တွင် လည်း ပြန်လာဖြစ်အောင်လာဖို့ အထပ်ထပ်အခါခါ မှာနေခဲ့၏။ သူက နှင်းထုထဲတွင် မြုပ်ဝင်ပျောက်ကွယ်သွားသည်အထိ နေရာတွင်ပင်ရပ်ကာ ကျွန်တော့ကိုရပ်ကြည့်ရင်း ကျန်နေရစ်ခဲ့၏။
တပ်ကြပ်ကြီး “ဖာတေး”က ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ကာ နောင်နှစ်တွင်ပြန်လည်တွေ့ဆုံ ဖို့ ပြောနေစဉ် ကျွန်တော့်ရင်ထဲကစကားအချို့ သူ့ကိုစိတ်ထဲက ပြောပြနေခဲ့မိ၏။ “နောင်နှစ်မှာ ကျွန်တော်လာဖြစ်အောင် ကြိုးစားပါဦးမယ်၊ ဒါပေမဲ့ အခုလိုစစ်မြေပြင် သတင်းထောက်တယောက် အနေနဲ့မဟုတ်ဘဲ မိတ်ဆွေဟောင်းများနဲ့ စကားစမြည်ပြောဖို့ ပြန်လာတဲ့ဧည့်သည်တဦးအဖြစ်နဲ့ ကျွန်တော်လာနိုင်ဖို့ဆုတောင်းပေးပါ …”။
သို့သော် ဘာကြောင့်ရယ်မသိ ကျွန်တော့ရင်ထဲကစကားများကို နှုတ်မှထုတ်ဖော်ပြီး သူ့ကို ပြောမပြနိုင်ခဲ့။ ကျွန်တော်ဖြစ်ချင်သည့်စိတ်ဆန္ဒများကိုယ်၌က လက်တွေ့တွင်ဖြစ်လာနိုင်သည်ဟု ကိုယ့်ကိုကိုယ် မယုံကြည်နိုင်သောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ လာမည့် ၁၉၉၅ ခုနှစ်တွင် စစ်ကြီးပြီးဆုံးသွားခဲ့လျှင် မည်မျှကောင်းလေစွ။

၂။

မယ်ညောခီးတောင်တက်ခရီးမှာ အလာတုန်းကလို မတ်စောက်ခြင်းမရှိသဖြင့် စိတ်ထဲတွင် ပင်ပန်းသည်ဟုမထင်မိခဲ့။ အလာတုန်းကမူ သံလွင်မြစ်ကစပြီး တောင်ပေါ်တက်ကတည်းက ခေါင်းကို တသမတ်တည်းမော့ထားကာ ကျောကိုဆန့်နိုင်သမျှဆန့်ပြီး နေ့တ၀က်ကျော်တက်ခဲ့ရ သဖြင့် ကျွန်တော့် မှာ စိတ်လျှော့ရလုမတတ် ပင်ပမ်းခဲ့ရ၏။ ယခုအပြန်ခရီး မယ်ညောခီး တောင်တက်လမ်းမှာ ခပ်ပြေပြေ ဆင်ခြေလျောများသာများသဖြင့် တောင်တက်ရင်း သီးချင်းညည်း နိုင်လောက်အောင် ပေါ့ပါးလျက်ရှိ၏။

“ အား …၊ အင့် … အင့်”

အသံကြားရာနောက်ဖက်ကို လှည့်ကြည့်သည်။ ဆယ်နှစ်ကျော်ကလေးငယ်တဦး လူသွားလမ်းပေါ် လဲကျရာမှ ပြန်ထနိုင်ဖို့ကြိုးစားနေသည်ကို တွေ့ရ၏။ သူ့ဆီကိုပြေးသွားကာ သူ့ခန္ဓာကိုယ်လေးကို အသာအယာ ဆွဲထူလိုက်သည်။ သူက ကျွန်တော့်ကို အသာအယာလက်နှင့်တွန်းကာ နောက်သို့ ဆုတ်လိုက်လေသည်။ ကျွန်တော်က သူ့ကိုအပြုံးနှင့်နှစ်သိမ့်တော့ ကျွန်တော့်မျက်နှာကို ခပ်ရွံ့ရွံ့ မော့ပြီး ကြည့်နေသေး၏။ ပြီးတော့မှ “အမိုး” ဟုတချက် အော်ကာ လာလမ်းအတိုင်း ပြန်ပြေး သွားခဲ့၏။ ကျွန်တော်က သူ့အဖြစ်ကိုကြည့်ကာ ပြုံးမိလေသည်။

မယ်ညောခီးတောင်ခြေ ကရင်ရွာကလေးကထွက်တော့ ကျွန်တော်နှင့်အတူ လမ်းပြတဦးတွင် သာမက မြစ်ဆုံသို့ (သံလွင်မြစ်နှင့် သောင် ရင်းမြစ်ဆုံရာ)လူကြုံလိုက်ပါကြမည့် ခရီးသည် လေးဦးလည်း အတူပါလာခဲ့ကြ၏။ ထိုအထဲတွင် ဆယ်နှစ်ကျော်ကရင်ကလေးတဦးလည်း ပါလာလေသည်။ တပ်ကြပ်ကြီးဖားတေးက ထိုကလေးမှာ လွန်ခဲ့သည့်နှစ်က န၀တစစ်တပ် ချောပါသွားပြီး သေဆုံးသွားခဲ့ သည့်ကရင်အမျိုးသားတဦး၏သားဖြစ်သည်ဟု ပြောပြထားခဲ့၏။ သူတို့လူသိုက်က မြစ်ဆုံမှတဆင့် ထိုင်းနိုင်ငံထဲသို့ဝင်ကာ ဒုက္ခသည်စခန်းတခုဆီ သွားကြလိမ့်မည် ဟု ဆိုလေသည်။
ထိုဖတဆိုး ကရင်ကလေးငယ်ကို ခင်မင်ခွင့်ရရန် တလမ်းလုံးကျွန်တော်ကြိုးစားခဲ့၏။ ကျွန်တော့်တွင်ပါလာသည့် ချိုချဉ်ထုပ်၊ မာမားထုတ်တချို့ကိုပေးကာ ကျွန်တော်နှင့် ရင်းနှီးအောင် လာဘ် ထိုး၏။ မကြာခဏဆိုသလို သူ့ဘေးတွင်ကပ်ကာ သူ့ကိုပြုံးပြနှုတ်ဆက်၏။ သို့သော် ထိုသူငယ်ကမူ ကျွန်တော့်ကို အနားသို့ပင်ကပ်ခွင့်မပေး။

သူနှင့်ကျွန်တော် ခင်မင်ရင်းနှီးခွင့်ရဖို့အတွက် အကြီးမားဆုံးအခက်အခဲမှာ သူကလည်း မြန်မာ စကား မပြောတတ်သလို၊ ကျွန်တော်ကလည်း ကရင်စကားတလုံးမျှမတတ်ခြင်းပင် ဖြစ်သည်။ သို့သော် သူက တခါတရံ သူ့မိခင်၏ဘေးတွင် လျောက်လာရင်းက ကျွန်တော့်ကို လက်ညိုးထိုးပြီး ပြောလိုက်သည့် “ပရော်” ဟူသောစကားကိုကြားတော့ ကျွန်တော့်မှာ ကြေကွဲတုန်လှုပ်သွားရ၏။ (“ပရော်”ဟူသော ကရင်စကား မှာ မြန်မာလို “ဗမာ”ဟု အဓိပ္ပာယ်ထွက်သော်လည်း နအဖ စစ်တပ်များလာလျှင် ထွက်ပြေးရဖန်များသဖြင့် “ပရော်”ဟူသောစကားမှာ “ရန်သူ” ဟူသော အဓိပ္ပာယ်သို့ ကူးပြောင်းလာနေသည်ဟု ယူဆရပါသည်။)

သို့သော် မမျှော်လင့်ဘဲ လူသွားလမ်းပေါ်လဲကျသွားစဉ် သူ့ကိုကျွန်တော်က ဖေးကူထူမ ပေးခွင့်ကြုံပြီး သည့်နောက်တွင်မူ ထိုဖတဆိုးကလေးမှာ သိသိသာသာအမူအယာပြောင်းလဲ သွားခဲ့၏။ သူက ကျွန်တော့်ကို လက်ဟန်ခြေဟန်နှင့် စကားပြောနိုင်ရန်ကြိုးစားလာသည်ကိုပင် တွေ့လာရ၏။ တခါတရံ သူနှင့်ကျွန်တော် နိုင်ငံတကာဘာသာစကား (လက်ဟန်ခြေဟန်) ဖြင့် အပြန်အလှန် ကြိုးစားပြောဆိုရင်း သူ့မိခင်နှင့်အတော်ဝေးဝေးအထိ နှစ်ယောက်ထဲ တောင်ပေါ်တက်လာနေ ကြ၏။ ထိုစဉ်အခိုက်မှာပင် ကျွန်တော့တကိုယ်လုံး ရုတ်တရက်နာကျင်ကိုက်ခဲကာ ငှက်ဖျားတက် ချင်သလိုဖြစ်လာခဲ့၏။ ပါးစပ်ထဲမှ အ၀ါအစိမ်းရောင် အံဖတ်များ ထွက်ကျလာကြသည်။ 

စိတ်ကိုတင်းကာ တောင်ပေါ်တောလမ်းပေါ်ကြိုးစားပြီး လျှောက်လာနေခဲ့ရလေသည်။

၃။

ဆန်ဂိုဒေါင်တခု၏ဘေးမှကပ်ကာ ခရီးသည်များနားနေအိပ်စက်ရန် ထိုးထားသည့် တဲတန်းလျား ထဲဝင်လာတော့ နေရောင်မှာ အားအင် ဖျော့တော့စပြုလေသည်။
ကျွန်တော်က ကျောပိုးအိတ်ကိုချကာ ဆယ်မိနစ်ခန့်အနားယူပြီးမှ သံလွင်မြစ်စပ်သို့ဆင်းလာခဲ့၏။ သံလွင်မြစ်ရေနှင့် ခြေလက်များဆေးကြောလိုက်သောအခါ ကျွန်တော့်ခန္ဓာကိုယ်တခုလုံး အင်အားများ ပြန် လည်ပြည့်ဖြိုးလာသည်ဟုပင် ထင်လိုက်ရ၏။ တကိုယ်လုံး နာကျင်ကိုက်ခဲ နေမှုများပင် သက်သာ သွား၏။ တောင်ပေါ်က ဆင်းလာစဉ်က ငှက်ဖျားတက်နေသည့်အခြေ အနေမှာလည်း ပြန်လည်သက်သာ သွား၏။ န၀တစစ်တပ်များ ရုတ်တရက်မည်သို့မျှ ရောက်မလာ နိုင်သည့် လုံခြုံစိတ်ချရသည့်နေရာ သို့ ရောက် လာ ခဲ့ပြီဖြစ်သဖြင့်လည်း စိတ်ထဲတွင် ပေါ့ပါး လွတ်လပ်သလို ရှိလာရလေသည်။

တဲပေါ်သို့ပြန်ရောက်ပြီး မှတ်စုစာအုပ်ကိုထုတ်ကာကာ ကျောပိုးအိပ်ကိုစားပွဲခုံလုပ်ပြီး အချက်အလက် တချို့ရေးခြစ်မှတ်သားရန် စဉ်းစားသည့်အခါ မယ်ညောခီးတောင်ခြေတောစပ်တွင် ကြုံခဲ့ရသည့် အဖြစ်အပျက်မှာ ကျွန်တော့်ခေါင်းထဲသို့ ပထမဦးစွာဝင်လာခဲ့လေသည်။
မယ်ညောခီးတောင်ကြီး၏ သံလွင်မြစ်ဖက်သို့ဆင်းသည့် တောင်ဆင်းလမ်းမှာ တောင်၏ဟို ဖက် တောင်ပေါ်တက်စဉ်တုန်းကလို ပြေပြေလျောလျောမဟုတ်ဘဲ ဇောက်ထိုးကျလုနီးပါး မတ်စောက် သည့် တောင်ဆင်းလမ်းများသာဖြစ်နေလေသည်။ ထို့ကြောင့် ကျွန်တော့်မှာ ကရင်ကလေးကို တလမ်းလုံး လိုလို ဖေးကူတွဲချလုပ်ခဲ့ရ၏။ မကြခဏဆိုသလို ကျွန်တော်တို့နှစ်ဦးက နောက်မှ ကျန်နေရစ်သည့် သူ့မိခင်နှင့်ခရီးသည်များကို ထိုင်ပြီး စောင့်ခဲ့ကြရ၏။ သူနှင့်ကျွန်တော် မားမားထုပ်ကိုဖောက်ပြီး စားလိုက်၊ ရေဗူးမော့လိုက်နှင့် တောင်ပေါ်က ပျော်ပျော်ရွှင်ရွှင် ဆင်းလာခဲ့ ကြလေသည်။
တောင်ခြေသို့ ရောက်လုရောက်ခင်တနေရာတွင် လူသွားလမ်းမှာ တလမ်းတည်းမဟုတ်တော့ ဘဲ နှစ်လမ်းသုံးလမ်းခွဲပြီးဆင်းသွားသည့် နေရာများသို့ ကြုံလာခဲ့၏။ မြေပြန့်သို့ ရောက်လုနီးပြီဖြစ် သည့်အတွက် တောင်ဆင်းလမ်းမှာ ပြေပြေပြစ်ပြစ်ရှိလာခဲ့သော်လည်း ကျွန်တော့်မှာ လမ်းခွဲ လမ်းဆုံ တခုသို့ရောက်သည့်အချိန်တိုင်း မကြာခဏရပ်တန့်ကာ စဉ်းစားပြီးမှ လမ်းရွေးနေရ၏။ လမ်းပြလုပ်သူကလည်း နောက်တွင်ကျန်ရစ်ခဲ့သဖြင့် ကိုယ့်ကိုကိုယ် အားကိုးရတော့၏။ သည်ကြားထဲ ငှက်ဖျားရောဂါက ဖေါက်လာပြန်သည်။ ရုတ်တရက် ထိုးအန်ချကာ ငှက်ဖျားတက် ချင်သလို ဖြစ်လာရသည်။
အစပထမပိုင်းတွင်တော့ လမ်းခွဲတခုစီတွင် မကြာခဏရပ်ကာ လမ်းမှန်ရွေးနိုင်ဖို့ကိုသာ စဉ်းစား နေရသဖြင့် အမူအယာပျက်နေသည့် ကရင်ကလေးငယ်ကို ကျွန်တော်သတိမထားခဲ့မိ။ သတိရလို့သူ့ကို ကျွန်တော် ကြည့်လိုက်တော့ သူက ကျွန်တော်၏အခက်အခဲကို သဘောပေါက်ပြီး မျက်လုံးအ၀ိုင်း သားနှင့် ကြောက်စိတ်ဝင်နေသည်ကို အသေအချာတွေ့လိုက်ရ၏။

မျက်လုံးအပြူးသားနှင့် မော့ကြည့်နေရာက ကလေးငယ်သည် ရုတ်တရက်ဆိုသလို လာရာလမ်း အတိုင်း တောင်ပေါ်ပြန်တက်ပြေးသွားတော့သည်။ ထိုအခါ ကျွန်တော့်မှာ ကျန်ခဲ့သည့်လမ်းခွဲများ တွင် လမ်းလွဲသွားမည်စိုးသဖြင့် သူ့နောက်မှ တကြော်ကြော်အော်ခေါ်ရင်း အပြေးလိုက်ခဲ့၏။ သို့သော် ငှက်ဖျားတက်ချင်သလိုဖြစ်လာနေပြန်သဖြင့် ကျွန်တော့်မှာ သူ့ကိုမီအောင်မလိုက်နိုင် ဖြစ်နေလေ သည်။ ကျောပိုးအိတ်ကို မနိုင့်တနိုင့်သယ်ပိုးပြီး သူ့ နောက်မှလိုက်လာစဉ် သူက ရုတ်တရက်လမ်းချိုးတစ်ခုမှ ဘွားခနဲပြန်ပေါ်လာကာ “အမိုးရေး၊ အပါးရေ” ဟု အော်ခေါ်ရင်း ကျွန်တော့်ဘေးမှဖြတ်ကာ တောင်အောက် သို့ ဆင်းချသွားပြန်သည်။ သူ့စိတ်ထဲ မိခင်ဖြစ်သူနှင့် လမ်းလွဲသွားကြကာ လူချင်းမတွေ့နိုင်ပြီ အထင်နှင့် သောကကြီးစွာ အော်ဟစ်ငိုကြွေးရင်း လူသွားလမ်းအတိုင်း အစုန်အဆန်ပြေး လွှားနေခြင်းဖြစ်သည်။

ကျွန်တော်ကလည်း ဖိုးခွားရေ …ဖိုးခွားရေ ၊ ဟုအော်ခေါ်ရင်း ဆင်းလိုက်လာရပြန်သည်။ ချက်ချင်းဆိုသလို လူသံပျောက်ပြီးနောက် လမ်းဆုံတခုတွင် တဦးနှင့်တဦးလမ်းလွဲသွားကြပြီ ဆိုသည်ကို ကျွန်တော် သတိပြုမိသွားသည်။ ကြံရာမရသည့်အဆုံး ငှက်ဖျားကလည်း မခံမရပ် နိုင်အောင် မူးဝေလာသဖြင့် ရောက် ရာနေရာတွင်ပင်ရပ်ကာ “ဖိုးခွားရေ … ဖိုးခွားရေ” ဟုသာ အော်ခေါ်နေမိ၏။
ထိုစဉ်အခိုက်မှာပင် တောအုပ်တစ်နေရာဆီမှ “အပါးရေ … အပါးရေ”ဟူသော ကလေးငယ်၏ အသံကို ကျွန်တော်ကြားလာရလေသည်။
ကျွန်တော်တို့နှစ်ဦး တဦးနှင့်တဦး “ဖိုးခွားရေ …အပါးရေရေ”ဟု အပြန်အလှန် မနားတမ်း အသံပြုရင်း စိတ်မှန်းနှင့်ပင် လမ်းအတိုင်းမလျှောက်တော့ပဲ တောထဲသို့အတင်းတိုးဝင် လာကြ သည်။ ထိုစဉ်က ကျွန်တော်သည် ရှေ့တွင် ချောက်ရှိသည် ဆူးရှိသည်ဆိုသည်ကိုမူ ထည့်မစဉ်းစား နိုင်ဘဲ အပါးရေ ဟူသော သူ့အသံလေး နိးသထက်နီးလာနေသည်ကိုသာ အမိအရ ဆုပ်ကိုင် နားစွင့် ရှေ့ကို အတင်းတိုးသွားနေမိ သည်။

ရုတ်တရက်ဆိုသလို လူသွားလမ်းဆုံတခုထိပ်တွင် သူနှင့်ကျွန်တော် ဘွားခနဲ ရင်ဆိုင်မြင်လိုက်ကြ ရသည်။
သူသည် ကျွန်တော့်ထံပြေးလာကာ ကျွန်တော့်လက်ကို မလွတ်တမ်းဆွဲထားကာ မျက်ရည်များ စီးကျနေ သည့်မျက်နှာနှင့် ကျွန်တော့်ကိုမော့ကြည့်နေ၏။ ကျွန်တော်ကလည်းေ၀၀ါးလျက်ရှိသည့် မျက်လုံးများကို ပုတ်ခတ်ကာ သူ့ကိုမလွတ်တမ်းသာ ဆွဲဖက်ထားနေမိလေသည်။

၎။

တဲတန်းလျားကြီးထဲတွင်ထိုင်ကာ မှတ်စုစာအုပ်ပေါ်တွင် အချက်အလက်အချို့ကိုရေးဖို့ စဉ်းစား နေစဉ် မွန်ဂိုလီးယားကဗျာဆရာ “ချိုအီဇင်ဆူရင်” ၏ “စစ်”ဟုအမည်ပေး ထားသည့် ကဗျာတပုဒ် ကို ကျွန်တော်သတိရနေမိပြန်သည်။

တချိန်တည်းမှာပင် ပြည်တွင်းတွင်စွန့်ပစ်ခွဲခွာထားခဲ့ရသည့် ကျွန်တော့် “သားငယ်”၏ မျက်နှာကို လည်း မြင်ယောင်နေမိ၏။
ချိုအီဇင်၏ ကဗျာထဲက “စစ်ဖြစ်လျင်၊ အဖေမရှိသောသားနှင့် သားမရှိသောအဖေကိုတွေ့မည်” ဟူသော စာကြောင်းများအရောက်တွင်မူ ကျတော့်မျက်လုံးအိမ်များမှာ မျက်ရည်များဖြင့် မှုန်ဝါးလာရလေတော့၏။
---------
စစ်
------------
စစ်ဖြစ်လျှင်
သခင်မဲ့သောအိမ်နှင့်
အိမ်မရှိသော သခင်ကိုတွေ့မည်။

စစ်ဖြစ်လျှင်
ခင်ပွန်းမရှိသော ဇနီးနှင့်
ဇနီးမရှိသော ခင်ပွန်းကိုတွေ့မည်။
စစ်ဖြစ်လျှင်
အဖေမရှိသောသားနှင့်
သားမရှိသော အဖေကိုတွေ့မည်။

စစ်ဖြစ်လျှင်
ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။

စစ်ဖြစ်လျှင်
ကျွဲမရှိသော စားကျက်နှင့်
စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။

စစ်ဖြစ်လျှင်
ယမ်းငွေ့တွေဝေ၍
ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။

ငါတို့စစ်ကိုနှိပ်ကွပ်ကြပါစို့
ငါတို့ စစ်ကိုမဖြစ်ကြပါစို့ ။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

(၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလထုတ် International မဂ္ဂဇင်းတွင်ပါရှိသည့် TNM ဘာသာပြန်သော မွန်ဂိုလီးယားကဗျာဆရာ “ချိုအီဇင်ဆူရင်” ရဲ့ war ကဗျာကို အသုံးပြုဖော်ပြခြင်း ဖြစ်ပါသည်။)

Comments