သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ ပိုင်သစ်နွယ်

မှီခို

www.tumblr.com

ဘယ်လူလွန်မသားရဲ့လက်ချက်လည်း မသိဘူး။
ဘုတ်ကနဲ ပြုတ်ကျလာလို့ ကြည့်လိုက်တော့ ထော့နဲထော့နဲ့
စာကလေးတကောင်။ သူ့ခြေထောက်ဒဏ်ရာကို
ငါ ဆေးထည့် ပတ်တီးစည်းပြီး သူ့ကို လွှတ်ပေးလိုက်တယ်။
ထော့နဲ့ထော့နဲ့ ငါ့ ချိုင်းထောက်ကို အားပြုရင်း. . . . ။


ပိုင်သစ်နွယ်



တောင်အာဖရိက

www.pinterest.com

ကလေးလေး
ကလေးလေးမှာ
ပေါင်မုန့်မရှိဘူး
အသားအရောင်ခွဲခြားမှု မသိဘူး ။

ကလေးလေးရဲ့အသားအရောင်က
မဲမဲချိပ်ချိပ်မီးသွေးခဲတုံးလေးအတိုင်း
ချစ်စရာလေး ။

ကလေးလေးရဲ့စိတ်ကူးစိတ်သန်းက
သူ့အသားအရေပေါ် ရေးခြယ်လိုက်တဲ့
မြေဖြူခဲလေးအတိုင်း
ဝိုင်းဝိုင်းစက်စက်လေး ။

ကလေးလေးရဲ့ဘဝက
အရိုးပေါ်အရေတင်နေတဲ့ကျည်ဆံခွံအတိုင်း
ပြည်တွင်းစစ်နဲ့ပျော်နေရတယ်
ဆေးလိပ်မီးနဲ့ အော်နေရတယ် ။ ။

ပိုင်သစ်နွယ်

 .......


တ ဂျစ် ဂျစ် မြည်နေတဲ့အလွမ်း

www.mypinkadvisor.com


အိမ်မှာ ကျနော်တို့ငယ်ငယ်က အဘိုးအမြဲ
နားထောင့်လေ့ရှိတဲ့ရေဒီယိုလေးတလုံး
ရှိတယ်။ စဖွင့်ဖွင့်ချင်း ရေဒီယိုလေးထဲက
တ ဂျစ် ဂျစ် ဆိုတဲ့အသံတွေ ပုရစ်အော်သံလို
ထွက်ပေါ်လာတယ်။ အဘိုးဟာ သူအလိုရှိရာ လိုင်းကို
လက်တံလေးကို ကြည့်ပြီး အ၀ိုင်းဖုလေးကို လှည့်တယ်။
ပုရွက်ဆိတ်အုံထဲက တကောင်ကို တုတ်နဲ့မိအောင်
ထိုးသလိုလေ။ လိုင်းမိလို့ တ ဂျစ် ဂျစ် အော်သံတွေ အဆုံး
သတ်ပေမယ့် လှိုင်းလုံးလို တ၀ုန်းဝုန်းမြည်သံ၊ မီးဖိုထဲ
အဆစ်ပိတ်ဝါးလုံးကို ထည့်လိုက်သလို တ ဖောက် ဖောက်
အသံတွေကို ရေဒီယိုထဲက ကြားနေရတယ်။ အဘကို မေးကြည့်တော့
ဒါ စစ်ဖြစ်လို့ မြည်နေတဲ့ အသံတွေတဲ့။ အဘက သူ့ရေဒီယိုလေးကို
ဘယ်သူမှ အကိုင်မခံဘူး။ ကျနော်တို့ကတော့ ဘယ်နေနိုင်မလဲ။
အဘိုးလစ်ရင် လစ်သလို ရေဒီယိုနားသွားပြီး စပ်စုတယ်။ နှိပ်လို့ရတဲ့
ခလုတ်တွေလျှောက်နှိပ်ကြည့်တယ်။ လှည့်လို့ရတဲ့အဖုအထစ်တွေကို
လှည့်ကြည့်တယ်။ ရေဒီယိုထဲက အဘိုးပြောတဲ့ စစ်ပွဲသံတွေ
မကြားရဘဲ တ ဂျစ် ဂျစ် မြည်သံတွေပဲ ကြားနေရတယ်။
အဘိုးပြန်လာတဲ့အသံကြားရင်တော့ ရေဒီယိုနားက လစ်ပြေးကြရော ။
အဘိုးကတော့ ထုံစံအတိုင်း ရေဒီယိုဖွင့်ပြီး နားထောင်နေမြဲ
နားစွင့်ဆဲ။ သက္ကရာဇ်တွေဟာ အသားအရေတွဲကျလာပြီး
နည်းပညာခေတ်ကြီးက ကျနော်တို့ဆံပင်တွေကို အရောင်
ပြောင်းပစ်တယ်။ ဘောလုံးကွင်းကြီးကနေ ကွန်ဒိုမီယံတိုက်ကြီး
ပြောင်းလဲသွားသလိုလေ။ အဘိုးလည်း အခြားဘ၀သို့ ပြောင်းလဲ
သွားတယ်။ ကျနော်တို့လည်း အဘိုးအရွယ်ပြောင်းလဲလာတယ်။
မနက်က ကျနော့်မြေးလေးတောင် COC ဆိုလား ဘာဂိမ်းလား
တကမ္ဘာလုံးက လူတွေနဲ့ စစ်တိုက်နေတာ ကြားရတယ်။ သူ့
ပါးစပ်ကလည်း စစ်နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေနဲ့ ဆူညံလို့။
အော် ကျနော်လည်း ယနေ့ခေတ်ရဲ့အသံကိုနားထောင်ရင်း ငယ်ငယ်က
တ ဂျစ် ဂျစ် မြည်တဲ့ အဘိုးရဲ့ရေဒီယိုကြီးကို ဆာလောင်နေခဲ့ ။ ။

ပိုင်သစ်နွယ်

Comments