သစ်ခက်သံလွင်-ကဗျာခံစားမှု ရသဆောင်းပါး၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ)၏ မြေပုံသုံးချပ်




မြေပုံသုံးချပ်
POS

ကဗျာနှစ်ပုဒ်ထဲက “ မြေပုံသုံးချပ် ” ကို ဖတ်ရတော့ နှစ်ပေါင်းများစွာ၊ တဘ၀လုံးနဲ့ချီပြီး မြေပုံတွေနဲ့ ရူးသွပ်လာခဲ့တဲ့ ကျွန်တော်ဟာ အတွေးတချို့လင်းလက်ပြီး၊  အော်…ငါဟာဖြင့် မြေပုံတွေ မရေ မတွက်နိုင်အောင် ထိုင်ကြည့်နေခဲ့ဖူးပေမယ့် “ မြေပုံတွေရဲ့တကယ့်သဘောသဘာဝ ” ကို မဆုပ်ကိုင်နိုင်ခဲ့ပါလားလို့တွေးပြီး ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်ရပါတယ်။
...................
(က)


ကျွန်တော်ငယ်စဉ်တုန်းက ပုံဆွဲဝါသနာ ပါခဲ့ဖူးပါတယ်။ ပုံတူဆွဲတဲ့နေရာမှာ ကျွန်တော်နဲ့ဝါသနာ တူချင်းဖြစ်သည့်တိုင် ကျွန်တော့်ကို မှီအောင်ဆွဲနိုင်တဲ့သူငယ်ချင်း မရှိပါဘူး။ ပဉ္စမတန်းကနေ အထက်တန်းရောက်တဲ့အထိ၊ ပထ၀ီဘာသာအချိန်ကျလို့ မြေပုံဆွဲကြရတော့မယ်ဆိုရင် ဆရာ၊ ဆရာမတွေက ကျွန်တော့်ကိုပဲ မြေပုံဆွဲခိုင်းတတ်ပါတယ်။ ကျောက်သင်ပုန်းကြီးမှာ စာအုပ်ကို ကြည့်ပြီး ကျွန်တော်ဆွဲထားတဲ့ မြေပုံကိုမှ အတန်းထဲက ကျောင်းသားတွေက လိုက်ဆွဲကြရပါတယ်။
ဒီလိုငယ်စဉ်က မြေပုံတွေကိုဆွဲတဲ့အခါ ကျွန်တော့်စိတ်ထဲ ကမ္ဘာ့မြေပုံပဲဖြစ်ဖြစ်၊ မြန်မာ့မြေပုံပဲ ဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရင် ဘယ်လိုကွေ့ရကောက်ရမယ်၊ ဘယ်တိုက်ကြီးတွေက ဘယ်လို ပုံပန်း ရှိတယ်၊ နောက်တော့ မြစ်ကြီးတွေ၊ တောင်တန်းတွေ၊ သဲကန္တာရတွေ၊ မြို့ ကြီးတွေအထိ မှတ်မိနေခဲ့ပါတယ်။ အလွတ်ရနေခဲ့ပါတယ်။
မြေပုံတွေထဲမှာ ကျွန်တော်စိတ်အ၀င်စားဆုံးကတော့ တွင်းထွက်ရတနာများတည်ရှိ၊ ထွက်ရှိတဲ့ နေရာတွေကို ဆွဲရပြုရတဲ့အခါ တော်တော့်ကို စိတ်ဝင်စားပါတယ်။ ပျော်လည်းပျော်တယ်။ ငါကြီးလာရင် အဲဒီနေရာတွေကို သွားဖြစ်အောင်သွားကြည့်မယ်ပေါ့။ ဒါပေမဲ့လည်း မြေပုံတွေရဲ့ဆွဲဆောင်မှုနောက်ကို ကျွန်တော် မလိုက်ဖြစ်ခဲ့ပါဘူး။
ဘယ်ရတနာတွင်းရှိတဲ့နေရာကိုမှလည်း မသွားနိုင်ခဲ့ပါဘူး။ လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ ကျွန်တော့်ဘ၀က ရတနာတွင်းရှိတဲ့ဒေသတွေဆီ သွားခွင့်မပြုခဲ့ပါဘူး။
ကြီးလာတော့ မြေပုံတွေထဲကတဆင့်သိရတဲ့ ရတနာတွင်းတွေဆီ ခြေဦးမလှည့်နိုင်ပေမယ့် ကျွန်တော့်အိမ်ကလေးထဲမှာ မြေပုံတွေဝယ်ပြီး ချိတ်ပါတယ်။ အလုပ်အားတဲ့အခါ အပန်းဖြေတဲ့အနေနဲ့ မြေပုံကားချပ်တွေကိုချပြီး ကြည့်တတ်ပါတယ်။
သားတွေသမီးတွေရလာတော့လည်း မြေပုံကားချပ်တွေနဲ့ကျွန်တော် မကင်းကွာခဲ့ပါဘူး။ ကိုယ်တွင်မက သားသမီးတွေကိုပါ မြေပုံကားချပ်ဘေး သွားရပ်ခိုင်းပြီး မြေပုံထဲက သိသင့်သိထိုက်တယ်ထင်တဲ့ အရာတွေကို မှတ်သားစေပါတယ်။

တခါတလေ အလိုက်ကန်းဆိုးမသိတတ်လွန်းတဲ့ ကျွန်တော့်အကျင့်ကို ဇနီးဖြစ်သူက မြည်တွန် တောက်တီးပါတယ်။ တော့် ဘာသာ မြေပုံရောဂါထရင် ထပါ၊ သားသမီးတွေကိုတော့ တော်ရုံသင့်ရုံပဲခိုင်းပါ၊ ဒီလောက်ကြီး မနှိပ်စက်ပါနဲ့…လို့ဆိုမှပဲ ကိုယ့်အရှိန်ကို ကိုယ်ပြန်ပြီး ဘရိတ်အုပ်ရတော့တာပေါ့။

အခု…အသက်(၆၀) နီးလာပြီ။ ဘ၀အကျိုးပေးမကောင်းလို့ မိသားစုနဲ့ဝေးပြီး ခွဲနေရပေမယ့် မြေပုံတွေနဲ့ ကျွန်တော်ကတော့ ဒီကနေ့အထိ နှစ်ပါးဂဟေဆက်ထားတုန်းပါပဲ။ ကျွန်တော်အလုပ်လုပ်တဲ့ စာကြည့်တိုက်ကလေးမှာ မြေပုံတွေချိတ်ထားခဲ့ပါတယ်။ ကျွန်တော့်မိသားစုလေး ရှိနေတဲ့နေရာကအစ၊ အမေရိကန်စစ်တပ်တွေ ကသောင်းကနင်းဖြစ်နေတဲ့ အီရတ်နိုင်ငံ “ ဘဂ္ဂဒက်မြို့” အဆုံး ခဏခဏ လိုက်ကြည့်နေရတုန်းပါပဲ။

တနေ့ကတော့ မြေပုံတွေအကြောင်းရေးထားတဲ့ ကဗျာတပုဒ်ကို အမှတ်မထင် ကျွန်တော် ဖတ်ရပါ တယ်။ ဒီကဗျာကို ဖတ်တော့ လွန်ခဲ့တဲ့ တနှစ်ကျော်က ဖတ်ခဲ့ဖူးတဲ့ နောက်ထပ်ကဗျာတပုဒ်ကိုပါ ပြန်ပြီး သတိရလိုက်ပါတယ်။ အဲဒီကဗျာကလည်း မြေပုံတွေအကြောင်းရေးထားတဲ့ ကဗျာပါပဲ။ အလိုလိုမှ မြေပုံရူးသွပ်သူကျွန်တော့်မှာ ကဗျာတွေထဲက မြေပုံတွေအကြောင်းဖတ်ရတော့ စိတ်လှုပ်ရှားပြီး၊ အဲဒီကဗျာနှစ်ပုဒ်စလုံးကို သေသေချာချာကူးမှတ်ထားလိုက်ပါတယ်။
ကဗျာတွေထဲက မြေပုံတွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်ပါတယ်။ အကြိမ်ကြိမ်ဖတ်ပြီး အထပ်ထပ်အခါ စဉ်းစားပါတယ်။
ကျွန်တော်တွေ့ထားတဲ့ကဗျာတွေထဲက မြေပုံတွေဟာ၊ ကျွန်တော်ငယ်စဉ်ကတည်းက စွဲလန်းခဲ့ရတဲ့ ရတနာမြေဒေသတွေကို ညွှန်ပြတဲ့ မြေပုံတွေလိုပဲ၊ လမ်းပြမြေပုံတွေဖြစ်နေတာတွေ့ရပါတယ်။ လူတွေကို သုခနဲ့တွေ့စေမယ့်မြေပုံ၊ ဒါမှမဟုတ် ဒုက္ခနဲ့တွေ့စေမယ့် လမ်းပြမြေပုံ…ဒီသဘောပါပဲ။ တသက်လုံး နှစ်(၅၀) လောက် မြေပုံတွေနဲ့ ယဉ်ပါးလာခဲ့တဲ့ကျွန်တော်ဟာ ကဗျာထဲမှာတွေ့ရတဲ့ “ မြေပုံ ” တွေကိုတွေ့ကာမှပဲ အတွေးတချို့ကွန့် မြူး လင်းလက်လာပါတယ်။

ဒီမြေပုံအတိုင်းဆိုရင်

ကမ ၻာမွာ
စစ်ပွဲနှစ်ပွဲ ပြီးသွားတယ်
ငါတို့ မပြီးသေးဘူး။
“ စစ်ဖြစ်တော့မှာလား ”
သတင်းထောက်များ မေးတော့
“ ဘယ်နိုင်ငံနဲ့လဲ ”
ဂျော့ဂ်ျဒဗလျူဘုရှ် ဖြေတယ်။
ငါတို့ရဲ့ဟာသကလည်း ထို့အတူ
ဘယ်အရာနဲ့လဲ။
ဒီမြေပုံအတိုင်းဆိုရင်
အားလုံးသေကုန်တော့မှာပဲ။ ။

ဒါကတော့ မြန်မာကဗျာဆရာ “ စိုင်းဝင်းမြင့် ” ရဲ့ ကဗျာထဲက “ မြေပုံ ” ပါပဲ။ သူကတော့ ရှင်းပါတယ်။ သူ့ကဗျာ ထဲမှာ ပါတဲ့ “ လမ်းပြ ” မြေပုံဟာ လူတွေကို “ ဒုက္ခ ” တွေဆီ လမ်းညွှန်တဲ့ မြေပုံဖြစ်ပါသတဲ့။

အမြွှာကောင်းကင်

မျက်လုံးတွေထဲမှာ အမွှာကောင်းကင်နှစ်ခု။
တခုက ကမ္ဘာမြေရဲ့အပေါ်မှာ။
ကြယ်တွေပြည့်နှက်
ဘုရားဖူးလမ်းညွှန်မြေပုံ။
သေချာတိကျတဲ့လမ်း။
နောက်တခုက မြေကြီးအောက်မှာ။
နက်မှောင်လေးလံတဲ့ကောင်းကင်
ရတနာတွေအပြည့်
ပျောက်ဆုံးနေတဲ့ မြေပုံ
နောက်ဆုံး မျှော်လင့်မှု။

ဒီကဗျာကတော့ ချက်ကဗျာဆရာ “ ၀ပ်လ်ဒ် မာရာ ” ရဲ့ကဗျာပါ။ ချက်နဲ့ စလိုဗက် (၂) နိုင်ငံ ကတ္တီပါလမ်းမခွဲခင်တုန်းက၊ ပြီးတော့ “ ကတ္တီပါတော်လှန်ရေး ” မအောင်မြင်ခင်တုန်းက ရေးတဲ့ကဗျာပါ။
ချက်နဲ့စလိုဗက်လူမျိုးတွေ မိဒွေးတော် တပါတီ အာဏာရှင်စနစ်ရဲ့လက်အောက်က လွတ်မြောက်ဖို့ ဘယ်လိုမြေပုံမျိုးကို ရွေးကြမလဲဆိုတဲ့သဘော ရေးခဲ့တဲ့ကဗျာပါ။ စာပေစီစစ်ရေးရဲ့ မျက်စေ့ရှေ့ မှောက်မှာ ခြေဖျားထောက်ပြီးလမ်းလျှောက်နိုင်အောင်၊ “ သင်္ကေတ ” အဖွဲ့ကဗျာပါ။
ချက်နဲ့ စလိုဗက် လူမျိုးတွေဟာ ဘယ်လိုလမ်းပြမြေပုံမျိုးကို ရွေးချယ်ခဲ့ကြသလဲ။ ဒီလူမျိုးတွေ မြေပုံအရွေးမှန်လို့ အာဏာရှင်လမ်းကြောင်းပေါ်က၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ချီတက်လာနိုင်ခဲ့ ကြတယ်။
ကဗျာနှစ်ပုဒ်ထဲက “ မြေပုံသုံးချပ် ” ကို ဖတ်ရတော့ နှစ်ပေါင်းများစွာ၊ တဘ၀လုံးနဲ့ချီပြီး မြေပုံတွေနဲ့ ရူးသွပ်လာခဲ့တဲ့ ကျွန်တော်ဟာ အတွေးတချို့လင်းလက်ပြီး၊  အော်…ငါဟာဖြင့် မြေပုံတွေ မရေ မတွက်နိုင်အောင် ထိုင်ကြည့်နေခဲ့ဖူးပေမယ့် “ မြေပုံတွေရဲ့တကယ့်သဘောသဘာဝ ” ကို မဆုပ်ကိုင်နိုင်ခဲ့ပါလားလို့တွေးပြီး ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်ရပါတယ်။

တသက်လုံး မြေပုံတွေနဲ့ လက်ပွန်းတတီးနေလာခဲ့တဲ့ ကျွန်တော်ဟာ၊ မြေပုံတွေရဲ့ အကွေးအရစ်၊ အမို့အမောက်၊ မြစ်နာမည် တောင်နာမည်၊ မြို့နာမည်လောက်ကိုပဲကြည့် ပြီး၊ နိုင်ငံတွေဘယ်လို ပေါ်ပေါက် လာရတယ်၊ မြစ်တွေဘာကြောင့်ကောသွားရတယ်၊ သဲကန္တာရတွေ ဘာကြောင့် ဖြစ်လာရတယ်ဆိုတဲ့ လက်တဆုံးနှိုက်ပြီး တွေးသင့်တဲ့အထိ ရောက် မလာနိုင်ခဲ့ပါဘူး။ လမ်းပြမြေပုံတွေရဲ့အရေးပါမှုဟာ လူတွေရဲ့ဘ၀နဲ့ ဘယ်လိုပတ်သက်ဆက်စပ်နေ တယ်ဆိုတာ မသိခဲ့ပါဘူး။
တကယ့်တော့ လမ်းပြမြေပုံတိုင်းဟာ နက်နဲတဲ့အဓိပ္ပာယ်တွေရှိနေတယ်ဆိုတာ ကျွန်တော်တို့ မြင်အောင် ကြည့်တတ် ကြရပါလိမ့်မယ်။

“လမ်းပြမြေပုံ” အရွေးမမှားဖို့ အင်မတန်မှ အရေးကြီးပါတယ်။


( ဒီဆောင်းပါးရေးတာ ဆယ်နှစ်ကျော်ပါပြီ ကျွန်တော်တို့တိုင်းပြည် စစ်အာဏာရှင်ရဲ့ လမ်းပြမြေပုံ ကိစ္စ ဟိုလေးတကျော်ဖြစ်နေတဲ့အချိန်မှာ ရေးခဲ့တာပါ။ )

ငြိမ်းဝေ(ကဗျာ့အိုးဝေ)
ကိုးကား။ ။
(၁) နားနားပြီးပြော ( စိုင်းဝင်းမြင့် )
(၂) CHILD OF EUROPE
(၃) A NEW ANTHOLOGY OF EAST EUROPEAN POETRY )

Comments