သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ရွက်လှ၊ ဆောင်းဝေ(နတ်မောက်)၊ ၀ါကျဖြူ

ပြဇာတ် 
www.notey.com
 ဝေးကွာခြင်းကို ချုံ့ပစ်ဖို့
မိတ္တူစက်တလုံးလိုကျင့်ကြရအောင်
ချစ်ခြင်းရေးရာ ကဗျာရေးရာ
ကမ္ဘာရေးရာတွေနဲ့
ငါတို့
ကြီးကျယ်ချင်ယောင်ဆောင်ထားကြမယ်
ပြီးရင် ငါတို့ကိုယ် ငါတို့
ဆက်လက်ရှင်သန်နိုင်အောင် စိုက်ပျိုးကြမယ်

ညဘက်အလုပ်ဆင်းရမယ့်
ညဥ့်ငှက်မလေးတွေ
လူလေလူလွင့် လူဘော်ကြော့တွေ
ရဲအရာရှိကြီးတွေ
ဝတ္တရားနဲ့ နှလုံးသားကြား အရာအားလုံးဟာ
ထိန်းချုပ်ခံယန္တရားစနစ်ထဲမှာ
စနစ်တကျလည်ပတ်နေကြ

အကြောက်တရားကို
မူးယစ်ခြင်းနဲ့ဖုံးအုပ်ပစ်ကြဖို့
ငါတို့ရဲ့ဘေးပတ်ပတ်လည်မှာ
ဖုန်တက်နေတဲ့ စာအုပ်တွေ
၁၈ နှစ်အောက် ကလေးများမ၀င်ရ စာသားတွေ
ဆိုးရွားပျက်ယွင်းနေတဲ့ အဆုတ်ပုံ
ကပ်ထားတဲ့စီးကရက်ဘူးတွေ
ခပ်မှောင်မှောင်လမ်းထောင့်မှာ
စုပြုံပြန့်ကျဲနေတဲ့ အကာအကွယ်ပစ္စည်းတွေ

ဆိုလိုချင်တာက
ချစ်ခြင်းမေတ္တာပြီးရင်
ခင်ဗျား ဘာကိုတန်ဖိုးအထားဆုံးလဲ…

လူမှုဆက်ဆံရေးဟာ ပျံ့နှံ့လွယ်တဲ့
ဗိုင်းရပ်စ်တခု
ငွေများငွေနိုင် ရောင်းဝယ်ဖောက်ကားခံရတဲ့
ကုန်ပစ္စည်းတခု
ငတို့ ..ဒီ့ထက် ပိုနိုင်ခွင့်မရှိတော့ဘူးလား

အောက်လမ်းနည်းနဲ့
အောက်တန်းစားနည်းနဲ့
သိမ်မွေ့နေကြပုံများ
အဲ့သည်ပြဇာတ်မှာ
လူကြမ်းဟာ မျက်ရည်လည်ရွှဲနဲ့
မင်းသမီးဟာ ရိုးရိုးတန်းရဲ့
နောက်ဆုံးခုံကနေ အားပေးနေရတယ်။

ရွက်လှ

ရေရိုင်းမြေရိုင်း အလွန် ငြိမ်းချမ်းရေးနှင့် ကဗျာအင်အားစု

….

ရေခြားမြေခြား(၅) 

www.arscives.com

အခန်းတံခါးကိုဂျက်ချပြီးမှ
အခန်းထဲတယောက်ယောက်
ရောက်နေတဲ့အနံ့အသက်ကို
ငါရနေတယ်
ဒါကိုအထောက်အထားပြစရာ
ငါ့မှာမရှိ
ပျော်ရွှင်ဖို့မေ့နေခဲ့သလား
တချိန်မှာပြီးဆုံးသွားမယ့်ဇာတ်လမ်းထဲ
ကင်းဗတ်စ်ပေါ်ဆေးစက်လေးတစက်
ငါကျနေတာပဲ
ရေထဲငါးဖမ်းသလို ရွေ့လျားတိမ်တိုက်တွေကိုဖမ်းဖို့
ကောင်းကင်ထဲ ငါ့ပိုက်ကွန်ကိုပစ်ချမိ
ငှက်တွေဟာ မှန်တွေကိုထိုးခွဲရောက်ရှိလာပြီး
အိပ်ပျော်နေတဲ့လူတယောက်ဆီက
မက်နေဆဲအိပ်မက်တွေကို
ထိုးဆိတ်စားသောက်နေကြတယ်
ကြက်သွန်လှီးနေရင်းနဲ့ လက်ကိုဓားထိတယ်
ဆက်ပျံသန်းလိုက်ရမလား
လေယာဉ်ကလေထဲတန့်နေတယ်
ဝေးသွားမှ ပိုနီးသလိုဖြစ်ဖြစ်နေတယ်
နီးလွန်းရင်လည်း အရိုးချင်းထိုးမိနေတယ်
ငါဘာပြောချင်နေတာလဲဆိုတာလည်း
ငါမသိတော့
ကြိုးပြတ်စွန်ဟာ
လေထဲဝဲနေတယ် ။ ။

ဆောင်းဝေ(နတ်မောက်)
12.6.2016

အိပ်စ်ပါရာသံဗူးတလုံးထဲက ရက်လွန်ဒဏ်ကြေးထိနေတဲ့လူ

milenaolesinska.blogspot.com
 
ငွေ့ငွေ့လေးပူနေတဲ့
တမနက်ခင်းစဖွင့်လိုက်တာနဲ့
နေရောင်ဟာကြိုတင်ပြီး
အငွေ့တလူလူနဲ့ဇကာပေါက်တွေဖြစ်ဖို့
တောက်လောင်ပစ်ခဲ့ ။
အမေ့ကိုယ်ဝန်ဟာ
မြုံနေတဲ့ခေတ်ကြီးထဲမှာ
စစ်ဘေးစစ်ဒဏ်သင့်ခဲ့ရတာဆိုတော့
ရက်လွန်ဒဏ်ကြေးတွေနဲ့ပေါင်းပြီး
အိပ်စ်ပါရာဖြစ်နေတဲ့တဘဝကို
ခွဲထုတ်ပစ်လိုက်တယ် ။
မွေးရာပါချို့ယွင်းချက်နဲ့ပစ်မှတ်တွေရဲ့အလယ်ခေါင်မှာ
ရာသီဆိုးရွာကလေးထဲက စကားသံတိုးတိုးလေးဆိုတတ်တဲ့
အိမ်ကလေးမှာ
ခေတ်ကိုအလျားလိုက်လျှာကိုဖြန့်ခင်းဖို့
အမြဲတမ်းမီးထတောက်လောင်နေတတ်တဲ့ရင်အစုံ
လေလာရာမျှော်လင့်လိုက်မိလေတိုင်း
မီးတောက်တွေကပိုကြီးထွားလာခဲ့ ။
တနေ့တော့
ကျမကအမေရယ်လို့
စလုံးနှစ်လုံးကြားကစစ်ဆိုတဲ့ဝါကျရဲ့အလယ်ခေါင်မှာများ အချင်းတိုင်မြှပ်နှံခဲ့လေသလားလို့မေးကြည့်မိတယ် ။
အမေက တသက်လုံးပိုင်ဆိုင်ထားတဲ့
ရီဝေတဲ့မျက်လုံးအစုံနဲ့ ဟိုးအဝေးက...
တောင်ကုန်းနှစ်ခုရဲ့အလယ်ကလျှိုမြောင်ကို ငေးကြည့်နေတယ်
ကျမကိုဘာမှပြန်မပြောခဲ့ဘူး
ဒါပေမဲ့...အဲဒီမျက်ဝန်းနဲ့ ကျမနှလုံးသားကိုဆွဲနှုတ်ပစ်လိုက်တယ် ။
အဲဒီနေရာဟာ
ကျမ မမီလိုက်တဲ့နေ့ရက်များဆီက
အဖေနဲ့အတူ
ရွာသားအချို့ သေဆုံးသွားတဲ့နေရာလို့ထင်ပါရဲ့လေ ။

ဝါကျဖြူ
14.06.2016
….


Comments