သစ်ခက်သံလွင်ကဗျာစင်မြင့်၊ မောင်ကြူးရင့်၊ ဘုန်းသက်ပိုင်၊ သိင်္ဂါလှိုင်၊ လူခက်

အချစ်ကိုဆေးတို့ကြည့်ခြင်း
 
www.pinterest.com
နွေဟာ ရိုးတံကျဲကျဲနဲ့ အထီးကျန်လို့
အချစ်ကိုသစ်စိမ်းချိုးအချိုးခံလိုက်ရသလို
အပြီးအပိုင်ခရီးထွက်သွားတဲ့ အချစ်မှာ
နူးညံ့နှလုံးသားနဲ့ အချစ်သစ်ပင်ဟာ
ပူလောင်လို့သွေ့ခြောက်လို့ ကျီးပေါင်းတက်လို့

မိုးရွာပြီးစအချစ်မှာ
အပူရောင်ပန်းသီးနေလုံးဟာ
တိမ်ထူထူတွေရဲ့နောက်ကွယ်မှာေ
ပင်စင်စားလူအိုတယောက်လို ငြိမ်သက်လို့
ဝါးပင်ကလေးတွေ စိမ်းလို့ စိုလို့
သစ်ပင်အုပ်တွေဟာလည်း စိမ်းလို့စိုလို့
ငှက်ကလေးတွေရဲ့တေးသံကလည်း သာလို့
ရွက်လှပင်ကြီးရဲ့အရွက်တွေကလည်း ဝင်းလို့ပလို့
သည်အချိန်အချစ်ဟာ စိမ်းလို့စိုလို့ နူးလို့ ညံ့လို့

မောင်ကြူးရင့်
၁၅ . ၆ . ၂၀၁၆

(မိုးရွာပြီးစမြင်ကွင်းကိုအချစ်နဲ့ ဆေးတို့ကြည့်ခြင်း)


အုံ့ပုန်း

www.pinterest.com

 သူ့ဟာသူလင်းနေတဲ့
လမင်းကို အကြောင်းမဲ့ငေးတယ်။
သက်ပြင်းကို ခဏခဏချတယ်။
ထိုင်တယ် ထိုင်နေလို့မရ၊
တတယ်  ထနေလို့မရ
ဘာမှ အဆင်မပြေ
သူ့နာမည်လေး ပွန်းပဲ့သွားမှာစိုးလို့
ဖြည်းဖြည်းဖွဖွ ရွတ်မိတယ်
မွန်းကျပ်လာတယ်ထင်တော့
တံခါးကိုဖွင့်မိတယ် အဆင်မပြေဘူး
ပြီးတော့ ပြန်ပိတ်တယ်
အဆင်မပြေဘူး
နျူကလီယားစက်ခလုတ်ခုံကို ကိုင်တွယ်သလို
သူ့ဓာတ်ပုံလေးကို သတိကြီးကြီးနဲ့
ထုတ်ကြည့်တယ်
ခိုးချောင်ခိုးဝှက်
ခြေသံကြားတိုင်း
ခွေးတကောင်လို ခေါင်းထောင်ကြည့်မိ
ဘာမှအဆင်မပြေဘူး
ကော်ဖီတစ်ခွက်ဖျော်တယ်
အဆင်မပြေဘူး
သီချင်းနားထောင်တယ် အဆင်မပြေဘူး
ဝင်အိပ်တယ် အဆင်မပြေဘူး
ချောင်းဆိုးသလို၊ မီးခိုးလို
ဒီအချစ်စိတ်ကို ဖုံးဖိထားလို့မရဘူးဆိုတော့
ဒီလိုပဲ ဘာလုပ်လုပ်အဆင်မပြေ
ဒီလိုပဲ ယောက်ယတ်ခတ်နေတာပေါ့။

ဘုန်းသက်ပိုင်
၂၀၀၆



ဆူညံနေတဲ့အခန်းထဲမှာ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေခဲ့တယ်

www.ideelart.com
 အင်ဂျင်တွေ ကဆုန်ပေါက်နေတဲ့အခန်းထဲ
နားစည်ကွဲမတတ် ပေါက်ကွဲလွင့်ထွက်နေရဲ့
အဖော်မရှိ အကူမရှိ တယောက်ထဲ
ဆီပေအဝတ်တစ ဂွ(ခွ)တလက်နဲ့အလုပ်များနေခဲ့
နေ့ရက်များ
တခုလိုချင် တခုပေးရတဲ့နိယာမမှာ
ကိုယ့်မျိုးဆက် အညွှန့်ဝေဖို့ လိုလိုချင်ချင် ပေးဆပ်လိုက်တယ်
ဒီလို ကိုယ့်ရွေးခြယ်လိုက်တဲ့အနာဂတ်စိုက်ပျိုးခြင်းမှာ
အိမ်ဝေး မြေဝေးနဲ့ဘဝက
အပြစ်မရှိဘဲ အပြစ်ရှိသူတယောက်လို
ရေထောင်မှာ အသံဆူညံသံနဲ့ အလုပ်ကြမ်းကျခံနေရတယ်
လောဘမီးတောက်လောင်သရွေ့ ။

သိင်္ဂါလှိုင်
22022015
18:34



ဘာမှမတန်တဲ့ကဗျာ
www.tumblr.com
 ပင်လယ်ပြင်ထဲ ခုန်ပျံနေတဲ့လရောင်လောက်

ကြယ်ငါးတွေက မတင့်တယ်

အလင်းပေါ်စ နေခြည်မဖြာခင်ထိတော့

ကြက်တွန်သံက နာရီစင်ထက်မြင့်တယ်

အရိုးချင်းခေါက်တာ မျက်လှည့်ဆရာရဲ့ဝမ်းစာ

ခေါက်ရိုးကြေနေတာတွေ မီးပူတိုက်

ငါတို့နဲ့ ငါတို့ရဲ့ကြားမှာ လက်ညှိုးတွေချိုး

စကားတွေပြောခဲ့ကြတယ်

ရင်ဘတ်တွေကို နက်ဝက်ချိတ်

ကွန်ရက်ကို ခြမစားမှကောင်းမယ်

မင်းတို့ပါးစပ်က ကျည်ဆန်တွေ

ငါတို့နားကို လာလာထိတယ်

လေပူပေါင်းလို စိတ်ဓာတ်နဲ့ အိတ်ကပ်ကို

လာပုတ်မပြပါနဲ့

ငါတို့မနက်စာ ထမင်းချိုင့်တွေအခွံ

အပေါက်ချင်းထပ်နေတဲ့ အမိုးအောက်က

ကလေးတွေနို့ဘူးပျောက်

အာမခံမရှိတဲ့ အစာအိမ်တွေ

လမ်းမကြီးပေါ် လိမ့်လို့

ဟောဒီ့ ကဗျာဟာ ဘာမှမတန်ကြောင်း

အာမခံပါသည်

လူခက်

Comments