သစ်ခက်သံလွင် ၀တ္ထုတို- မိုးသက်ဟန်ရဲ့ မပျော်ရွှင်ခြင်းနိုင်ငံ



 ပျော်ရွှင်ခြင်းနိုင်ငံ
www.pinterest.com


" မပျော်ရွှင်ခြင်းလူသားငယ်တွေကို သူတို့ကြိုက်သလိုကစားလို့ရမယ် ဆိုတာ ဗေဒင်တောင်မမေးဘဲ သိနေကြတယ်။ မပျော်ရွှင်ခြင်းပါကင်အတွက် သူတို့ရောက်လာကြပါပြီ။ ကြိုက်တဲ့ဈေးခေါ်ကြပေတော့။  အရင်းရှင်စနစ်ဆိုတာ အရင်းကြီးတဲ့ တုတ်တချောင်းပဲ။ ပြင်ဆင်ပါ၊ ပြုပြင်ပါ၊ မင်္ဂလာပါ၊ ၀င်လာပါ "

-------------------------------------------------------------------------------------------------------
 
(၁)


မပျော်ရွှင်ခြင်းနိုင်ငံက လူတွေဟာ မပျော်ရွှင်ခြင်း သစ်သီးတွေကို စားကြတယ်။ မပျော်ရွှင်ခြင်းသစ်ပင် တွေဟာ နေရာအနှံ့ ပေါက်ရောက်ဖြစ်ထွန်းနေကြတယ်။ မပျော်ရွှင်ခြင်း နိုင်ငံရဲ့ရုံးသုံး ဘာသာစကား ထဲမှာ ပျော်ရွှင်ခင်းဆိုတဲ့ စကားလုံး လုံးဝမပါဘူး။ မပျော်ရွှင်ခြင်းသစ်သီးတွေကို မပျော်ရွှင်တဲ့လူတွေက စားသုံးပြီး မပျော်ရွှင်ခြင်းဗီတာမင်တွေကို ရရှိနေကြတယ်။

                                              
      ပျော်              ပျော်                ပျော်
      ရွှင်                 ရွှင်                  ရွှင်
     ခြင်း                ခြင်း                 ခြင်း
                       သစ်သီး
                       လူသား
                       နိုင်ငံ


(၂)


တဖက်က လောင်ချာနဲ့ထုလိုက်တယ်။ ၀ုန်းခနဲ၊ ဂျိမ်းခနဲမြည်ပြီး မြေကြီးတွေ ဖွာလန်ကျဲ ထွက်။ ခြေထောက်တွေ၊ လက်တွေ၊ ခေါင်းတွေ မိုးပေါ်ပျံတက်သွားတယ်။ သွေးတွေ ရဲခနဲ။ လူတွေ အလဲလဲအပြိုပြို ပြေးလွှားနေကြ။ သစ်ပင်တွေ မျက်ရည်လည်ရွဲ ငိုယိုနေကြ။ လောင်ချာသံတွေ၊ အမြောက်သံတွေ တလုံးပြီးတလုံး ပေါက်ကွဲလျက်။ ခြေထောက်တွေ၊ လက်တွေ၊ ခေါင်းတွေ မိုးပေါ် ပျံတက်သွားလျက်။ ဒဏ်ရာတွေနဲ့မြေကြီးဟာ မြန်မြန် အသက်ထွက်ပါရစေဆိုတဲ့ ဆုတောင်း စကားကို တတွတ်တွတ် ဆိုလို့နေတယ်။
        သွေးတွေ၊ အသက်တွေကို စားသုံးထားတဲ့ ကျည်ဆန်ခွံတွေကို ဘုရားဆင်းတုထုလုပ်ပူဇော် ကြတယ်။ အမြောက်ကျည်ခွံတွေက ပန်းအိုးတွေအဖြစ် သူတို့ရဲ့အသုံးဝင်မှုကိုပေးနေသေးတယ်။
       နောက်တော့ လောင်ချာတွေ၊ အမြောက်တွေ တ၀ုန်းဝုန်းကျရောက်လာပြန်တယ်။ မြေကြီးတွေ ဖွာခနဲ ဖွာခနဲ။


   (၃)


 နိုင်ငံတကာ  ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တဖွဲ့ဟာ စစ်ဘေးဒဏ်ကနေ လွတ်မြောက်လာသူ တဦးကို ပြန်လည်ကုသဖို့ ပြင်ဆင်နေတယ်။ သူ့ရဲ့ဘာသာစကားကို သူတို့နားမလည်ကြဘူး။ သူ စကားလည်း သိပ်မပြောဘူး။ သူ့အသံက ဒဏ်ရာရထားတဲ့တိရစ္ဆာန်တကောင်ရဲ့အသံလို တိုးညင်း ဖျော့တော့လို့နေတယ်။ ဆရာဝန်တွေက သူ့ကို အော်ပရေးရှင်းမလုပ်မီ ဦးနှောက်စကန် ဖတ်ကြည့်ကြတယ်။
သူ့ခေါင်းထဲမှာ လောင်ချာသံတွေ၊ အမောက်သံတွေ။ နှစ်ပေါင်း ခြောက်ဆယ်ကျော် စာလောက် ရှိလို့နေတယ်။ ဆရာဝန်တွေဟာ ကြောက်လန့်တကြား နားတွေကို ပိတ်လိုက်တယ်။ မပျော်ရွှင်ခြင်း နိုင်ငံသားရဲ့နှလုံးခုန်သံကို သူတို့ကြောက်နေကြတယ်။


 (၄)


  တိမ်တွေ မလှတာကို တရားနဲ့ဖြေပါ။ သင့်ပတ်ဝန်းကျင် မတိုးတက်တာကို တရားနဲ့ဖြေပါ။ သင့် အမျိုးတွေ မကြီးပွားသေးတာကို တရားနဲ့ဖြေပါ။ လူအချင်းချင်း ခေါင်းပုံဖြတ်သူတွေကြီးပွားနေတာ ကိုလည်း တရားနဲ့ဖြေပါ။ သင်မကြိုက်တဲ့လူ ရပ်ကွက်ဥက္ကဋ္ဌ ဖြစ်နေတာကိုလည်း တရားနဲ့ဖြေပါ။ သင် ကားမစီးနိုင်သေးပေမယ့် နေ့စဉ်နဲ့အမျှ ကားတိုက်ခံရမယ့် ရာခိုင်နှုန်းများနေတာကိုလည်း တရားနဲ့ ဖြေပါ။ သင့် သားသမီး ကျောင်းစားရိတ်အတွက် ခေါင်းစားနေရတာကိုလည်း တရားနဲ့ဖြေပါ။ နေထိုင် မကောင်းလို့ ဆေးရုံမှာ ဆေးဖိုးမတတ်နိုင်၊ သေမယ့် အချိန်စောင့်နေရရင်လည်း တရားနဲ့ဖြေပါ။ သင့်လိုလူတွေ လောကမှာ အများကြီးရှိနေတာကိုလည်း တရားနဲ့ဖြေပါ။ အစစအရာရာကို တရားနဲ့ဖြေပါ။


 (၅)


ကွမ်းတံထွေးဟာ လမ်းပေါ် ပျစ်ခနဲရောက်ချလာ။ ထွေးသူကားသမားဟာ ခပ်တည်တည်ကြီးနဲ့ရှေ့ဆက်လို့ ချီတက်သွားတယ်။ လမ်းမပေါ်မှာ ရဲခနဲ။ ဒီလမ်းမပေါ်မှာ မကြာခဏ ဆိုသလို အနီရောင်တွေ စွန်းထင်းတယ်။ သမိုင်းစာအုပ်မှာ အနီတွေတောက်လွန်းတယ်။ မခံမရပ်နိုင် လောက်အောင်ပဲ။  မျက်လုံးတွေ မှိတ်ထားလိုက်ရတယ်။ မျက်စေ့ စူးလွန်းလို့။ နားတွေ ပိတ်ထားလိုက်ရတယ်။ ငိုသံတွေ ညံလွန်းလို့။ စာအုပ်ထဲက သမိုင်းလူသားတွေ ဟာ စာအုပ်ထဲမှာ လှုပ်ရွအသက်ဝင်နေသလို အပြင်ကတပည့်တွေကို လမ်း ညွှန်မှုတွေ ပေးနေသေးတယ်။
   ဒီစာအုပ်ကို ပိတ်လိုက်ပါ။ အပြီးတိုင် မီးရှို့ပစ်ပါ။ နောင်လာနောင်သားများ ပျော်ရွှင်မှုရရှိအောင်ပါ။


(၆)


       မပျော်ရွှင်ခြင်း သစ်သီးတွေကို နိုင်ငံတကာ တင်ပို့ရောင်းချတဲ့အခါ ရောင်းကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးအရမ်းပေါတယ်။ လိုသလောက်ရနိုင်တယ်။ ခိုင်းကောင်းတယ်။ ထားရာနေ၊စေရာသွားပဲ။ ဘယ်တော့မှ စောဒက မတက်ဘူး။ ဒီတော့ မပျော်ရွှင်ခြင်းသစ်သီးတွေကို အိမ်နီးချင်းနိုင်ငံတွေက အားတက်သရော မှာယူ သုံးစွဲကြတယ်။ သူတို့လုပ်အားနဲ့ရထားတဲ့ ဈေးပေါပေါ ပစ္စည်းတွေကို မပျော်ရွှင်ခြင်းနိုင်ငံထဲကိုပဲ အမြတ်တွေ တင်လို့ရောင်းရပြန်တယ်။ ကုန်ကြမ်းဆိုလည်း သူတို့ဆီက ရတာပဲ။ ဒီတော့ အိမ်နီးချင်းတွေဟာ မပျော်ရွှင်ခြင်းနိုင်ငံက ဘဲကြီးတွေကို အရမ်းချစ် ကြတယ်။ မပျော်ရွှင်ခြင်းလူသားလေးတွေကို ထုတ်လုပ်ပေးနေတာကြောင့် ဆုတံဆိပ်တွေ ချီးမြှင့်ကြတယ်။ ဒီခေတ်မှာ သူတို့တောင် မထုတ်လုပ်နိုင်တော့တဲ့ မပျော်ရွှင်ခြင်း လူသားလေးတွေဟာ ကမ္ဘာ့ တန်ဖိုးကြီး ပစ္စည်းတွေပဲ။ ကမ္ဘာပေါ်မှာ နိုင်ငံနည်းနည်းလောက်ကပဲ ထုတ်လုပ်နေနိုင်ကြတာမဟုတ်လား။
        မပျော်ရွှင်ခြင်း သစ်သီးတွေ တန်းစီ။


 (၇)


  “မင်္ဂလာပါ မပျော်ရွှင်ခြင်းနိုင်ငံ” လို့ ပြောပြီး သူတို့လာကြတယ်။ စီးပွားရှာလို့ကောင်းမယ့် အပြင် လုပ်ကွက် အသစ်တွေရှိနေတာကြောင့် အပျိုစင်မြေလို့တောင် ခေါ်နေကြလေရဲ့။ သဘောကတော့ ပါကင်ပေါ့။ ပါကင်ကိုသူတို့တွေဖောက်ဖို့ အပြိုင်အဆိုင်လာနေကြပြီ။ လေယာဉ်တွေတောင် မချိမပြဲ တင်ဆောင်နေကြရတယ်။ မပျော်ရွှင်ခြင်းလူသားငယ်တွေကို သူတို့ကြိုက်သလိုကစားလို့ရမယ် ဆိုတာ ဗေဒင်တောင်မမေးဘဲ သိနေကြတယ်။ မပျော်ရွှင်ခြင်းပါကင်အတွက် သူတို့ရောက်လာကြပါပြီ။ ကြိုက်တဲ့ဈေးခေါ်ကြပေတော့။  အရင်းရှင်စနစ်ဆိုတာ အရင်းကြီးတဲ့ တုတ်တချောင်းပဲ။ ပြင်ဆင်ပါ၊ ပြုပြင်ပါ၊ မင်္ဂလာပါ၊ ၀င်လာပါ။


(၈)

သေချာပါတယ်။ မပျော်ရွှင်ခြင်း လူသားငယ်လေးတွေဟာ အန်နီမေးရှင်း အရုပ်လေးတွေလို လှုပ်တီး လှုပ်တုတ်နဲ့။ ဒီအရုပ်တွေကို ဆေးထိုးလိုက်တယ်။ အကြီးကြီးဖြစ်လာကြတယ်။ အကောင်ကြီးတော့ ပိုလေးလာတယ်။ ပိုလေးလာတော့ မလှုပ်ရှားနိုင်တော့ဘူး။ အသီးတွေ ပိုကြီးလာတယ်။ သစ်ပင်တွေလည်း ပိုကြီးလာတယ်။ မပျော်ရွှင်မှုမိုးကောင်းကင်ဟာ ကျယ်ပြော လာတယ်။ လူတွေက သစ်ပင်ပေါ်တက်လိုက်၊ သစ်ပင်က လူတွေပေါ်တက်လိုက် ရှုပ်ထွေးမှုဟာ ကြီးမားသထက်ကြီးမားလို့။ ဒီဇာတ်ခုံပေါ်မှာ ဘာတွေ မှန်း မသိတဲ့ အရာတွေ ပါလာသလို၊ ဖန်တရာတေပြီးသား ဇာတ်ကွက်တွေလည်း ပြန်အသုံးပြုကြတယ်။ မပျော်ရွှင်ခြင်းလူသားလေး တစ်ယောက် ဇာတ်စင်ပေါ်ကနေ လှမ်းမေးတယ်။
    “ မိတ်ဆွေ ခင်ဗျားဘယ်ရောက်နေတာလဲ” တဲ့။
                                                                

မိုးသက်ဟန်
                                                               
(၂၃၊၉၊၂၀၁၃)







            
 

Comments