သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ငြိမ်းဝေ(ကဗျာ့အိုးဝေ)၊ လင်းခါး၊ တင်လတ်ကို၊ ဇော်ခါး


တိမ်ပူးတဲ့ရောဂါ
 
www.pinterest.com

တိမ်တွေဟာ
အရမ်းကို လွတ်လပ်တယ်
တိမ်တွေက
အစွန်းရောက် ဗဟုဝါဒီတွေပဲ
တိမ်တွေကို ငေးကြည့်ရုံနဲ့ ငါ့ နှလုံးသားတွေ
တရှဲရှဲနဲ့ ကျက်သွားရတယ်
တိမ်တွေက တိမ်အချင်းချင်းပဲ စကားပြောသွားကြတယ်
တိမ်အချင်းချင်းပဲ ချစ်သွားကြတယ်
တိမ်တွေဟာ ဒက်ခနဲရပ်တန့်သွားကြပြီး
ဝေါခနဲ ဖြိုချလိုက်ကြတယ်
ငါဟာ
နဝေတိမ်တောင် တိမ်ပဲ
စောစောစီးစီး ငါ တိမ်တွေနဲ့ စစ်ဖြစ်လိုက် ချစ်လိုက်
ခါးတစ်ခွင်လိုက် ကန်ချလိုက်
လက်တို့လိုက် မေးငေါ့လိုက်
လူတွေကို အပေါ်စီးက ကြည့်ရတာ အရသာရှိတယ်
လူတွေပေါ် ခေါင်းစောက်ထိုး ဆင်းချလိုက်ရတာ အရသာရှိတယ်
ရသအသစ်
အထိအတွေ့အသစ်
နိတ္ထိတံခြင်းအသစ်
ပဋ္ဌာန်းဆက်အသစ်
ဒီလိုနဲ့
အထပ်တစ်ရာ
တောင်တွေပေါ် ငါ သွားချင်နေပြန်ပြီ
တိမ်တွေရှိရာ
နေရောင်ခြည်တွေ တံကျင်လျှိုထိုးထားတဲ့နေရာ
ဟိုး
ခတ်ဝေးဝေးက တောအုပ်တွေနဲ့ဘောင်ကျစ်ထားတဲ့နေရာ
တိမ်တွေ တောကစားထွက်တဲ့
အဲဒီနေရာ။ ။

ငြိမ်းဝေ (ကဗျာ့အိုးဝေ)
၂၈၊ ၅၊ ၂၀၁၆
နံနက် ၈: ၃၅



ရခဲလှတဲ့ ပေါင်မုန့်ကို ဇိမ်ခံပြီး ထောပတ်သုတ်သူတွေ ဖတ်ဖို့

 
stanley-spencer.blogspot.com,

ငါ မျက်လုံးကိုပိတ်တယ်
မျက်လုံးကို လက်နဲ့ထပ်ပိတ်တယ်
နေ့ခင်းကြီး မှောင်သွားမှ ငါ စဉ်းစား

ယောဂီတွေ တရားထိုင်တဲ့အခါသုံးတဲ့
ထိုင်ဖုံနီနီနှစ်ခု ပေါ်မှာ
အဲဒီ စကားလုံး အတွဲအစပ်တွေနဲ့
ဝါကျတွေ
အဲဒီတုန်းက နောက်ကျောတွေ
အဲဒီတုန်းကပဲ
မိန်းမကိုကြောက်လို့ ရူးချင်ယောင်ဆောင်နေတဲ့
ဝဋ်ကြီးသူ နတ်သားရယ်
အဲဒီတုန်းက
ဆောင်းတွင်းကြီး ငါ စွတ်ရေချိုးပေးလို့
အအေးမိသေသွားတဲ့ ခွေးလေးရယ်
အရှင်လတ်လတ် ငါ မြင်တယ်

ငါ ဟိုကောင့်ဝမ်းရော ဒီကောင့်ဝမ်းရော
ဝင်ခဲ့ပြီးပြီ
ချီးစော်နံတာပဲ အဖတ်တင်ခဲ့
စိန်ပန်းတွေက ရဲရဲ
မိုးတွေကလည်း တဖွဲဖွဲ

ငါ မှန်တယ် ဆိုတဲ့အကြောင်း
ငါ့လို ဝဋ်ကြီးသူတွေ တနေ့ပြောလိမ့်မယ်။

လင်းခါး
မေ ၂၇၊ ၂၀၁၆


ကလေးစားပွဲထိုး
 
zuzamodernart.com

နာမည်

ဇင်ကိုထွေး



အသက်

၁၁ နှစ်ထင်တယ်



ဘယ်ကလာတာလဲ

မြစ်ဝကျွန်းပေါ်



ဘယ်နှတန်းထိ နေဖူးလဲ

ကျောင်းမနေချင်ဘူးလား

မနေဖူးဘူး

မနေချင်ပါဘူး



ဘာလို့

ပိုက်ဆံမှံမရတာ




ဘယ်လောက်ရလဲ

စရိတ်ငြိမ်း လေးသောင်း။




ပျော်လား

အင်း

ဆိုင်ရှင်သဘောကောင်းရင်တော့ ပျော်ပါတယ်။ ။

တင်လတ်ကို




 ကျောက်ဖြစ်ရုပ်ကြွင်း
 
www.frieze.com

လယ်ကွင်းပြင်တွေ အိပ်တန်းတက်
ထွန်ရေးမညက်တဲ့ စပါးတစ်နှံမှာ
ကိုယ်ကျင့်တရားဟာ
လူသားအဆိပ့်သင့်နေ။

မြို့ပိန်ကလေး အော့အန်နေ
ဒုစရိုက်မှု
အကျင့်ပျက်ခြစားမှု
ဖိနှိပ်မှု
ခေါင်းပုံဖြတ်မှု
ငတ်မွတ်ခေါင်းပါးမှုတွေ
ညက်ညက်မဝါးပဲ
မြိုချမိလို့ထင်ရဲ့။

လူ့အခွင့်အရေးဟာ ဖျားနာလို့
ကြွေးကြော်သံတွေညှစ်ထုတ်ကြ
နာတာရှည်တော်လှန်ရေးမှာ
ပုလင်းကွဲရှတာဟာ
သမိုင်းမဟုတ်တဲ့အကြောင်း
စုတ်ချက်ပြင်းပြင်းနဲ့ရေးကြစမ်းပါ
ဖြေဆေးမဲ့ လောကဓံတခွက်
အပြုံးမပျက် သောက်ပြမယ်။


ဇော်ခါး
( ရေရိုင်းမြေရိုင်းအလွန် ကဗျာနှင့် ငြိမ်းချမ်းရေးအင်အားစုမှ…)

Comments