သူ - မောင်ကြူးရင့် (ခင်လွန်းသို့)


သူ 
www.etsy.com
 
သူအတိတ်ကိုကြယ်ငေးသလို
ငေးကြည့်လိုက်တယ်
မီးကျွမ်းသစ်ငုတ်နဲ့ကြယ်ကြွေတောကြီး
တောင်ပေါ်လမ်းလိုတံစဉ်ကွေးအကွေ့နဲ့
နံရံတွေနဲ့ အနက်ရောင်ချောက်နက်တွေနဲ့
အခက်အခဲမှာ အသက်လဲခဲ့တယ်
အကျဉ်းအကြပ်မှာ အလင်းငတ်ခဲ့တယ်
ရွှေရောင်တောင်ကုန်းနဲ့ဝေးခဲ့တယ်
အကျအဆုံးနဲ့ ငှက်တကောင်လို
ကျွန်းတကျွန်းရောက်အောင်ပျံသန်းခဲ့တယ်
အဲ့ဒီ့ကျွန်းကလေးပေါ်မှာ
ကမ်းဝေးကြိုးကြာ ခံတပ်တခုဆောက်ခဲ့တယ်
အမှားအားကောင်းတဲ့အခါ
အမှန်ဟာ ယာယီကျဆုံးတာသဘာဝပဲ
အဲ့ဒီ့ခံတပ်ကနေစွန့်လွှတ်ထွက်ခွာလာခဲ့ပြီ
ငှက်ဆိုတာက ပျံရင်းသေရမှာပဲ
လူဆိုတာကလည်း အမှန်ကိုဖက်ပြီးသေရမှာပဲ
ဒီကနေ့ကမ္ဘာကြီး ပိုပြီးလှပအောင်
ဒီကနေ့ လူသားတွေ လွတ်လပ်ပျော်ရွှင်အောင်
ဒီကနေ့ ကမ္ဘာကြီးမှာ ဘာအရေးအကြီးဆုံးလဲ
ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလူ့ဘောင်
သစ်တည်ဆောက်ဖို့ပဲ
ဒီကနေ့ ဒီထက်အရေးကြီးတာဘာရှိဦးမှာလဲ
ဒါနဲ့သူ အဲ့ဒီ့ကျွန်းကလေးပေါ်မှာ
သစ်ခက်သံလွင် ခံတပ်တခု ထပ်တည်ဆောက်လိုက်တယ်
ဒီခံတပ်ဟာနောင်မှာ လူသားတွေရဲ့
ဝင်းပတဲ့ငြိမ်းချမ်းရေးနယ်မြေသစ်ဖြစ်လိမ့်မယ်

မောင်ကြူးရင့်
၁၆.၅.၂၀၁၆
ကဗျာဆရာ
ခင်လွန်းသို့

Comments