သစ်ခက်သံလွင် ကဗျာစင်မြင့် (၃)ဦး၊ မြတ်လှိုင်း၊ ရင်နီ၊ ခက်သီ


ဒီမြေကြီးပေါ်မှာ
abstractcritical.com

 ငါတို့ဟာ
မြေကြီးပေါ်မှာ ရပ်နေကြတယ်
ငါတို့ရပ်နေတဲ့ မြေကြီးဟာ
၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီ ထက်ပိုထူးခြားပြီး
တိမ်းစောင်းမနေခဲ့ဘူး
ဒီမြေကြီးဟာ နယ်မြေအကန့်အသတ်ရှိတယ်
ဒီမြေကြီးဟာ ငါတို့ပိုင်တယ်။

ဒီမြေကြီးဟာ
အဓမ္မလုယူခံခဲ့ရတယ်
ငါတို့ ပြန်လုယူခဲ့ရတယ်။

ဒီမြေကြီးကို
ဒီမြေကြီးပေါ်မှာရပ်နေသူတွေ အချင်းချင်း
ရပ်တည်မူတွေ ကွဲပြားခဲ့ကြတယ်
အယူအဆတွေ ခြားနားခဲ့တယ်
အနာဂတ်ပုံရေးဆွဲချင်သူတွေ မတူညီခဲ့ကြဘူး
စကားလုံးတွေနဲ့ပစ်ပေါက်ခဲ့ကြတယ်
သေနတ်တွေနဲ့ အသက်တွေစတေးခဲ့ကြတယ်
ဗုံးတွေဖောက်ပြီးဖျက်ဆီးခဲ့ကြတယ်
အချင်းချင်းနောက်ကျော ဓားနဲ့ထိုးခဲ့ကြတယ်
အရှေ့ဘက်ကိုဦးတည်လျှောက်လှမ်းနေသူတွေရှိခဲ့ကြတယ်
ဆက်ပြီးလမ်းလျှောက်ရင်း
လမ်းသစ်ဖောက်သူတွေရှိနေကြ၊ ရှိလာကြဦးမယ်
ရပ်နေသူတွေရှိခဲ့ကြ၊ ရှိနေကြတယ်၊ ရှိနေကြဦးမယ်
နောက်ချန်သူတွေ ကျန်ခဲ့ကြလိမ့်မယ်။

ဒီမြေကြီးပေါ်မှာ
လူသေသင်္ချိုင်းတွေရှိတယ်
လူမသေတဲ့အမည်နာမ သမိုင်းမှတ်တိုင်တွေ စိုက်ထူထားတယ်။

မြေကြီးပေါ်မှာ
မေ့မေ့ပျောက်ပျောက်နဲ့ပျောက်သွားတဲ့ ဇာတ်လမ်းတွေရှိတယ်
မေ့ဖျောက်ပစ်လိုက်တဲ့ ဇာတ်လမ်းတွေ ရှိတယ်
မမေ့ဖျောက်နိုင်တဲ့ဇာတ်လမ်းတွေ ရှိတယ်။

ဒီမြေကြီးပေါ်မှာ
လောဘတွေ တမြေ့မြေ့လောင်ကျွမ်းနေခဲ့တယ်
ဒေါသတွေ တဟုန်းဟုန်းတောက်လောင်ခဲ့တယ်
မောဟတွေ အခိုးအငွေ့ကြားမှာမှောင်မှိုင်းနေခဲ့တယ်
ပရဟိတ လက်အချင်းချင်းတွဲခဲ့ကြတယ်
ဂရုဏာလက်နဲ့ ဖေးမခဲ့ကြတယ်
မေတ္တာလက်နဲ့ ကူးစက်ခဲ့ကြတယ်။

ဒီမြေကြီးပေါ်မှာ
ပရိယာယ်တွေနဲ့ဆင်ထားတဲ့ထောင်ချောက်တွေရှိတယ်
မာယာတွေကလှည့်ဖျားတတ်ကြတယ်
ဗျူဟာတွေနဲ့ စစ်တုရင်ထိုးနေကြတယ်
ဒီမြေပေါ်က လူတွေကို
မြင်းပွဲမှာလောင်းကြေးထပ်တာလည်း ရှိခဲ့တယ်
ဘယ်သူသေသေ ငတေမာဖို့
အတ္တနဲ့တိုင်းပြည်ကို တည်ဆောက်သူတွေရှိခဲ့တယ်။

ဒီမြေကြီးပေါ်မှာ
ရှင်သန်ဖို့ရုန်းကန်ရင်း
တဝမ်းတခါးအတွက် အိပ်မက်မက်နေသူတွေရှိတယ်
သေမြကြီး ရှင်ရွှေထီးဆိုတဲ့စိတ်နဲ့
စွန့်လွှတ်စွန့်စားသူတွေလည်း ရှိတယ်
မြစ်ကိုမြင်ယောင်ပြီး ချောင်းလိုပစ်ခဲ့သူတွေလည်းလည်း ရှိတယ်
ဆင်မည်းကို ကိုးကွယ်ဆည်းကပ်ပြီး
ကြံစုတ်နေကြတဲ့သူတွေလည်း ရှိတယ်။

ဒီမြေကြီးပေါ်မှာ
ဒုက္ခမျိုးစုံကြုံခဲ့ရပြီး
ဒီမြေကြီးပေါ်ကထွက်ပြေးသွားသူတွေလည်း ရှိတယ်
နှင်ထုတ်ခံရသူတွေလည်း ရှိတယ်
သစ္စာတရားကိုသေသည်အထိ အလံစိုက်ထားသူတွေလည်း ရှိတယ်
ဒီမြေကြီးဟာ ဦးနှောက်ယိုစီးမှုဒဏ်ကို ခံခဲ့ရတယ်။

ဒီမြေကြီးပေါ်မှာ
ငလျင်တွေလှုပ်ခဲ့တယ်
မုန်တိုင်းတွေထန်ခဲ့တယ်
မြစ်ရေတွေ ကြီးခဲ့တယ်
မီးတွေလောင်ခဲ့တယ်
ဒီမြေကြီးပေါ်မှာပဲ ကယ်ဆယ်သူတွေရှိခဲ့တယ်
ပြန်လည်တည်ဆောက်သူတွေရှိခဲ့တယ်။

ဒီမြေကြီးဟာ
မပြောင်းလဲခဲ့ဘူး
ဒီမြေကြီးပေါ်က ကံကြမ္မာတွေပြောင်းလဲခဲ့တယ်
ဒီမြေကြီးပေါ်ကလူတွေဖန်တီးနေကြတာပါပဲ
သေချာတာကတော့
ခုချိန်ထိဒီမြေကြီးပေါ်ကလူတွေအတွက်
မငြိမ်းချမ်းသေးဘူးဆိုရင်။

ဒီမြေကြီးပေါ်မှာ
ကျုပ်ရှိနေတယ်၊ ရှိနေသေးတယ်။
ခင်ဗျားရှိနေတယ်
လူတွေရှိနေတယ်၊ ရှိနေဦးမယ်ဆိုရင်။

ဘာဆက်လုပ်ကြမလဲဆိုတာ
ဝါကျတကြောင်းဆီရေးခဲ့ပါ
သတ်ပုံမှန်ပါစေ။

မြတ်လှိုင်း
….

တိတ်တဆိတ်
KT#
 
 


ပုန်းလျှိုးကွယ်လျှိုး သိုသိပ်တဲ့ညနဲ့
ခန္ဓာကိုယ်အက်ကြောင်းတွေ လှစ်ဟနေတဲ့လ ….

လနဲ့ညဟာ
ဖက်လှဲတကင်းသင်းဖွဲ့လို့
ညရဲ့အာခေါင်ထဲ လရဲ့အံသွားတွေစိုက်ဝင်
လရဲ့ရင်ဘတ်ထဲ ညရဲ့လက်သည်းတွေစူးနစ်
ညရဲ့အိပ်မက်ကို လက ဖြည့်စွက်
လရဲ့အရှက်ကို ညက ဖုန်းကွယ်ရင်း
နယ်ပယ်ကာလ မေ့သွားလိုက်ကြတာ….

အရုဏ်ဖြာယှက် အလင်းစက်ကြောင့်
ကသုတ်ကရက်
သိမ်းထုတ်ဆုတ်ခွာခဲ့ရပုံ …။

ရင်နီ


( ၂၀၀၉ ခုနှစ်နွယ်နီမဂ္ဂဇင်းတွင် ရွေးချယ်ခံရပြီး စာပေစိစစ်ရေးဖြုတ်ခံရသည့်ကဗျာ)

.....

အာလူးကို အခွံသင်  


www.alaintruong.com


ကန်တော့ ဆွမ်းပါလို့လှမ်းအော်

အာလူးကို အခွံသင်ဖို့

တရုတ်ဓားပါးပါးလေးထုတ်ပြီး

ကိုယ်စားစရာမရှိသေးတဲ့အခါ

သူများကို

ကန်တော့ဆွမ်းပါ လုပ်ရတာဟာ

မယဉ်ကျေးရာတော့ မရောက်လောက်ပါဘူးလေလို့တွေး

လက်ရဲ့အနေအထားက

လိုသလိုဟန်ချက်ထိန်းလို့

အာလူးလုံးကို

အသင့်အနေအထား ဓားနဲ့လွှာဖို့

အာလူးဆိုတော့ လက်ကို

စစ်ဆေးပိုင်ခွင့်မရှိ

သွေးစွန်းလက်ဖြစ်ဖြစ်

ညစ်ညမ်းငွေကြေးနဲ့ ထိစွန်းခဲ့တဲ့

လက်ဖြစ်ဖြစ်

မိန်းမတယောက်ရဲ့ရင်သားကို

ဆုပ်နယ်ခဲ့တဲ့လက်ဖြစ်ဖြစ်

အာလူးဟာ ကိုယ့်ကြမ္မာကိုယ်

ဖန်တီးခွင့်မရှိတော့

ဘာလို့ဆို

သူဟာ အာလူးလေ

အာလူးလိုမဖြစ်ချင်ရင်

အာလူးမဖြစ်အောင်နေလေ

အာလူးဟာ

တရုတ်ဓားပါးပါးအောက်မှာ

တလွှာချင်း သင်ခံနေရပြီ

လက်ဟာ အာလူးကို

လိုသလိုဆော့ကစားပြီး

အခွံသင် သွားတယ်

အိပ်ရာဝင်ခန်းတွေရောက်တဲ့အခါ

ဇစ်တွေကို

ဘယ်လိုဖြုတ်ရမယ် အလိုလို

သိရှိနေသလိုမျိုး

အာလူးဟာ အခွံသင် ခံရတယ်

သင်ခံရဆို

အခွံဆိုတာ အပေါ်ယံကိုး

အနှစ်အသားဆီသွားတဲ့အခါ

အပေါ်ယံဟာ ဖယ်ရှားခံရမှာပဲ

တွေဝေသူဟာ အရှုံးပဲ ။ ။


ခက်သီ

Comments