မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ၊ ကိုအောင် (စာအုပ်အညွန်း)



မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ  
ငြိမ်းဝေ ၊ ကိုအောင်
 


ပထမအကြိမ် ၊ ၂၀၁၆ ၊မေလ
စာမျက်နှာ -၉၀
တန်ဖိုး - ၁၅၀၀ ကျပ်
ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေး

မယ်တုက္ခီစမ်းချောင်းရေမှာ ကြည်လင်လွန်းလှသည်။ ကျွန်တော်က ကျောက်တုံးတခုပေါ်တွင် အ၀တ်ဖွပ်နေစဉ် ချောင်းစပ်သို့ ဆင်းလာသည့် လူသံကြောင့် မော့ကြည့်မိ၏ ။ လူတယောက် လက်ဆွဲသားရေအိတ်တလုံးပခုံးတွင်လွယ်ကာ ပုဆိုးကို မလျက် ချောင်းထဲသို့ ဆင်းလိုက်သည်။ သူ့ နောက်မှ အမျိုးသမီးတဦးက ရေထဲသို့ ဆင်းရန် ချောင်းစပ်တွင် ထဘီစကို မနေလေသည်။
ချောင်းထဲသို့ ဆင်းလာသူသည် ကျွန်တော့်ကို တချက်ကြည့်ပြီးမှ တဖက်သို့ မျက်နှာလွှဲသွား၏ ။ ခြေလှမ်းနှစ်လှမ်းခန့်  လှမ်းပြီးမှ တဖန် ကျွန်တော့်ဘက်သို့ မျက်နှာပြန်လှည့်၏ ။ သူနှင့်ကျွန်တော် မျက်လုံးချင်း ဆုံမိသွားကြသည်။

"ဟာ…ကိုနိုင်ဝင်း"
"ဟေး…ကိုငြိမ်းဝေ ၊ ခင်များ ရောက်နေတာ လှေဆိပ်မှာကတည်းက ကြားခဲ့တယ်။ အေးဗျာ .. ကျွန်တော် မဲဆောက်ကို ကိစ္စတခုရှိလို့ သွားနေတာ တစ်လလောက်ကြာသွားတယ်ဗျ။ ဒါ ကျွန်တော့်အမျိုးသမီး မဂျုံ ၊ ပန်ဆန်းမှာ ကျွန်တော်အိမ်ထောင်ကျခဲ့တာ၊ ရေချိုးပြီးရင် အိမ်ကိုတက်ခဲ့ဗျာ။ စကားလေးဘာလေး ပြောကြရအောင်.."

----
စကားပြောခွက်ကို ပုခက်ပေါ် ပြန်တင်ပြီးသည်အထိ ဖဒိုမန်းရှာ၏ စကားသံက နားထဲတွင် ပဲ့တင်ထပ်နေသည်။ ဖဒိုမန်းရှာ၏အသံမှာ လည်း ၀မ်းနည်းကြေကွဲနေလေသည်။
ကိုငြိမ်းရေ ..ဆရာနိုင်ဝင်းဆွေ တော့ ဆုံးရှာပြီဗျာ…တဲ့။
ဆရာနိုင်ဝင်းဆွေ၏ ရင်သွေးများဖြစ်သည့် မဟူရာမေတ္တာ၊ မသိန်းရှင်ဆီပို့ပေးပါ၊ နွေတည၊ ညအသင်္ချေ၊ မြစပယ်ရုံ၊ အချစ်ည ၊ ဘ၀စာမျက်နှာများ နှင့် ရေဆန်လမ်း စာအုပ်များကို တအုပ်ချင်း ကိုင်တွယ်ကြည့်ရှုရင်း သူ့ကို သတိရနေမိသည်။
ဆရာငြိမ်းဝေနှင့် ဆရာနိုင်ဝင်းဆွေတို့ မာနယ်ပလော မှာ ပြန်ဆုံခဲ့ကြတုန်းက အမှတ်တရ များစွာကို ဒီစာအုပ်လေးထဲမှာ ဆရာငြိမ်းဝေက ရေးသားထားပါတယ်… ------------------------------------------------------
ကိုအောင်ရေးထားတဲ့ စာထဲမှာလည်း ဆရာနိုင်ဝင်းဆွေဟာ လွတ်မြောက်နယ်မြေမှာရှိတဲ့ နမ့်ခါချောင်းထဲက ခံတက်ရွက်တွေခူးပြီး အချဉ်ထည့်ကာ ၀မ်းရေးဖြေရှင်းနေရတယ်လို့  ရေးထားပါတယ်..
နောက်ပြီး…
ပန်ဆန်းကျောင်းလေးမှာ ညညတွေဆို ဘင်ဂျို တယောတွေနဲ့ တီးဝိုင်းဖွဲ့ကြတဲ့အခါ အဆိုလည်းမရ အတီးလည်းမစွံတဲ့ ဆရာနိုင်ဝင်းဆွေက မော်ဒယ်အဖြစ် သရုပ်ဆောင်လေသတဲ့။ သူ့ပုံကြီးနဲ့ သီချင်းတွေအပေါ်မှာခံစားပြီး သရုပ်ဆောင်ပြနေတာကြည့်ပြီး လှောင်လည်းလှောင်ချင်သလို ကရုဏာသက် ချစ်လည်း ချစ်မိပါရဲ့လို့ ဆိုထားပြန်ပါတယ်။

မိုင်းယန်းတိုက်ပွဲမှာလည်း ဆရာနိုင်ဝင်းဆွေ ဆင်နွှဲခဲ့တာကို အခုလိုရေးသားထားပါတယ်…..
ပန်ဆန်းကနေ ဗဟိုကင်း တပ်မဟာနဲ့အတူ မိုင်းယန်းကို ချီတက်ခဲ့ကြတယ်။ ဒေါက်တာလှကျော်ဇော တို့ဆေးတပ်နဲ့ ကိုနိုင်ဝင်းဆွေတို့ ပြန်ကြားရေးနဲ့  ဗွီဒီယိုရိုက်ကူးရေး တပ်ဖွဲ့ တွေမှာ မြန်မာစကားပြော တတ်တဲ့ တိုင်းရင်းသား ရဲဘော်ရဲဘက်မလေးတွေလည်းပါတော့ တပျော်တပါး ရှိလှပါတယ်။ မိုင်းယန်းခွင်မှာ အရှေ့ဘက်က ချီတက်လာတဲ့ 815 တပ်မဟာနဲ့  768 တပ်မဟာတို့ လာဆုံကြပါတယ်။ ၀မ်းသာအားတက်စရာ အကောင်းဆုံးက မိုင်းယန်း - ကျိုင်းတုံခွင်က ရှစ်လေးလုံးစိတ်ဓါတ်နဲ့ အတူ တက်ကြွလာတဲ့ ပြည်သူလူထုတွေ။ အထူးသဖြင့် ကျောင်းသူ ၊ ကျောင်းသားတွေနဲ့ ဘုန်းကြီးတွေက ၀မ်းသာအားရ ကြိုဆိုနေကြတာကို တွေ့ရတာပါပဲ။ ရန်သူ့ အမြောက်တစ်ကမ်းအလွန်မှာ လုပ်နေတဲ့ ကျွန်တော်တို့ လူထုဆွေးနွေးပွဲကြီးတွေမှာ ပါဝင်ပြီးတာ့လည်း ဆွေးနွေးဟောပြောရ၊ ဗွီဒီယိုမှတ်တမ်း တင်ကာ တည်းဖြတ် နိုင်ငံရေးစာတန်းတွေ ရိုက်နှိပ်ဖြန့်ချိရတာတွေမှာ ကိုနိုင်ဝင်းဆွေကြီးဟာ နေ့ညမအား အလုပ်လုပ်ပါတယ်…

မိုင်းယန်းမြို့ကို ကျွန်တော်တို့ တပ်တွေဝိုင်းမိစမှာပဲ အဲဒီက ရန်သူ့ဒုတပ်ရင်းမှူး (ယခု ရှစ်လုံးဘွဲ့ရကြီး) နဲ့ အဖွဲ့က ထွက်တိုက်ပါတယ်။ ကျွန်တော်တို့ ဝိုင်းတိုက်လိုက်တာ စုတ်ပြတ်ပြီး ထွက်ပြေးသွားကြပါတယ်။ ရှစ်လုံးကြီးလည်း အဲဒီတိုက်ပွဲတလျှောက်လုံး ဒဏ်ရာနဲ့လဲနေခဲ့တာပါ။ ကျောင်းသားတွေ ဘုန်းကြီးတွေက အသံချဲ့စက်နဲ့ရန်သူ့တောင်ကုန်းတွေဘက်ကို သွားသွားပြီး လက်နက်ချဖို့ပြည်သူနဲ့ ပူးပေါင်းဖို့သွားအော်၊ ဟိုက တခါတလေ ပွိုင့်ဖိုက်နဲ့လှမ်းပစ်တော့ ပြန်ပြေးလာကြနဲ့…ဒီကြားထဲ စခန်းတခုမှာ ကျည်ဆံထိလို့  ကျွန်တော်တို့ လော်စပီကာကြီးက ကိုယ့်ဘက် ပြန်လည် လာပါတယ် ။ ဘုန်းကြီးတပါးက ဟိုဘက်ပြန် လှည့်ဖို့တက်မယ်လုပ်နေလို့ ခဏစောင့်ပါဆိုပြီးဆွဲချနေတုန်း ကိုနိုင်ဝင်းဆွေ ဘယ်အချိန် ဟိုဘက် တက်လှည့်လိုက်တယ်မသိဘူး၊ ပွိုင့်ဖိုက်သံတွေ ကြားမှာ ပုန်းကျင်းထဲ အလျားထိုးဝင်လာမှ သူ့လက်ချက် မှန်း သိလိုက်ရတယ်။
ကံကောင်းလို့ မဂျုံ မုဆိုးမ ဖြစ်တော့မလို့ …ဆိုပြီး တဟီးဟီး လုပ်နေတယ်။ ကျောင်းသားလေးတွေကတော့ သူ့ကို ပိုပြီး ချစ်သွားကြတာပေါ့… 

ဒီစာအုပ်လေးထဲမှာ ဆရာနိုင်ဝင်းဆွေရဲ့ဘ၀ဖြတ်သန်းမှု ခက်ခဲကြမ်းတမ်းခဲ့တာတွေကို ဖတ်ရှုရမှာ ဖြစ်သလို ရယ်စရာမောစရာလေးတွေလည်း ခံစားဖတ်ရှုရမှာ ဖြစ်ပါတယ်။
စာအုပ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါပြီ။
-
ငြိမ်းဝေ(ကဗျာအိုးဝေ) ဖေ့ဘုတ် စာမျက်နှာမှယူပါသည်။ 

 

Comments