သစ်ခက်သံလွင် သုတဆောင်းပါး - သတင်းကျင့်ဝတ်၊ ကိုယ်ချင်းစာစိတ်နဲ့ လွတ်လပ်မှု(၂). ကိုညို (အော်စလို)



သတင်းကျင့်ဝတ်၊ ကိုယ်ချင်းစာစိတ်နဲ့လွတ်လပ်မှု (၂)

 "...အခုတော့ အချက်အလက်သိပ်မခိုင်မာပဲ ၀ါဒဖြန့်သဘောဆန်ဆန် ဆောင်းပါးတွေရေးနေ တာတွေ့ရတယ်၊ ဒါကြောင့် အရင်ကတလျှောက်လုံးထိန်းသိမ်းလာတဲ့ ဆရာကြီးရဲ့ကလောင်နာမည်ကို ပွန်းပဲ့မထိခိုက်စေဘူးလား"လို့ မေးလိုက်တယ်၊ ဆရာကြီးက ချက်ချင်းပဲ " အခုဟာ စစ်ဖြစ်နေတာဗျ၊ ဒီမိုကရေစီနဲ့လွတ်လပ်ရေးအတွက် စစ်ဖြစ်နေတာ၊ ရန်သူကို လက်ထဲမှာ ဂဲရှိရင် ဂဲနဲ့ပေါက်၊ တုတ်ရှိရင် တုတ်နဲ့ပစ်ရမှာပဲ "လို့ဖြေပါတယ်။ ထမင်းဝိုင်းမှာရှိတဲ့ သတင်းသမားတွေအားလုံး ဆရာကြီးစကားကို သဘောကျလို့အားရ၀မ်းသာ ရယ်မောအားပေး ကြတယ်။ "
-------------------------------------------------

ကျနော်တို့နိုင်ငံမှာတော့ ကျင့်ဝတ်ဆိုတဲ့အရာဟာ လွတ်လပ်မှု၊မလွတ်လပ်မှုနဲ့လည်း ဆက်စပ်ပတ်သက်နေ တတ်ပါတယ်။ ယူနတီသတင်းထောက်အဖမ်းခံရတဲ့ကိစ္စဟာ ကျင့်ဝတ်တရားဆိုတာထက် သတင်း မလွတ်လပ်မှု၊ အစိုးရနဲ့ သတင်းသမားတွေအကြား အပြန်အလှန် ယုံကြည်မှုမရှိမှုက အခြေခံဖြစ်တယ်။ အဓိက ကတော့အစိုးရရဲ့ သတင်းထိန်ဝှက်မှုတွေနဲ့ နိုင်ငံရေး မလွတ်လပ်မှုပါ။ သတင်းသမားဆိုတာကလည်း အနှောင်အချုပ်ကင်းပြီး လွတ်လပ်တဲ့ သဘာဝအပေါ် အခြေခံတာဖြစ်တယ်။ ဘယ်သတင်းသမားမဆို လွတ်လွတ်လပ် လပ်တွေးချင်၊ ရေးချင်ကြမှာပါ။ လောင်းရိပ်မိသတင်းသမား တယောက်ရေးတဲ့သတင်းဟာ စိတ်ကူး၊ အတွေး၊ အကြံ မလွတ်လပ်တာမို့ တင်ပြတဲ့သတင်းဟာ ခတ်ပေါ့ပေါ့ဖြစ်နေတတ်သလို၊ ဒေါင့်မစေ့တတ်ဘူး။

အယ်ဒီတာရဲ့ အခန်းကဏ္ဍကို လေးစားအသိအမှတ်ပြုရပေမဲ့ အပေါ်ကအထုခံရမှာ စိုးတထိတ် ထိတ်ဖြစ်နေတဲ့ အယ်ဒီတာလက်က ဖြတ်လာတဲ့သတင်းကတော့ မခန့်ငြားပါဘူး။ အယ်ဒီတာဆိုတာ သတင်းကို ပိုမိုရုပ်လုံးကြွအောင်တည်းဖြတ်နိုင်သလိုတော်ရိရော်ရိလည်းဖြစ်စေတယ်။

သူ့စိတ်စေတနာကရှေ့ဆောင်တယ်။ သတင်းလွတ်လပ်မှုမရှိတဲ့တိုင်းပြည်မှာ ကျင့်ဝတ်ဆိုတာ တည်ဆောက်ရခက်ခဲပါတယ်။ တရားမှု မတရားမှုဆိုတဲ့ဘက်နှစ်ဘက်မှာ ကိုယ်က ဘယ်ဘက်မှာ ရပ်မလဲ ဆိုတာက ကျင့်ဝတ်ရဲ့ ကြည်လင်မှုကို အနည်းနဲ့အများပွန်းပဲ့စေတာပဲ။ ကျင့်ဝတ်နဲ့စည်းကမ်း အနှစ်သာရခြင်းမတူပါဘူး။ ကျင့်ဝတ်မှာ ရိုးသားမှုနဲ့ သစ္စာတရားက အဓိကကျသလို ပိုနက်ရှိုင်းတယ်။ ဒါကြောင့် သတင်းထောက်ရဲ့ မှန်တယ်လို့ယူဆတဲ့ဘက်က ရပ်တည်မှုဆိုတာ ဘယ်ပေါ်မှာရပ်တဲ့ အမှန်တရားလဲဆိုတာနဲ့ ခလုတ်တိုက်စရာဖြစ်နေပြန်ရော။ ဒါကြောင့် သတင်းကျင့်ဝတ်မှာ ယုံကြည်ချက်တွေက သိမ်မွေ့စွာ ကပ်ပါနေတတ်တယ်။

"သတင်းထောက်ဆိုတာကဒီမိုကရေစီအပေါ် အခြေမခံရင် မရှင်သန်ဘူး၊ ကျဆုံးတာပဲ၊ ဒီမိုကရေစီ အပေါ် ခိုင်ခိုင်ရပ်တည်" လို့ ယခင် ဘီဘီစီ၊ အာအက်ဖ်အေ ရေဒီယိုသတင်းထောက် ဆရာ ဦးတင့်ဇော်က ကျနော့်ကိုသြ၀ါဒပေးဖူးတယ်။ ဒီမိုကရေစီဆိတ်သုဉ်းတာဟာ သတင်းလွတ်လပ်မှု ကွယ်ပျောက်တာလည်းဖြစ်တယ်။ မိမိတို့နိုင်ငံ ဒီမိုကရေစီလမ်းပေါ်ရောက်နေသလေား၊ ပျောက်နေ သလား ကျနော်ထက်ပြည်တွင်းက သတင်းသမားတွေပိုသိပါတယ်။ ဒီမိုကရေစီ မရှိသရွေ့၊ လွတ်လပ်မှု မရှိသရွေ့ သတင်းကျင့်ဝတ်တို့၊ သတင်းသီလတို့ဆိုတာလည်း အငြင်းပွားစရာတွေရှိသလို၊ ရော့ရော့ရဲရဲ၊ ကစဥ့်ကလျားတွေနဲ့ကြုံနေမှာပဲ။
ဒီကနေ့ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်၊ သမတပြောခွင့်ရပုဂ္ဂိုလ်လည်းလုပ်နေသူကိုယ်တိုင်က တချိန်က မီဒီယာကို မီဒီယာနဲ့တိုက်ဆိုတဲ့အတွေးအခေါ်အလွဲကြီးကို အကောင်အထည်ဖော်ခဲ့ရုံမက ဒုဗိုလ်မှုးကြီး ရဲထွဋ်ဘ၀ကလည်း သတင်းထိုးစစ်နဲ့ တန်ပြန်သတင်းစစ်ဆင်ရေးအတွက် ဆိုပြီး ကမ္ဘာ့သတင်းလေ့လာ သုံးသပ်ရေးအဖွဲ့ (World Information Bureau) ကိုလျှို့ဝှက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သူ ဖြစ်တယ်။ အဲဒီထဲမှာ ဒီကနေ့အာဏာလက်ကိုင်ပြုထားတဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ (ဥပမာ-ဦးခင်ရီ၊ ဦးခင်အောင်မြင့်) လည်း ပါဝင်နေပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရေးသဘော တရားကို စစ်ရေးအမြင်နဲ့သာ ချည်းကပ်အကောင် အထည်ဖော်သူတွေ၊ အရာရာကို လုံခြုံရေးရှုထောင့် ကသာ ဦးစားပေးရှုမြင်တတ်တဲ့ စစ်ဝါဒီတွေမှာ လွတ်လပ်တဲ့ သဘောသဘာဝအပေါ်လေးနက်မှုရှိဖို့ အတော်အတန်ခက်ခဲကြတယ်။ သူတို့စိတ်နှလုံးမှာ အနယ်ထိုင် မာကျစ်နေတဲ့ အတွေးအခေါ်မိုင်းဆက် တွေ၊ စရိုက်သဘာဝတွေကို ပြင်ဖို့ ခဲယဉ်းတယ်။ ဒီမိုကရေစီတို့ လွတ်လပ်မှုတို့၊ သတင်းလွတ်လပ်ခွင့် တို့ကို သူတို့ပါးစပ်က အမြှူပ်တစီစီ ထွက်အောင် အော်ပြောနေပလေ့စေ၊ သူတို့ပင်ကိုသဘာဝနဲ့ ဆန့်ကျင်တဲ့အရာမို့ လွတ်လပ်မှုနယ်ပယ်ထဲ အံဝင်ဂွင်ကျဖြစ်ဖို့ ခဲယဉ်းပါတယ်။

ဒါကြောင့် နိုင်ငံရေးစနစ်က မလွတ်လပ်ဘဲ၊ ဒီမိုကရေစီမစစ်မှန်ပဲ သတင်းလွတ်လပ်မှုရွှေအိပ်မက်ကြီး မက်နေသူဟာ ရူးသွပ်ခြင်းသက်သက် ဖြစ်ပါလိမ့်မယ်။ တိုင်းပြည်အုပ်ချုပ်ရေးနဲ့ ဥပဒေပြုမဏ္ဍိုင်ရဲ့ အခြေခံအကျဆုံးဖွဲ့စည်းအုပ်ချုပ်ပုံကြီး တိမ်းစောင်း လွဲချော်နေတာကိုပြည်သူတရပ်လုံး အုံးအုံးကြွက်ကြွက်နဲ့ ပြင်ပေးဖို့ ကြွေးကြော်တောင်းဆိုနေတာကို ထုံပေပေလုပ်ငြင်းဆန်နေတဲ့ အစိုးရက ဒီမိုကရေစီပေးမယ်ဆိုတာယုံလောက်စရာရှိပါရဲ့လား။

ဒီမိုကရေစီမရှိရင် သတင်းလွတ်လပ်ခွင့် မရှိပါ။ ဒါဆို သတင်းသမားကျင့်ဝတ်ဆိုတာကလည်း ရှင်သန်မှာ မဟုတ်။ မျိုးစေ့က မိုးပျံအောင်ကောင်းနေပါစေမြေရိုင်း၊ လေရိုင်းမှာ အပင်ပေါက်ဖို့ ခဲယဉ်းပါတယ်။ ပေါက် လာတဲ့အပင်ကလည်း အောင်မြင်ဖွံ့ထွားမှာမဟုတ်။ တည်ငြိမ်အေးချမ်းမှုမရှိတဲ့နိုင်ငံရေးစနစ်ဖြစ်လာဖို့ သတင်းသမားတွေ သတင်းလွတ်လပ်ခွင့်နယ်မြေကို ချဲ့ထွင်ဘို့ ဦးစွာကြိုးပမ်းရမှာဖြစ်တယ်။ ဒီနေရာမှာ မိမိတို့ဘက်က တလက်မမျှအလျှော့ပေး စရာမလိုဘူး။ ဈေးညှိစရာလည်းမလိုဘူး။ ဒီမိုကရေစီနဲ့ သတင်း လွတ်လပ်ခွင့်ဟာ အပြန်အလှန် အကျိုးပြုအမှီသဟဲပြုနေတာမို့ သူတို့ တန်ဖိုးကို ဈေးဆစ်လို့မရဘူး။ တစ်ရာတန်ကို တစ်ဆယ်ဖိုး၊ ငါးဆယ်ဖိုးနဲ့ဈေးနှိမ်တာကို လက်ခံစရာမလိုဘူး။ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဟာ လူ့ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်အချိုးညီနေတာကြောင့်ဖြစ်တယ်။ လွတ်လပ်မှုကိုထိမ်းချုပ်တာဟာ လူ့ ဂုဏ်သိက္ခာကို ချိုးဖဲ့နေတာနဲ့အတူတူပဲ။

၁၉၉၅ခုနှစ်ကလို့ ထင်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ပရောက် သတင်းသမားတွေအားလုံး စုစည်း ကျင်းပတဲ့ မြန်မာသတင်းသမဂ္ဂညီလာခံကို ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်းလည်း အမေရိကားကနေ တက်ရောက်လာတယ်။ ခရီးရောက်မဆိုက်တွေ့ရတဲ့ ညနေထမင်းဝိုင်း မှာဆရာကြီးကိုကျနော်က မေးခွန်းတခွန်းမေးတယ်။ ”ဆရာကြီးဟာ ပါလီမန်ဒီမိုကရေစီခေတ် ကတည်းက အောင်ဗလဆိုတဲ့နာမည်နဲ့ တိကျမှန်ကန်ပြီး ထိရောက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေဖော် ထုတ်ရေးခဲ့တယ်၊ အခုတော့ အချက်အလက်သိပ်မခိုင်မာပဲ ၀ါဒဖြန့်သဘောဆန်ဆန် ဆောင်းပါးတွေရေးနေ တာတွေ့ရတယ်၊ ဒါကြောင့် အရင်ကတလျှောက်လုံးထိန်းသိမ်းလာတဲ့ ဆရာကြီးရဲ့ကလောင်နာမည်ကို ပွန်းပဲ့မထိခိုက်စေဘူးလား"လို့ မေးလိုက်တယ်၊ ဆရာကြီးက ချက်ချင်းပဲ " အခုဟာ စစ်ဖြစ်နေတာဗျ၊ ဒီမိုကရေစီနဲ့လွတ်လပ်ရေးအတွက် စစ်ဖြစ်နေတာ၊ ရန်သူကို လက်ထဲမှာ ဂဲရှိရင် ဂဲနဲ့ပေါက်၊ တုတ်ရှိရင် တုတ်နဲ့ပစ်ရမှာပဲ "လို့ဖြေပါတယ်။ ထမင်းဝိုင်းမှာရှိတဲ့ သတင်းသမားတွေအားလုံး ဆရာကြီးစကားကို သဘောကျလို့အားရ၀မ်းသာ ရယ်မောအားပေး ကြတယ်။ 

နောက်တရက် မနက် ကြေးမုံဦးသောင်းနဲ့ ဓာတ်ပုံအတူရိုက်ရင်း သူက ကျနော့်ကို
 " ကိုညို..ကျနော်လည်း ကိုယ့်ကလောင်သိက္ခာကို ထိန်းရေးချင်တာပေါ့ဗျာ၊ ဒါပေမဲ့ လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ့်တိုက်ပွဲဖြစ်တယ်၊ မတတ်နိုင်ဘူးလေ၊ ရေးဖို့ဖြစ်လာတော့လည်း ရေးရတာပေါ့”လို့ပြောပါတယ်။

အဲဒီအချိန်ကစပြီး ၀ါဒဖြန့်စာလို့သတ်မှတ်ပြီး သိပ်အလေးအနက်မထားတဲ့ဆရာကြီးကြေးမုံဦးသောင်း ရဲ့ စာတွေကို အပေါ်ယံသဘောမဖတ်တော့ဘူး၊ အချက်အလက်တွေသာမက သူ့ဆောင်းပါးတွေ နောက်က အများပြည်သူအပေါ်ရှေ့တမ်းတင်တဲ့သူ့စေတနာနဲ့ ယုံကြည်ချက်ကို မြင်အောင် ရှာဖတ်တယ်။ ကျနော်တို့ရှေ့က သတင်းစာဆရာတွေ၊ သတင်းထောက်ကြီးတွေဟာ လွတ်လပ်ရေးကို ရှေ့ရှုပြီး ပြည်သူ လူထုကို ရှေ့ဆောင်လမ်းပြခဲ့တယ်၊ ဆင်းရဲဒဏ်တွေခံခဲ့တယ်၊ အချိန်တွေအများကြီး ပေးလေ့ လာပြီး စေတနာအခြေခံတဲ့ သူတို့အသိကို ရှယ်ယာလုပ်ပေးခဲ့တယ်။

ကျနော်တို့တတွေ ဒီကနေ့ကြုံတွေ့ရတဲ့ခေတ်က အင်္ဂလိပ်ခေတ်၊ ဂျပန့်ခေတ်ထက် ဘယ်လောက်များ သာလွန်နေသလဲ..။ တိုင်းတပါးကျွန်ခေတ်ကလောက်တောင် လွတ်လပ်မှုရှိပါရဲ့လား။ ချစ်တီးတွေလယ်သိမ်းခံရတဲ့ ဘ၀ထက်ဆိုးရွားတဲ့ (ဒီကနေ့) လယ်သမားတွေဘက်က အခြေအနေကို မီဒီယာတွေက ကျကျနန သတင်းလုပ်နိုင်သေးရဲ့လား။ ခြေတံလက်တံရှည်ရှည်နဲ့ မီဒီယာအများစုကို ဘယ်လိုလူတွေက ပိုင်ဆိုင်တာလဲ။ စစ်တပ်မကောင်းရင်မကောင်းတဲ့အကြောင်း စုံစမ်းဖော်ထုတ်ရေးလို့ရပြီ လား၊ မီဒီယာတွေတင်ရဲလား၊ သမ္မတ၊ ကာချုပ်အကြောင်းဝေဖန်ရေးသားမှု ကို လွတ်လွတ်လပ် လပ် ဖော်ပြနိုင်ရဲ့လား။

တခါတုန်းကသတင်းစာတစောင်မှာစစ်တပ်ပိုင် ဦးပိုင်ကုမ္မဏီရဲ့ မတရားစီးပွားအမြတ်ထုတ်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတပုဒ်ရေးပို့တဲ့အခါ အယ်ဒီတာက ကျနော့်ဆောင်းပါးကို ကြိုက်ပေမဲ့ မသုံးရဲပါဘူး။ သူတို့ သတင်းစာက စစ်တပ်ပိုင်ပုံနှိပ်စက်တခုမှာ ရိုက်နှိပ်ထုတ်ဝေရလို့ စစ်တပ် မကောင်းကြောင်း သတင်းတွေပါရင် ပုံနှိပ်မပေးလို့ပါတဲ့။ ကိုင်း..ဘယ်လောက်အံ့သြစရာကောင်းတဲ့ သတင်းလွတ်လပ်ခွင့်လဲ..။ လွတ်လပ်မှုမရှိတဲ့မီဒီယာလောကမှာ ဘယ်သူတွေက ကျင့်ဝတ်ဖောက်ဖျက်နေ သလဲ..။ ၀မရှိဘဲ ၀ိလုပ်လို့ ရမယ်တဲ့လား..။ သူများမကောင်းတာရေးခွင့်ပေးပြီး ကိုယ်မကောင်းတာဖော် ထုတ် ခွင့်မရတဲ့ ဒီမိုကရေစီကို ဘယ်လိုနာမည်ပေးရမှာလဲ။ တချို့ကလည်း ငါက ဂျာနယ်လစ်ဇင်းသမား၊ ဂျာနယ် လစ်ဇင်ကျောင်းတက်လာတာ၊ သင်တန်းတက်လာတာဆိုပြီး အမောက်တွေ ထောင်ထောင်ပြနေ တယ်။ ကျောင်းတက်တာနည်းပညာနဲ့ အသိပညာတိုးလို့ကောင်းပါတယ်၊ မတက်ရင်လည်း တတ်မှာ မဟုတ်။ ဒါပေမဲ့ သင်တန်းအသိသာမက လက်တွေ့ဘ၀အတွေ့အကြုံရှိဖို့ လိုတယ်။ ပြီးတော့ သမိုင်းကို မသိရင်၊ နိုင်ငံရေးနဲ့ခေတ်သရုပ်ကို မခွဲခြမ်းမစိတ်ဖြာမတတ်ရင် အခြေအနေနဲ့အကြောင်း အရာတွေကို ဘယ်လိုသုံးသပ်နိုင်မှာလဲ။ ဘယ်လိုကောက်ချက်ဆွဲမှာလဲ။ ဟိုလူပြောတာရေး၊ နောက်လူရဲ့ ကွဲပြားတဲ့ အမြင်လေးရေး ရုံနဲ့ အခြေအနေတရပ်လုံးကို စာဖတ်သူက ခွဲစိတ်ဖြာနိုင်တဲ့ထိ လုံလောက်နိုင်မယ် ထင်သလား..။

အတွေးအခေါ်မလွတ်လပ်ရင် ဂျာနယ်လစ်ဇင်းပညာကို အာကာသအထိသွားလေ့လာ.. ဂျာနယ်လစ်ဇ် ကောင်းဖြစ်လာမှမဟုတ်။ အကြောက်တရားနဲ့ ကလောင်တံ ဘယ်အချိန်မှ ဓာတ်မတည့်ပါ။ လွန်ခဲ့တဲ့ အနှစ်၂၀ကျော်လုံးလုံး ပြည်သူတွေ ပြည်တွင်းထုတ်၊ သတင်းစာဂျာနယ်၊ မဂ္ဂဇင်းတွေဖတ်လို့ အသိအမြင်တိုးလာသလား..၊ ပြည်ပရေဒီယိုသတင်းတွေ ဆောင်းပါးတွေနားထောင်ပြီး အတွေး အသိ တွေရခဲ့သလား.. စစ်တမ်းထုတ်ကြည့်ပါ။ ဒါက လွတ်လပ်မှုနဲ့ မလွတ်လပ်မှု ဘယ်လောက်တာ သွားသလဲ သက်သေပါ။ တချို့ထုတ်ဝေသူ၊သတင်းစာ၊ ဂျာနယ်အယ်ဒီတာတွေကိုယ်တိုင်ကလည်း စစ်အာဏာရှင်စနစ်အောက် နှစ်ပေါင်းများစွာကျင်လည်ကျက်စား၊ လှည့်ပတ် မွှေနှောက် လုပ်ကိုင်ခဲ့ရ တော့ ကလောင်ကို ထိန်းချုပ် ရေးသားတတ်တဲ့အလေ့အကျင့်ရနေပြီး အစိုးရခေါင်းဆောင်တွေ ကို ဝေဖန်လိုက် ရင်ပဲ အပြစ်တခုခု ရှိနေသလို မလုံမလဲခံစားရတယ်လို့ အယ်ဒီတာတယောက်က ပြန်ပြောခဲ့ဖူးတယ်။

ဒီမိုကရေစီခေတ်ဦးမှာသတင်းလောက ပွင့်လင်း ရိုးသားဖို့လိုတယ်။ ကိုယ်တိုင်လွတ်လပ်ပြီး အလင်းပြ နိုင်ဖို့ လိုတယ်။ကိုယ်တိုင်ကလောင်းရိပ်မိပြီး အရောင်မှိန်နေရင် ပွင့်လင်းပြီး တောက်ပတဲ့ အနာဂတ်ကို ရောက် မှာ မဟုတ်။ ဒါကြောင့်လွတ်လပ်မှုတံခါး ကျယ်ကျယ်ပွင့်နေဖို့အဓိကကျပါတယ်..။ လွတ်လပ်မှ ငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းမှ သီလထိန်းနိုင်မှာမို့ ကျင့်ဝတ်ခိုင်မာဖို့ဆိုတာ လွတ်လပ်တဲ့ ရေခံမြေခံမရှိ မဖြစ်လိုအပ်ပါတယ်။

ကိုညို(အော်စလို)

Comments