သစ်ခက်သံလွင်ဝတ္ထုတို- ၀ါကျဖြူ၏ " ငွေရောင်တိမ်မျှင်တွေက ဒေါနဲတောင်နဲ့ငြိနေတယ်"




ငွေရောင်တိမ်မျှင်တွေက ဒေါနတောင်နဲ့ ငြိနေတယ်


ဝါကျဖြူ
















ငွေရောင် ခဲငွေရောင်အငွေ့အသက်တွေကကောင်းကင်တပြင်လုံးကိုသယ်ဆောင်ပြီး သွားနေသလိုပါပဲ။ ကောင်းကင်ပြင်ရဲ့နောက်ခံဆေးသားအပြာလွင်လွင်က တချို့နေရာများတွင် ပြင်ကျယ်ကြီးဖြစ်ပြီး လစ်ဟာနေသလိုပင် ခံစားနေရတော့သည်။


ကျမသည် သစ်လုံးပေါက်စလေးများကိုစီသပ်ပြီးသံနှင့်ရိုက်ထားသော ကွပ်ပျစ်လေးပေါ် လဲလျောင်းရင်း မိုးကုတ်စက်ဝိုင်း၏အလှသစ္စာကိုခံစားရင်း အတွေးပွားနေမိပါသည်။








မိုးကောင်းကင်ကြီးက ကျမနှင့်နီးနီးကလေးမှာတည်ရှိနေသလိုပင် ခံစားနေရ၏။ ငွေရောင်ကို ခဲသားဖျော့ဘောင်ကွတ်ထားသော တိမ်ဆိုင်တိမ်လိပ်များ၏ရေးဆွဲထားသောပုံရိပ်များက ကျမစိတ်ကို နေရာအနှံ့ ဒေသအနှံ့ ခေတ်ကာလအနှံ့ကိုပင် တထိုင်တည်းပို့ပေးနေပါတော့သည်။


ကျမရောက်ရှိနေသောနေရာကား ဒေါနတောင်တန်းကြီးပေါ်က မြဝတီမြို့ကလေးကို ရောက်ရှိနေခဲ့ခြင်း ဖြစ်ပါသည်။ ရန်ကုန်အငွေ့အသက်တို့နှင့်ဝေးရာ စကားသံသာသာထဲမှာ မျော့တွေလို သွေးစုတ်ဖို့ချောင်းနေသော ပွဲစားဆန်ဆန်စကားလုံးဖြတ်နင်းမှုတို့ရဲ့ဝေးရာ၊ လှပတင့်တယ်အောင်ဖန်တီးထားသော မြို့ပြ၏ အတွင်းဂလိုင်ထဲမှာ အညစ်အကြေး အနံ့အသက်တို့နှင့်ဝေးရာ၊ နေရောင်တွေအားလုံးကို လူတယောက်၏ နှုတ်ထွက်စကားပေါ်မှာရပ်တည်ပြီး အိပ်ရာဝင်ခွင့်ရခဲ့သောဘဝတို့နှင့်ဝေးရာ၊ ညနှင့်အိပ်ရာသည် ထမင်းလုံးတစ္ဆေမဟုတ်သော၊ အတွေးနှင့်မသိစိတ်ထဲက တစ္ဆေတွေကခြောက် လှန့်ခဲ့သော ညတွေက ကျမဘဝနေထိုင်မှုရဲ့အနာဖေးတွေလို အသားမာတွေ တက်နေခဲ့ရပါပြီ။


……


ကားလက်မှတ်ကိုသေသေချာချာကိုင်ပြီး လက်ကိုင်အိပ်ထဲထည့်၏။ ကားခေါင်းပိုင်းခြေနင်းခုံကို လှမ်းတက်လိုက်သည်။ ယုံကြည်မှုတခုကိုရင်ထဲထည့်ပြီးထွက်လာခဲ့သောခရီး။ သည်ခရီးက ကျမ၏စိတ်ကိုဘောင်ခတ်လှုပ်ရှားအောင် ဆော့ကစားနေပါတော့သည်။ တခါတခါ ပျော်တဲ့ဘက်ကို ရောက်သွားလိုက်၊ တခါတခါ ဝမ်းနည်းတဲ့ဘက်ကိုရောက်သွားလိုက်။ တခါတခါ ကိုယ့်ကိုယ်ကို မယုံကြည်တဲ့ဘက်ကိုရောက်သွားလိုက်နှင့် ပုံစံအမျိုးမျိုး ပြောင်းလဲဖြစ်တည်နေခဲ့ပါသည်။


ထိုင်ခုံနံပါတ်ကိုကြည့်ပြီး ထိုင်ချလိုက်ရင်း နဘေးဝဲယာကိုစောင်းငဲ့ကြည့်မိ၏။






အဆွေတော်ကားတစင်းလုံးနီးပါးလောက် စကားသံဝဲဝဲများနှင့် ရီမောသံများကို ကြားနေရ၏။ သူတို့မျက်နှာတွေက ခင်မင်နှစ်လိုဖွယ်ရိုးသားမှုအသွင်အပြင်များပင်။ တခါတခါ အသံတုန်းမြင့်မြင့်များ နှင့် အားရပါးရ ပြောဆိုရီမောသံများ။


ယာဉ်အကူက လက်မှတ်နှင့်မှတ်ပုံတင်ကို လိုက်လံစစ်ဆေးပြီး ည ၆ နာရီခွဲ ကားစထွက်မည်ဟု ပြောဆိုသံကိုကြားရသည်။ တရားခွေဖွင့်ထားရာမှ ရုပ်ရှင်ဘက်ပြောင်းပြီး တီဗွီကိုဖွင့်လိုက်သည်။ တဘီးခြင်းလှိမ့်ပြီး တဖြည်းဖြည်းခြင်း အရှိန်တိုးမြှင့်ထွက်ခွာသွားသောအဆွေတော်ကားပေါ်မှ ရန်ကုန်မြို့၏ဈေးဆိုင်တန်းများ၊ အိမ်များ၊ ဖြတ်သွားဖြတ်လာကားများကိုပြူတင်းမှငေးကြည့်ရင်း ကျမရင်ထဲမှာ လစ်ဟာ၍ သွားခဲ့ပါသည်။ ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာများ ဆွဲထုတ်ပစ်လိုက်ပြီး ဟာလာဟင်းလင်းပြင်ဖြစ်သွားသလိုမျိုးခန္ဓာ ကိုယ်နှင့် အဆွေတော်ကား၏သယ်ဆောင်ရာကို လိုက်ပါလာခဲ့ပေသည်။






တမြို့ဝင်တမြို့ထွက်နှင့် ညဥ့်သုံးနာရီလောက်တွင် ဘားအံတံတားအဝင်ကို ဆိုက်ရောက်ခဲ့သည်။ ဘားအံတံတားက မနက်ခြောက်နာရီမှဖွင့်သဖြင့် ရပ်နား၍ စီတန်းထားသောကားများပေါ်မှ ဆင်းခဲ့ သည်။ တချို့က လက်ဖက်ရည်သောက်သူသောက်၊ နဘေးဈေးဆိုင်တန်းမှာငှားသော ကုလား ထိုင်ပေါ် အိပ်သူအိပ်။ စီးလာသောကားပေါ်မှာပင် အိပ်သူအိပ်။ လမ်းလျှောက်သူလျှောက်နှင့် မနက်ခြောက်နာရီထိုးကို စောင့်ဆိုင်းခဲ့ကြသည်။





မနက် ၆ နာရီကားဂိတ်ဖွင့်သည်နှင့် တစီးပြီးတစီး ဘားအံတံတားကို ကျော်ဖြတ်ခဲ့ပြီး သံလွင်မြစ်မ ဘေးလမ်းမှ ခရီးဆက်ခဲ့ကြသည်။ ဇွဲကပင်တောင်ဘေးရွာကလေးများကို ဖြတ်ကျော်တော့ မနက် ၈ နာရီကျော်လောက်ရှိနေပေပြီ။ နှင်းမြူဝေ့ဝေ့ဆိုင်းဆိုင်းတွဲခိုနေသည်ကြားက ဇွဲကပင်တောင်၏ အလှက အံ့မခန်းမြင်တွေ့ရတော့၏။ သင်ပုန်းကျောက်တုံးတင်နေကြသောကားများ စက်သံများကို တခါတခါကြားနေရသည်။ အကွေ့အပတ်၊ အဝေ့အဝိုက်လမ်းများကိုမောင်းနှင်နေသဖြင့် ဇွဲကပင် တောင်၏အလှ၊ ဇွဲကပင်တောင်ပေါ်တွင်တည်ထားကိုးကွယ်သော စေတီ ပုထိုးများ၏ သပ္ပယ်မှုကြားမှ မနက်ခင်းအလင်းနုနုက နှင်းငွေ့နှင်းမှုန် တောင်ပခုံး တောကြား လျှိုကြားမှ စီးကျလာသော နေခြည်မျှင် နုနုတို့က အလွန်ပင်ရှားပါးသော သဘာဝတရားများပင် ဖြစ်ပါတော့သည်။

….

ကားကြီးဝင်းဟောင်းဘက်မှကုန်တင်ကားကြီးများ၏အင်ဂျင်သံ၊ ဆိုင်ကယ်သံများ၊ မြက်ရိုင်းလမ်း ကလေးမှဖြတ်ပြီး အလုပ်ပြန်လာကြသောလူသံများက တခါတခါလွင့်လာကြ၏။

ကျမကိုယ်ပိုင်လုပ်ငန်းတခု လုပ်ဆောင်ကြည့်ရန်အတွက် နယ်စပ်မြို့ကလေးကို ရောက်လာခဲ့ခြင်း ဖြစ်ပါ သည်။ နယ်စပ်ဂိတ်တွင် ကုန်သည်နှင့်ရုံးလုပ်ငန်းကြား ဝန်ဆောင်မှုပေးသည့်အေးဂျင့်လုပ်ငန်း လုပ်ဆောင် ရန်ဖြစ်၏။ အကောက်အခွန်ဌာနမှသူငယ်ချင်းရှိရာ မြဝတီမြို့ထဲသိုသွားတွေ့ခဲ့သည်။ သင်္ကန်းညီနောင်မှာလား တံတားမှာလား မေးစမ်းကြည့်လိုက်တော့ မုံရွာမြို့သို့ ပြောင်းသွားကြောင်း သိလိုက်ရသည်။ ဖုံးနံပါတ်တောင်းပြီး ဖုံးနှင့်ဆက်သွယ်ခဲ့သည်။ သူ့ကိုချိတ်ပေးသောသူများက လိုလိုလားလားရှိပုံ မရကြ။ တံတားဂိတ် ပိတ်ထားတာ တလကျော်ပြီ။ ဘယ်တော့ပြန်ဖွင့်ဆိုတာ မသိနိုင်သေးကြောင်း၊ ကုန်သည်များလည်း ဒီဘက်လမ်းကြောင်းကိုနားပြီး အခြားဘက်လှည့်နေကြောင်း၊ ညဘက်ညဘက်ပစ်သံခတ်သံများဖြင့် မအေးချမ်းကြောင်း ပြောပြခဲ့သဖြင့် ကျမအတော်ပင် စိတ်ဓာတ်ကျသွားခဲ့ရသည်။

ရန်ကုန်မှကုမ္ပဏီလုပ်ငန်းများတွင် ဝန်ထမ်းဘဝကိုစိတ်ကုန်ခဲ့သောကျမအဖို့ အားကိုးရာမဲ့ စရာ ဖြစ်နေတော့ ၏။ ဟိုတယ်လုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများတွင် စာရင်းဇယားအမျိုးမျိုးရေးဆွဲရခြင်း၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များတွင်အလုပ်သမားဥပဒေနှင့်မကိုက်ညီသောလစာစနစ်များ၊ ခွင့်ကိစ္စများ၊ နောက်ကျကြေး များ၊ စေခိုင်းမှုများ၊ နေထိုင်မကောင်းရင်တောင် ခွင့်ရက်မပေးဘဲ ဇွတ်ခိုင်းစေမှုများ။ အလုပ်ရှင်ကိုယ် တိုင်ကြိုက်ရာအချက်ရေးသွင်းပြီး စာချုပ်အဖြစ်သတ်မှတ်လက်မှတ်ထိုးရခြင်းများ။ အဆိုးဆုံးကတော့ ဝန်ထမ်းအချင်းချင်းလစာကို တယောက်နှင့်တယောက်မသိစေဘဲ ရာထူးတူ လစာ မတူညီမှု များ။ နှစ်တိုးမရှိဘဲ နှစ်ကြာအလုပ်သမားများကို အထင်သေး စော်ကားခြင်းများ။ တယောက် လစာတယောက်သိလျှင် နှစ်ဦးစလုံထုတ်ပယ်ပစ်ခြင်းများ။ သတိပေးစာသုံးကြိမ်မထုတ်ဘဲ ထုတ်ချင်သလိုထုတ်ပယ်ခြင်းများ။ အလုပ်ရှင်၏လူယုံမှ ဥပဒေမဲ့ ခြိမ်းခြောက်စကားများ။

အမှောင်ရိပ်တို့တဖြည်းဖြည်းလှမ်းဝင်လာကြသည်။ တဖက်ကမ်းမှပေးထားသောလျှပ်စစ်မီးများပင် ဖွင့်ထားကြပေပြီ။


" အောက်မှာခြင်တွေကိုက်တယ်က" " အပေါ်တက်လေ " အိမ်ရှင်စကားသံကြောင့် ကွပ်ပျစ်လေး ပေါ်မှထလာခဲ့၏။

ကောင်းကင်ပေါ်တွင် လရောင်ဝိုးတဝါးက ထွက်ပြူစပြုလာ၏။ လရိပ်ဝိုးတဝါးက အမှောင်ထုကိုအတင်းတိုးဖို့ အားယူနေကြသည်။


မြက်တောလူသွားလမ်းကလေးမှဖြတ်လျှောက်ပြီး အိမ်ပေါ်အတက်တွင် မနက်ဖန်မနက် ၈ နာရီမှာ ရန်ကုန်ပြန်ကားလက်မှတ်ယူထားခြင်းကို သတိရတော့သည်။ လက်မှတ်ဘယ်မှာထားမိပါလိမ့်ဟု တွေးမိသေးသည်။ အိမ်ရှင်သားအဖထံမှ မယူမိသေးကြောင်း သတိရတော့မှ စိတ်အေးသွား၏။

ဒေါနတောင်တက်တောင်ဆင်းလမ်းက အတက်တရက် အဆင်းတရက် ခွဲခြားသွားရသည်။ အဆင်းရက်နှင့်ကိုက်အောင်စောင့်ပြီး လက်မှတ်ဖြတ်ထားရသည်။ တောင်ပေါ်မှပြန်ဆင်းရန် အတွက် ကြောက်ရွံ့စိုးရိမ်စိတ်လည်း ဝင်မိပြန်သည်။ အိမ်နီးနားချင်းတွေ၊ အိမ်ရှင်တွေ၏ပြောစကားအရ တဖက်ကမ်းမှပြန်လာကြသောအလုပ်သမားလေးများ တင်လာသော ဟိုင်းလက်ကားသည် မနေ့ကတောင်ပေါ်မှပြုတ်ကျပြီး၊ အားလုံးသေဆုံးသွားကြသည်တဲ့။


ခဏခဏကားတွေပြုတ်ပြုတ်ကျနေတာပဲ … စသည်ဖြင့် သူတို့ပြောစကားများက နားထဲကို လာရောက်ခြောက်လှန့်နေကြသည်။

အတက်ခရီးတုန်းကလည်း ဘားအံမြို့ကထွက်ပြီးတော့ ကော့ကရိတ်မြို့ဝင်ခဲ့သည်။ ကော့ကရိတ်မြို့မှာ မနက်စာစားပြီး ကားပြောင်းစီးရသည်။ တောင်းအေ့ကား ဟိုင်းလက်ကားများထဲမှ ရရာဟိုင်းလက်ကားဖြင့် တောင်ပေါ်တက်ခဲ့ရသည်။

အောင်မလေး။ ကော့ကရိတ်မြို့ကထွက်လိုက်တာနဲ့ တောင်တက်လမ်း စတွေ့တော့တာပါပဲ။ ကွေ့လိုက် ပတ်လိုက်နှင့် ဒေါနတောင်နံရံဖဲ့ပြီး ကားလမ်းခင်းထားသည်။ တဖက်ကတောင်နံရံ အဖဲ့သားက ကားတစီးစာမောင်းသာရုံ။ နဘေးမှာ ချောက်ကမ်းပါးကြီးက တဖြည်းဖြည်းမြင့်တက်လာလေ နိမ့်ဆင်းပိုဝေးသွားလေပါပဲ။ ရဟတ်ယာဉ်ပေါ်က အောက်ကိုငုံ့ကိုင်းကြည့်ရသည့်မြင်ကွင်း။


တခါတရံ ကော့ကရိတ်မြို့အထွက်က စောစောကဖြတ်လာခဲ့သည့် မြေနီလမ်းကလေးကိုပင် အထက်စည်း သစ်ရွက်များကြားက မြင်နေရသည်။ စပါးခင်းစိမ်းစိမ်းများက အစိမ်းရောင်ကတ္တီပါ ကော်ဇောကို အကွက်လိုက် ချခင်းထားလေသလားဟု ထင်မှတ်ရ၏။ လမ်းတွေ သစ်ပင်တွေ ချောက်ကမ်းပါးတွေ အနိမ့်ပိုင်းတောင်ပတ်လမ်းမှတက်လာကြသောကားတွေ၊ ဟိုးအောက်ခပ်ပျပျမှာ လှမ်းမြင်နေရသည်။ ကားတစီးစာလမ်းတွင် ကယ်ရီဆိုင်ကယ်များက ကားဘေးမှဖြတ်ဖြတ် ကျော်တက်သွားကြတာ အသည်းရားစဖွယ်ဖြစ်မိ၏။ ဟိုင်းလက်ကားနဘေးသံတိုင်များကိုဆုပ်ကိုင်ထားသော်လည်း ကွေ့လိုက်ဝိုက်လိုက်လျှင် ကားပေါ်မှလွင့်စင်ထွက်သွားမတတ်။

ဒါတောင် ကားအမိုးပေါ်မှာ အမျိုးသားဆယ်ယောက်လောက် တင်ထားသေးသည်။ ဘုရားစာရွတ်နေရင်းနှင့်ပင် ဝါးလုံးတန်းထိုးထားသောဂိတ်ကလေးများကိုကျော်ဖြတ်ခဲ့ရသည်။ တနေရာတွင် ကားပေါ်မှဆင်းလျှောက်ပြီးမှ မှတ်ပုံတင်ပြရကာ ကားပေါ်ပြန်တက်ခဲ့ကြရ၏။ သင်္ကန်းညီနောင်မှမြဝတီမြို့ထဲကို အာရှလမ်းမှဝင်ခဲ့၏။ အာရှလမ်းကတော့ အတော်ကိုဖြူးဖြောင့်ပြီး သေသပ်ညီညာလှသည်။

မြဝတီမြို့အဝင် ကူးသန်းရောင်းဝယ်ရေးဇုံဂိတ်ဝင်းထဲဝင်ပြီး၊ လူတွေ မှတ်ပုံတင်တွေ၊ ကုန်ပစ္စည်းပါရင် ကုန်ပစ္စည်းတွေ စစ်ဆေးသည်။ ပြီးမှကားပေါ်ပြန်တက်ပြီး အာရှလမ်း အတိုင်း မြဝတီမြို့ထဲသို့ တောက်လျှောက် မောင်းလာခဲ့တော့၏။

….

မနက်ဖန်သည် ကျမခန္ဓာကိုယ်ကို အဘယ်သို့ သယ်ဆောင်၍ နေရာဟောင်းလေးဆီ ပြန်ခဲ့ရဦးမည်ကို မစဉ်းစားနိုင်ခဲ့သေးပါ ။




ဝါကျဖြူ

22.05.2016


Comments