ကဗျာဆရာမ မစိမ်းပင်ပုံရိပ်ပါတဲ့ အောင်ဝေးရဲ့ မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)



ကြယ်နီကြွေပွင့် ကဗျာဆရာမ မစိမ်းပင်အမှတ်တရအဖြစ် ကဗျာဆရာအောင်ဝေး RFA မှာ တင်ဆက်ခဲ့ဖူးတဲ့ "မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)" ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။
ဒီဆောင်းပါးထဲမှာ ဆရာမ မစိမ်းပင်ရဲ့နရသိန်အကျဉ်းစံပုံရိပ်တစွန်းတစကိုတွေ့မြင်နိုင်ပြီး ကဗျာဆရာတွေ ဟာ ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေကို  ဘယ်လိုတုံ့ပြန် ရင်ဆိုင်ခဲ့သလဲဆိုတာနဲ့ အာဏာရှင်တွေရဲ့အငြိုးတကြီး ဘယ်လိုဖိနှိပ်ဖြိုခွင်း ချိုးခြေခဲ့သလဲဆိုတာတွေကိုလည်း တစေ့တစောင်းမင်တွေ့နိုင်မှာဖြစ်တဲ့အတွက် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
(မိုးမခမှ ကူးယူဖော်ပြပါသည်။)

သစ်ခက်သံလွင်
...................
မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)
ကဗျာဆရာမ မရီဝေ FB မှ ကူးယူပါသည်။

ဇူလိုင် ၁၉၊ ၂၀၁၀
မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ပြီးခဲ့တဲ့မတ်လ ကမ္ဘာ့ကဗျာနေ့တုန်းက ပြည်တွင်းက ကဗျာဆရာတွေရဲ့ အနုပညာ လှုပ်ရှားမှုသတင်းတွေ ကြားရဖတ်ရတော့ ကျနော်တို့ ဒီမှာ အတော့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ် ကိုဒေါင်း။ ဒီမှာရှိတဲ့ ဘာလော့ဂါကဗျာဆရာတွေကလည်း အဲဒီသတင်းကို ဓာတ်ပုံတွေနဲ့ သူတို့ ကိုယ်ပိုင် ဘလော့ဂ်တွေမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ကြတယ်လေ။ ဒီမှာကတော့ ဆရာမောင်စွမ်းရည်ကို အကြီးအမှူး၊ ဦးစီး ဦးဆောင်ထားပြီး ကဗျာလှုပ်ရှားနေကြတာပါ။

မောင်စွမ်းရည်က နယူးယောက်စီးတီးမှာ။ သစ်ကောင်းအိမ်က အင်ဒီယားနား၊ ထက်ရာဇာက အော်ရီဂွန်။   ကျော်သူမိုးမြင့်က ယူတ၊ ခိုင်မာကျော်ဇောက ပင်ဆယ်ဗေးနီးယား၊ ကျနော်က မစ်ရှီဂန်ပဲ ဆိုပါတော့။ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာတော့ ကဗျာဆရာငြိမ်းဝေ၊ မောင်လွမ်းဏီ၊ စိုးနေလင်း၊ နှင်းခါးမိုးတို့ ရှိတာပေါ့လေ၊ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး ABSDF ကျောင်းသားတပ်မတော် ကနေပေါ်ထွက်လာတဲ့ ကဗျာဆရာတွေလည်း မနည်းပါဘူး၊၊

သူတို့အထဲကဆိုရင် နယ်စပ်မှာ ကဗျာဆရာ ကမာပုလဲ၊ ကယ်လီဖိုးနီးယားရောက်နေတဲ့ အောင်သာငယ်၊ အင်ဒီယားနား ဖိုတ့်ဝိန်းက ဆောင်းယွန်းလ၊ ဒါ ကျနော် လက်လှမ်းမီသလောက်ဆိုပါတော့၊ သူတို့ကို လက်နက်ကိုင် ကဗျာဆရာတွေလို့ ခေါ်ရမလားပဲ။ အခုလက်ရှိ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲကိုယ်တိုင်လည်း ကဗျာရေးသူတယောက်ပါ။

ပြည်ပရောက်လာပြီး ၊ကိုယ်ပိုင်ဘလော့ဂ်နဲ့ ကဗျာတွေအဆက်မပြတ်ရေးတင်နေကြသူတွေထဲမှာ နယ်စပ် က ဒုက္ခသည်စခန်းတခုမှာ ရောက်နေတဲ့ ခင်လွန်း၊ မယ်တော်ဆေးခန်းက ဒေါက်တာလွဏ်းဆွေ၊ ဗန်ကောက်တက္ကသိုလ်တခုက ကောင်းကင်ကို၊ အမေရိကားက ဟာဝိုင်ယီမှာနေတဲ့ မသဒ္ဒါတို့ ဆိုရင်လည်း မြန်မာကဗျာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းကနေ ကြိုးပမ်းနေ ကြသူတွေပါ။

ကဗျာဟာ ဒီမိုကရေစီတိုက်ပွဲလက်နက်တခုအဖြစ်နဲ့ အဝေးရောက်မြန်မာ ကဗျာဆရာတွေက ယုံယုံ ကြည်ကြည် ကိုင်စွဲထားကြတာပါ။ ပြည်တွင်းမှာကတော့ ကဗျာဟာ အထူးသဖြင့် လူငယ်တွေရေးနေ တဲ့ ခေတ်ပြိုင်ကဗျာတွေဟာ စစ်အစိုးရရဲ့ အထူးပိတ်ပင်ကန့်သတ်ချုပ်ချယ်ခြင်းခံနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းဟာ ကဗျာနဲ့မကင်းကွာဘူး။ ကဗျာဆရာနဲ့မကင်းကွာဘူး။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာတော့ ပြည်သူတွေနဲ့အတူပဲ ကဗျာဆရာတွေလည်း ဖိနှိပ်ခံ၊ စော်ကားခံ နေရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ ဆိတ်သုဉ်းနေတဲ့ ဖက်ဆစ်သံဖနောင့်အောက်မှာ စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်ဟာ ဇီးရိုးနတ္ထိပါပဲ။

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်စမ်းပါ ကိုဒေါင်း။ အုပ်ချုပ်သူ၊ ဖိနှိပ်သူ၊ အာဏာရှင်တွေဟာ ကဗျာဆရာကို စိုးရွံ့ကြောက်လန့်ခဲ့ကြတာချည်းပါပဲ။ လွတ်လပ်ရေးမရခင် ဗြိတိသျှကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရရဲ့ Black List ဆိုတဲ့ ရန်သူတော်စာရင်းထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို နံပါတ်တစ်အဖြစ် သတ်မှတ်ခဲ့တာပါ။

(ဗိုလ်ချုပ်အောင်ဆန်းက ရန်သူနံပါတ်- ၅ ပါ)

တိုင်းပြည်လွတ်လပ်ရေးရပြီးတဲ့ ဒီဘက်ခေတ်မှာ ကျတော့ရော။ ၁၉၇၆ ခုနှစ် ဆရာကြီးသခင် ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်ပွဲကို မဆလစစ်အစိုးရက ပိတ်ပင်တားဆီးခဲ့တာပဲ မဟုတ်လား။ မှိုင်းရာပြည့်အရေးအခင်းမှာ ကျောင်းသားတွေထောင်ချီပြီး အဖမ်းခံခဲ့ရတာပဲမဟုတ်လား။

န၀တ/နအဖခေတ်ကိုရောက်လာတော့ ပိုဆိုးသွားပြီကိုဒေါင်း။ န၀တခေတ်မှာ ပထမဦးဆုံး အဖမ်းခံ ရတဲ့ ကဗျာဆရာက ဆရာတင်မိုးပါ။ နောက်တော့ NLD က ကဗျာဆရာတွေဖြစ်ကြတဲ့ ဆရာ ဖျာပုံနီလုံဦးနဲ့ ဆရာမုံရွာအောင်ရှင်တို့လည်း အဖမ်းခံခဲ့ကြရပါတယ်။ ကဗျာဆရာမ မစိမ်းပင်ဆိုရင် အကျဉ်းထောင်ထဲမှာ လူစဉ်မမီတော့အောင် နှိပ်စက် ညှဉ်းပန်းခံခဲ့ရတာပါ။

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊ မြန်မာပြည်မှာပဲရှိတဲ့ စာပေစိစစ်ရေးဌာနဆိုတာ ဂျပန်ခေတ်က ကင်ပေတိုင်အဖွဲ့သာသာပါ။ ၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံကြီးမဖြစ်ခင်ကလေးက အဲဒီ စာပေ စိစစ်ရေးကိုရောက်လာတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဗဟိုဌာနချုပ်၊ သုတေသနဌာနကြီးက ပြုစုတဲ့ လျှို့ ဝှက်အစီရင်ခံစာတစောင် ကျနော်တို့ တနည်းတဖုံနဲ့ ရခဲ့ဖူးပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ လက်ရှိမြန်မာကဗျာဆရာတွေကို အစိုးရဆန့်ကျင်ရေးသမားတွေအဖြစ် အုပ်စုတွေခွဲပြီး ဖော်ပြထားတာပါ။ ဥပမာဆိုပါတော့ ဆရာစွမ်းတို့၊ ဆရာကြည်အောင်တို့၊ ကျနော်တို့ကို ဗကပတမ်းချင်းရေးသူ တောမျှော်ကဗျာဆရာများဆိုတဲ့ခေါင်းစဉ်အောက်မှာ ထည့်ထားတာမျိုး။ ပြီးတော့ တခါ ကာရန်မဲ့ကဗျာရေးလို့ဆိုပြီး ကျနော်တို့လူငယ်တွေကို အမေကျော်ဒွေးတော်လွမ်း ကဗျာဆရာများဆိုတဲ့ တံဆိပ်တပ်တာမျိုး။ န၀တ ခေတ်မှာလည်း ဒီလိုလျှို့ဝှက်အစီရင်ခံစာမျိုး ရှိတယ်လို့ ဆရာမြသန်းတင့်မကွယ်လွန်ခင်က ကျနော်တို့ကိုသတိပေးခဲ့ဖူးတာ ရှိပါတယ်။

စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာတော့ ကဗျာဆရာတွေ လည်း တောထဲရောက်၊ ထောင် ထဲ ရောက်၊ ရေဝေးရောက်ဖြစ်ကုန်ကြပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကနေ ၀င်ရောက်အရွေးခံပြီး အနိုင်ရခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်တို့၊ ဆရာ ဗန်းမော်ညိုနွဲ့တို့ကို စစ်အစိုးရက အငြိုးအတေးကြီးကြီး ထားခဲ့ပါတယ်။ ဆရာဗန်းမော်ညိုနွဲ့ဆိုရင် ကွယ်လွန်သွားတဲ့အထိ စာရေးခွင့်မရခဲ့တော့ပါဘူး။

NLD ကို ထောက်ခံအားပေးတဲ့အတွက် ဆရာကြည်အောင်နဲ့ ဆရာကိုလေး(အင်းဝဂုဏ်ရည်) တို့ကို စစ်အစိုးရက စာရေးခွင့် ထာဝရပိတ်ပင်ခဲ့ပါတယ်။ အခု ဆရာကြည်အောင် ကွယ်လွန်ခဲ့ပါပြီ။ စစ်အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်တဲ့ ကဗျာရေးလို့ ထောင်ချခံနေရတဲ့ ကဗျာဆရာစောဝေနဲ့ ဘလော့ဂါနေဘုန်းလတ်တို့ အကျဉ်းထောင်က ပြန်မလွတ်သေးပါဘူး။

ဘာနဲ့တူနေသလဲဆိုတော့ နအဖ စစ်အစိုးရဟာ ကဗျာဆရာကို အာဏာလုဘက်ထင်ပြီး မတရား ဖမ်းဆီးနှိပ်စက်နေတာမျိုးပါ ကိုဒေါင်း။

အားလုံးကိုသတိရလျက်-


အောင်ဝေး

၎ - ၁၉ - ၁၀

(ဤအသံလွှင့်ဆောင်းပါးကို ကဗျာဆရာစောဝေ မလွတ်မီက ရေးသားထုတ်လွှင့်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည့်ကဗျာဆရာအောင်ဝေး၏ မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၁၄ ကို လွတ်လပ်သည့်အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

Comments