ဒိုင်ယာရီထဲကစာ
(ဝတ္ထုတို)
www.crossconnectmag.com |
"...ခေတ်ကြီးက ဒီလိုပဲ၊ အဖြစ်အပျက်တွေကမြန်တော့ ကတိတွေလည်း
ပျက်ပေါင်း များပြီ၊ အတွေ့အကြုံများတဲ့ လူတယောက်က “ လက်တွေ့မှာ ဘက်မလိုက်ဘူးဆိုတာ မရှိပါဘူး”
တဲ့။
ဒီစကားဘယ်လောက် တာသွားလိုက်သလဲဆိုရင် တံခါးအားလုံး အလျှိုလျှို
ပွင့်သွား တော့တယ်၊ အမှားမရှိ။ အမှန်မရှိ။ ဟာလာဟင်းလင်း၊ အရိုင်းဆန်တဲ့တောအုပ်မှာ လူဖြစ်ခွင့်ရတာ
ကံဆိုးသလိုလို။ ကံကောင်းသလိုလို..."
---------------------------
“ဟိုးတုန်းကလို တယောသံသဲ့သဲ့ မီးခိုးတွေအူဝေတဲ့ သုညရှိတဲ့အရပ်မျက်နှာကို
ငါပြန်မမှတ်မိ”
အမှောင်တွေအုံ့နေတဲ့ အမိုးမလုံအခန်းကျဉ်းလေးထဲမှာ ဒီကောင်လေးကိုတွေ့တယ်၊
“ ကျနော်ဒီကိုရောက်တာ နှစ်လပဲရှိသေးတယ် အစ်ကို၊ ဆယ်တန်းဖြေထားတယ်၊ အလုပ်လုပ်ချင်လို့၊
ဘာမှတော့ မလုပ်တတ်သေးဘူး” လွန်ခဲ့တဲ့ (၁၀) နှစ်ဝန်းကျင်က ပုံရိပ်တခုကိုပြန်မြင်တယ်။
ဘ၀ကိုရဲရဲမြင်တတ်၊ ကြည့်တတ်တဲ့အရွယ်၊ မှားလိုက်ဖို့ ရော မှန်လိုက်ဖို့ရောလွယ်ကူတဲ့အရွယ်။
ညပိုးကောင်တွေဆူညံနေတဲ့ အေးစိမ့်စိမ့်ညဉ်ဦးပိုင်းမှာ
ကောင်လေးဆီကဖုန်းလာ ပြန်တယ်။ ကျနော်က ရေချိုးပြီးစ အပြင်ကအအေးကိုကာကွယ်ဖို့ ကြိုးစားနေတဲ့
အချိန်။
“ ကျနော်ဒီမှာ နေရတာအဆင်မပြေဘူး၊ အစ်ကိုတို့နဲ့လာနေချင်တယ်၊
အကူအညီ ပေးလို့ရမလား” တဲ့။
ဘာပြန်ပြောရမယ်မှန်းမသိ။ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့
“ မင်းငယ်ပါသေးတယ်ကွာ၊
လုပ်စရာတွေ အများကြီး ရှိသေးတယ်” လို့ ပြန်ပြောလိုက်တယ်။
အဲ့ဒီညအိပ်မက်ထဲမှာ ဟိုးတုန်းက အဝေးလမ်းမတွေ၊ ကုက္ကိုပင်တန်းတွေ၊
ငယ်ဘ၀ ရဲ့သူရဲကောင်းတွေနဲ့ပြန်တွေ့တယ်။ အခြေအနေတွေပြောင်းကုန်ပြီဗျာလို့ ကျနော် အော်ပြောမိတယ်။
ကျနော်ပြောတာနောက်ကျလို့ ဘယ်သူမှမအံ့သြ။
“ ခင်ဗျား အများကြီးလုပ်နိုင်မယ်ဆိုတာ ကျနော်ယုံတယ်” လို့
သူငယ်ချင်း တယောက် က ပြောတယ်။ သူနဲ့ကျနော် စပါးခင်းတွေဘေးက လမ်းမကြီးပေါ် သစ်ပင်တွေ ကိုင်းရိုင်းတောထနေတဲ့အချိန်မျိုးမှာ
ကျောက်ချွန်ချွန်တွေ ငေါ့ထွက်နေတဲ့မြေလမ်းပေါ် စကားတပြောပြော။
နေရောင်က တောင်စောင်းက မရိတ်သိမ်း ရသေးတဲ့ ပြောင်းဖူးခင်းတွေပေါ်
ဖြာကျလို့။
အပြန်မှာ အဘိုးအိုလင်မယားရောင်းတဲ့ဆိုင်ငယ်လေးမှာ ကိုယ်စီဆက်ရမယ့်ခရီးတွေ
အကြောင်း လူငယ်ပီပီ အင်နဲ့အားနဲ့ ပြောဖြစ်ကြတယ်။
ကျနော်တို့ ဒီလိုပြောင်းပစ်လိုက်ရင်ကောင်းမယ်ဗျ၊ ခင်ဗျားဘယ်လိုသဘောရလဲ၊ တယောက်ပြောတာကိုတယောက်က စောင့်နားထောင်တယ်၊ ခွေးသံတွေတစီစီနဲ့
ရီဝေေ၀ညနေတွေက ပျော်ဖို့ကောင်းရဲ့။
“ကျနော်တို့ ငယ်ငယ်ကနားလည်တာမျိုးမဟုတ်တော့ဘူးဗျာ ”
“ ဟုတ်တယ် ဒီပုံစံဟာ ကမ္ဘာဘယ်နေရာရောက်ရောက် ခင်ဗျားတွေ့ရမယ့်ပုံစံပဲ
”
နောက်တနှစ်အကြာမှာ နေရာသစ်ကနေ ဒီစကားကိုပဲ သူထပ်ပြောပြန်တယ်၊
လမ်းထိပ်ကကားဂိတ်မှာ ကျနော်တယောက်ထဲ သွားသွားထိုင်တတ်တာတွေကို သိတော့ “ခင်ဗျားတယောက်ထဲ
မကောင်းပါဘူး” လို့ပြောတယ်၊
“ ခက်တာက ကျနော်က စိတ်ညစ်တဲ့အခါတယောက်တည်းနေချင်တာပဲ”
နောက်တော့ ပျင်းရိစရာအဖြစ်အပျက်တွေနဲ့ဘေးတိုက်ရွေ့နေတဲ့ကျနော့်ကို
သူက အဝေးက လှမ်းအားပေးတယ်၊ ခင်ဗျားနဲ့ ကျနော်အတူတူရှိရင် ကောင်းမယ်ဗျာတဲ့၊ ခုတော့တခါ သူလည်း လမ်းတကာလျှောက်နေရပြန်တယ်၊ ခင်ဗျားအတွက်
ဘုရားဆီမှာ ကျနော်ဆုတောင်းပေးပါတယ်လို့သာ အကြောင်းပြန်လိုက်ရတယ်၊ ခေတ်ကြီးက ဒီလိုပဲ၊ အဖြစ်အပျက်တွေကမြန်တော့ ကတိတွေလည်း
ပျက်ပေါင်း များပြီ၊ အတွေ့အကြုံများတဲ့ လူတယောက်က “ လက်တွေ့မှာ ဘက်မလိုက်ဘူးဆိုတာ မရှိပါဘူး”
တဲ့။
ဒီစကားဘယ်လောက် တာသွားလိုက်သလဲဆိုရင် တံခါးအားလုံး အလျှိုလျှို
ပွင့်သွား တော့တယ်၊ အမှားမရှိ။ အမှန်မရှိ။ ဟာလာဟင်းလင်း၊ အရိုင်းဆန်တဲ့တောအုပ်မှာ လူဖြစ်ခွင့်ရတာ
ကံဆိုးသလိုလို။ ကံကောင်းသလိုလို၊ မသိသလိုလို သိသလိုလို နေရတဲ့ သံခေတ်တမန်ခင်းခေတ်ပါလား။
လူ့အဖြစ်တွေဟာ သဘာဝကျတယ်ဆိုရင် ကျနော်တို့ရဲ့အယူသည်းမှုတွေကို
ဘယ်လို လုပ်ရပါ့၊ ဘာလုပ်ဖို့လိုသေးလဲလို့ စိတ်ထဲမှာ ပြန်ပြန်မေးကြည့်ရတဲ့ အထိပါပဲ။
တခုခုကို ဆုပ်ကိုင်လိုက်ပါလားလို့ တယောက်က အကြံပေးတယ်၊
ခက်တယ်ဗျာ၊ ပြန်စဉ်းစားလိုက်ရင် ဟိုးတုန်းကနဲ့ ဘာမှသိပ်မကွာပြန်ဘူး၊ အမေ့ကိုပဲ တိုင်တည်
နေရတယ်၊ အမေကျနော့်ကိုခွင့်လွှတ်ပါ၊ ကျနော်တို့ နောက်ကျတယ်၊ သို့မဟုတ် ကျနော်တို့ စောလွန်းတယ်၊
တကယ်ဆို အဖေ့ရဲ့မြေကွက်လေးမှာ စံပယ်ပင်တွေ စိုက်ပျိုးဖို့လောက်ပဲ ကျနော်လူဖြစ်လာတာ၊
မနက်စောစောကြီးခရီးမထွက်ခင်မှာ အမေ့ကငါ့ကို တတွတ်တွတ်မှာတယ်၊ “ သားပျောက်အမေရဲ့သောက
နင်မသိဘူးနော် ” တဲ့၊ ဒီတခါလည်း ဖြေစရာစကားရှာမရပြန်။
အစီအစဉ်တခုအတွက် ကျနော်တို့အကောင်းဆုံးလုပ်ကြကိုင်ကြတယ်။
သဘောမတူပေမယ့်ယဉ်ကျေးမှုတခုထဲ အလျားလိုက်ဝင်စားလိုက်ရမယ့်နေ့ဟာ ပင်ပမ်းတယ်၊ ဂုဏ်သိက္ခာနှင့်တာဝန်ယူမှုအတွက်
ကျနော်တို့ ပေါ့ပေါ့တန်တန် မလုပ်ဘူးဆိုတာကို ပြသရတော့မယ်၊ အဆုံးသတ်မှာ အရိုင်းဆန်မှုနှစ်ခု
တည့်တည့်တွေ့တော့မယ်၊ ဟန့်ဝါခြင်းတွေထဲနားမလည်စွာ အတုံးရုန်း၊ နောက်တော့လည်း အများနည်းတူ
ပြီးဆုံးသွားပြန်တယ်။
အနံအသက်မကောင်းတဲ့ မှောင်စပျိုးချိန်တွေမှာ ကျနော်တို့သူငယ်ချင်းတွေ
လမ်းလျှောက် ထွက်ကြပြန်တယ်၊ ဒီလို ရာသီဥတုကိုမဿကိက်ဘူးဗျာ၊ မိရိုးဖလာဆိုတာကို မကြိုက်ဘူး၊
ပြောင်းလဲပစ်ဖို့လိုနေပြီ၊ ကောလဟလထဲက လူညစ်တွေလို ကျနော်တို့ အပြင်မှာမကျင့်ကြံသင့်ဘူး၊
နောက်ဆုံးတော့ ကိုယ်ပိုင်တဲ့ ငယ်ငယ်က အကြောင်းတွေကိုပဲ တယောက်တလှည့်ပြောမောရင်း မိုးစုန်းစုန်းချုပ်ခဲ့
ရပြန်တယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခရီးရှည်ထွက်ရာကပြန်လာတဲ့ လူတယောက်က
“ မင်းက အခုမှ ခရီးစထွက်မလို့လား” လို့ အမောတကောမေးတယ်၊ ကျနော်က သူ့မေးခွန်းကိုမဖြေဘဲ
သူဆက်ပြောမယ့်စကားကို နားထောင်နေတယ်၊ စကားမဆုံးခင်မှာ မီးဖွားတော့မယ့် အမျိုးသမီးတယောက်ကို
ပြုစုဖို့ သူထွက်သွား တယ်၊ ကျနော့်အတွက် ကံကောင်းတာလား၊ ကံဆိုးတာလား၊ အခုချိန်မှာဆုံးဖြတ်ဖို့
စောလွန်းသေးတယ်၊
ခုတလော ကျနော်တို့ရပ်ကွက်ဆီ အမှိုက်သိမ်းကားမလာတာကြာပြီ။
အဲဒီရက်တွမှာပဲ ကျနော်တို့လမ်းကြားလေးမှာ ရေလျံနေတယ်၊ နေပူကျဲကျဲမှာ
ကလေးတွေနဲ့ ငါးမျှားထွက်ရင် ကောင်းမလား၊ ပုလင်းကောက်တဲ့ ကုလားလေးနဲ့ မိတ်ဖွဲ့ရကောင်းမလား၊
ပဲပြုတ်သည်ကိုပဲ အလိုက်သင့်စကားပြောလိုက်ရကာင်းမလား စဉ်းစားတယ်၊ ခေတ်ဆို တာကြီးက ခက်တယ်ဗျာ၊
သူစိမ်းတွေလည်း သူစိမ်းတွေအလျောက်၊ သူကျက်တွေလည်း သူကျက်တွေအလျောက်၊ နားညည်း စရာတွေ
နေရာတကာမြင်ရတွေ့ရလို့ထင်ပါရဲ့၊ ဘာကိုအားကျရမှန်းလည်းမသိ၊ ဘာကိုအပြစ်တင်ရမှန်းမသိ၊
သက်ပြင်းတွေ အခါခါချတယ်၊
အစဉ်အလာစကားတွေကို စိတ်ကုန်လာတယ်၊ ဆင်ခြေဆင်လက်တွေလည်း
နားထောင် မကောင်းဘူး၊ အောင်မြင်သူတို့ နေနည်းထိုင်နည်းဆိုတာမျိုးက စိတ်ဝင်စားစရာ မကောင်းဘူး။
မဂ္ဂဇင်းထဲမှာ ကျောင်းတုန်းက ကဗျာရေးဖော်သူငယ်ချင်းတယောက်ရဲ့
ကဗျာကို တွေ့ရတော့ ၀မ်းသာတယ်၊ ဒီကောင် ချစ်သူကိုလွမ်းတုန်း၊ မိုးဥတုကို ဖွဲ့တုန်း၊ သစ်ပင်တွေအကြောင်းပြောတုန်း။
နေနေ
သြဂုတ်-၁၉။ ၂၀၀၆
Comments
Post a Comment