ကာတွန်းဝင်းထွန်းရဲ့ ကာတွန်းအကြောင်း တစေ့ တစောင်း ... - ၂



ကာတွန်းအကြောင်း တစေ့ တစောင်း ... - ၂



ဒီနေ့ကျွန်တော်နဲ့အတူ ကာတွန်းလေ့လာနေတဲ့ လူငယ်တစုကို ဆက်ပြောပြဖြစ်တာကတော့ ...
ကျွန်တော့် ဆရာတွေထဲက တဦးဖြစ်သူ ကာတွန်းကိုငွေကြည်ပြောတဲ့ ကာတွန်းသမားတဦးရဲ့ လိုအပ်ချက် ... (၂၀၀၇ မဟေသီမဂ္ဂဇင်းမှာပါခဲ့တဲ့ အင်တာဗျူးထင်တယ်) အကြောင်းဖြစ်ပါတယ်။

ဆရာကိုငွေကြည့်ရဲ့ စကားလေး ၃ ခွန်းက...


ကာတွန်းဆရာဖြစ်ဖို့ ...

၁။ ပုံဆွဲတဲ့ အတတ်ပညာရယ်
၂။ အတွေးအခေါ်ရယ်
၃။ ဟာသ ရှိဖို့ရယ် လိုတယ် .... တဲ့ ...

မှန်၏ ... ကျွန်တော် ခြွင်းချက်မရှိ လက်ခံ၏  ကျွန်တော်အဲဒီအတိုင်း လေ့လာခဲ့၏။
နောက် ကျွန်တော်အမြင်ထည့်ပေါင်းပြောရင်း ရှင်းရလျှင် ...
.(အောက်မှာဆက်ရေးထာတာတွေက ကျွန်တော့်အမြင်အယူအဆတွေ ပေါင်းထည့်ရေးထားတာပါ။  တကယ်လို့အခြားသူများ သဘောမတူတာ ... ပြဿနာရှိရင် ကျွန်တော်နဲ့သာ သက်ဆိုင်ပါတယ် ....။)
၁။ ပုံဆွဲတဲ့ အတတ်ပညာက သင်လို့ရနိုင်တယ် ..
ကျန်တဲ့ ၂ ခုက နည်းလမ်းပဲ ပြောပြလို့ရတယ် ... ကိုယ့်ဟာကို ရှာဖွေ လေ့ကျင့်မှရမယ် ။
ဆိုလိုတဲ့သဘောက ... ပန်းချီကျောင်းဆင်းတိုင်း ... ပရော်ဖက်ရှင်နယ် ပန်းချီဆရာ တန်းမဖြစ်ဘူး။  (ဆိုလိုတာက အနုပညာပြောင်မြောက်တဲ့သူ ချက်ချင်းမဖြစ်နိုင်ဘူး)(တချို့တလေ ထူးချွန်တတ် တာက တပိုင်းပါ၊ အများစုက ချက်ချင်းမဖြစ်ကြပါဘူး။)
ပန်းချီ အနုပညာ ပြောင်မြောက်ဖို့ ဘယ်ကျောင်းကမှ ... ဘယ်ဆရာကမှ သင်ပေးလို့မရဘူး။ ဒီလိုရေးကွလို့သာ သင်ပေးလိုက်တာပါ။ အနုပညာမြောက်ဖို့က ... မိမိဟာ မိမိ အရေးလေ့ကျင့်ရင်း  တဖက်က ရှေးက ပညာရှင်တွေဆီက ကြည့်ရှုမှတ်သား မေးမြန်းပြီး လေ့လာ လေ့ကျင့်ယူရပါတယ်။

၂။ အချက်ဖြစ်တဲ့ အတွေးအခေါ် ဆိုတာရဖို့က (ကာတွန်း စိတ်ကူးအတွက်ကိုပြောတာပါ) စာဖတ်ပါ ... နိုင်ငံရေးဖြစ်ဖြစ် သတင်းဖြစ်ရပ်တွေကို ကာတွန်းရေးချင်ရင် သတင်းစာဖတ် သတင်းနားထောင်ရပါမယ်။  နောက် လူတွေရဲ့တချို့ဖြစ်ရပ်လေးတွေ ရေးချင်သူက ... စကားဝိုင်းတွေမှာ စကားနားထောင်တဲ့ အလေ့လုပ်ပါ။ နောက် စိတ်ထဲမှာ အတွေး လေ့ကျင့်ပါ။ ကြာရင် ဖြစ်ရပ်တခုတွေ့တာနဲ့ ... သတင်းတပုဒ်ကြားတာနဲ့အလိုလိုစိတ်ထဲမှာ ကာတွန်း စိတ်ကူး ပေါ်လာပါတယ် ... ညှစ်ထုတ်စရာမလိုပါ။

နောက် ...
၃။ ဟာသဉာဏ်ရှိဖို့က ဖြစ်ရပ်တခုကို ဟာသမြောက်အောင် စဉ်းစားတတ်ရပါမယ် ။ (ဥပမာတခု ... ဘတ်စ်ကားနောက်ပေါက်က လူတယောက် လက် ၂ ဖက်လုံး စုံကိုင် တွယ်လိုက်သွားသည် ဆိုပါစို့။
.. ဟာ ... အဲဒီလူ ခုနေ ပုဆိုးကျွတ်ကျရင် ဂွပဲလို့ မြင်တတ်ရပါတယ်။  ဥပမာအဖြစ်ပြောတာပါ ...။ သူများဒုက္ခရောက်စေတယ်မပြောနဲ့လေ ... အဟဲ) အဲဒီလို အရာရာ ဟာသ ဉာဏ်လေးနဲ့ ရှုမြင်တတ်ရင် အလုပ်ဖြစ်ပါတယ် ... ဟေဟေ့။

နောက် ကာတွန်းလည်း အနုပညာမြောက်ဖို့လိုပါတယ် ...။ အနုပညာမြောက်ဖို့လေ့လာပါ။ လေ့ကျင့်ပါ၊ ချက်ချင်းမရပါဘူး ...။

ကာတွန်းပုံတွေ ခခဏခဏ ပါတယ် ... လူသိများတယ်။ (မြန်မာပြည်မှာက ခေတ်ပျက်မှာ လူမုန်းများတဲ့သူတွေကို အမြဲဆော်နေ ရေးနေလို့ လူကြိုက်များတာတွေကို သတိထားကြည့်ပါ) ဒါပေမဲ့ အရည်အသွေးပါတဲ့ ကာတွန်းတွေ ... အဖတ်ခံတဲ့ကာတွန်းတွေ ၊ အတွေးအခေါ်တွေပါတဲ့ ကာတွန်းကောင်းတွေ မကျန်ခဲ့ရင် ... သူဟာ အနုပညာ မမြောက်ခဲ့တဲ့သူလည်း ဖြစ်နိုင်ပါတယ် ...

ကာတွန်းဝင်းထွန်း
ဝထး052016

ကာတွန်းဝင်းထွန်း




Comments