(မိုးမခ) - ခေတ်မီမီကမ္ဘာကြည့် ကြည့်ပြီး လွယ်အိတ်တလုံးနှင့် ရွာစဉ်လည်ဆဲ … …ေ


(မိုးမခ) - ခေတ်မီမီကမ္ဘာကြည့် ကြည့်ပြီး လွယ်အိတ်တလုံးနှင့် ရွာစဉ်လည်ဆဲ … …
မေ ၁၇၊ ၂၀၁၆


မြန်မာ့စာပေလောကမှာ ရုပ်ရှင်ဇာတ်ညွှန်းမှသည် ဘာသာပြန်စာပေ၊ သုတ-ရသစာပေ၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ၊ ပြည်တွင်း မျက်မှောက်ရေးရာ၊ နိုင်ငံရေးလေ့လာသုံးသပ်မှုတွေ အထိရေးသားခဲ့သော မောင်မိုးသူ၊ မိုးမခမဂ္ဂဇင်း၏ နာယကဖြစ်သလို၊ အခြားသော မဂ္ဂဇင်းနှင့် ဂျာနယ်များတွင် အယ်ဒီတာချုပ်၊ အတိုင်ပင်ခံအယ်ဒီတာ စသည်ဖြစ် မြန်မာ့စာပေလောကကြီးအတွက် အားကြိုးမာန်တက် ဆောင်ရွက်နေသော မောင်မိုးသူ၊ လက်ရှိအာဏာရပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင် ခဲ့သူတွေထဲက တယောက်ဖြစ်ခဲ့သူ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ နိုင်ငံရေး ယုံကြည်ချက် အကျဉ်းသားဟောင်း မောင်မိုးသူ.. မေလ ၁၇ ရက်နေ့မှာဆိုရင်တော့ အသက် ၇၉ နှစ်ပြည့်ပြီးလို့ ၈၀ တန်းဝင်တဲ့ တကယ့် “ဘကြီးမိုး” ဖြစ်လို့လာပြီ ဆိုရပါမယ်။

မောင်စိန်မြင့်ဆိုတဲ့ ငယ်နာမည်နဲ့ ဘကြီးမိုးဟာ ငယ်စဉ်ကတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်တဲ့ စိန်တောင်မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ၅တန်းအောင်သည်အထိ ပညာသင်ခဲ့ပြီး အင်္ဂလိပ်စာတတ်ဖို့အတွက် မိခင်နှင့် အစ်မလုပ်သူက စိန့်ပီတာ အင်္ဂလိပ်ကျောင်းကို ပို့ခဲ့တယ်လို့ ဘကြီးမိုးက ငယ်ဘဝကို ပြန်ပြောင်းပြောပြပါတယ်။ စိန့်ပီတာကျောင်းကနေပဲ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ် ဆိုပါတယ်။

စိန့်ပီတာအင်္ဂလိပ်ကျောင်းမှာ တက်စဉ်ကတည်းက ဘကြီးမိုးဖြစ်လာမယ့် မောင်စိန်မြင့်လေးဟာ မန္တလေး သတင်းစာတွေဖြစ်တဲ့ မြန်မာ့လမ်းစဉ်နဲ့ ဗဟိုရ်စည်တို့မှာ "မောင်သက်ဦး" ဆိုတဲ့ ကလောင်နာမည်နဲ့ အချစ်ကဗျာလေးတွေ ရေးရင်းစာပေ၊ ကဗျာတွေအပေါ်မှာ စွဲလန်းနှစ်ခြိုက်နေခဲ့ပါပြီလို့ ဘကြီးမိုးက လူငယ်ဘဝစာပေရူးသွပ်ဖြတ်သန်းခဲ့မှု အတိတ်ကို အမှတ်ရရ ပြောပြပါသေးတယ်။

၁၉၅၆ခုနှစ် မန္တလေးတက္ကသိုလ်မှာ တက်ရောက်ခွင့်ရခဲ့ချိန်မှာတော့ စာရေးဆရာကြီးတွေ၊ ကဗျာဆရာကြီးတွေနဲ့ထိတွေ့ခွင့်ရလာခဲ့ပြီး မြန်မာ့စာပေလောကထဲကို ထဲထဲဝင်ဝင်ပါဝင်ဖို့ ဖြစ်လာခဲ့ပါတော့တယ်တဲ့..။

တက္ကသိုလ်ကျောင်းသားဘဝမှာ မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်းမှာ အမှုဆောင်အဖြစ်လည်းကောင်း၊ ၁၉၅၇ ခုနှစ် မန္တလေးတက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦးမှာ အထွေထွေအတွင်းရေးမှူး အဖြစ်လည်းကောင်း၊ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းရဲ့ မြန်မာစာတည်းအဖြစ် လည်းကောင်း ကျောင်းသား၊ နိုင်ငံရေးနှင့် စာပေလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ကဗျာဆရာကြီး တင်မိုးရဲ့ "ဖန်မီးအိမ်" ကဗျာစာအုပ်ကို မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်းက ထုတ်ဝေခဲ့ပြီး အဆိုပါ စာအုပ်ဟာ အမျိုးသားကဗျာ စာပေဆုရရှိခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ် ကျောင်းသား သမဂ္ဂဒုတိယ ဥက္ကဌ ရွေးချယ်ခံရပြီး နောက်ပိုင်း ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ စစ်တပ်ကို အာဏာလွှဲပြောင်ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်းကြောင့် ကျောင်းသား သမဂ္ဂရဲဘော်များနှင့်အတူ အထိန်းသိမ်းခံကျောင်းသားအဖြစ် အကျဉ်းချခံခဲ့ရပါတယ်။

ဦးနုရဲ့ပထစ အစိုးရခေတ်မှာ ပြန်လည် လွတ်မြောက်လာပြီး "မောင်မိုးသူ" ဆိုတဲ့ ကလောင်နာမည်နဲ့ စာပေနယ်ပယ်ကို လုံးလုံးဝင်ရောက်ခဲ့ပြီး လူထုဦးလှရဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ အမှုဆောင်ဖြစ်လာခဲ့ပါတယ်။

ဘကြီးမိုးဟာ "မိုးဦးပန်း" စာပေတိုက်ကိုလည်း ထူထောင်ခဲ့ပြီး စာကောင်းပေမွန်များဖြင့် မြန်မာစာပေလောကကို တတပ်တအား ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ တင်မိုး၊ ဘုတလင်ချစ်လေး၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ ကြည်အောင် ကဗျာစာအုပ်များကိုလည်းကောင်း၊ ရွှေဥဒေါင်း၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ ဆရာဇော်ဂျီ၊ တက္ကသိုလ်ဘုန်းနိုင် တို့ရဲ့ ၀တ္ထုတိုများကိုလည်း ထုတ်ဝေခဲ့သလို သူကိုယ်တိုင်ရေးသားခဲ့တဲ့ ၀တ္ထုတိုတွေကိုပါ ထုတ်ဝေခဲ့ပါတယ်။ စာပေဆုတွေလည်းရရှိခဲ့ပါတယ်။

ဘကြီးမိုးဟာ နောက်ပိုင်းမှာတော့ ရုပ်ရှင်လောကထဲကိုရောက်ရှိသွားပြီး ရုပ်ရှင် ဇာတ်ညွှန်းရေးဆရာအဖြစ်ရော၊ ရုပ်ရှင်ကောင်စီ၏ ဗဟိုဦးစီးအမှုဆောင်နှင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးရုပ်ရှင်နှီးနှောဖလှယ်ပွဲကြီးတွင် တွဲဖက်အတွင်းရေးမှူး အဖြစ်ပါ တာဝန်ယူခဲ့ပါတယ်။ ရုပ်ရှင်လောကကိုလည်း ချစ်မြတ်နိုးတဲ့ မောင်မိုးသူဟာ ရုပ်ရှင်ဇာတ်ကားတကားရိုက်ကူးနေစဉ်မှာပဲ ရေချိုးခန်းထဲချော်လဲပြီး ပေါင်အရင်းကနေသွင်သွင်ကျိုးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ရုပ်ရှင်လောက ကနေအနားယူခဲ့ရပါတယ်။

ဒါပေမယ့် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေး လူထုအုံကြွမှုဖြစ်ခဲ့တဲ့အခါမှာတော့ ဘကြီးမိုးဟာ တက်ကြွစွာ ဦးဆောင် ပါဝင်လှုပ်ရှားရင်း ကျရာတာဝန် ထမ်းခဲ့ပြန်ပါတယ်။ အရေးတော်ပုံကြီးအတွင်း စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းတဲ့အခါမှာ ဥက္ကဌ မောင်သော်က၊ ဒုဥက္ကဌ ဦးဝင်းတင်တို့နှင့်အတူတွဲဖက်ပြီး အတွင်းရေးမှူးတာဝန်ကိုယူခဲ့ပါတယ်။ နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစုအဖွဲ့ဝင် စာပေတတ်သိပညာရှင် အဖြစ် ဦးဝင်းတင်၊ မောင်သောကတို့နှင့်အတူ ပါဝင်ခဲ့ပြီး ဗဟိုကော်မတီဝင် တာဝန်ကို ယူခဲ့ပါတယ်။

ဒီလို နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွေကြောင့်ပဲ ၁၉၈၉ခုနှစ်မှာ န၀တ စစ်အစိုးရရဲ့ ဖမ်းဆီးထိမ်းသိမ်းခြင်း ခံခဲ့ရပြန်ပါတယ်။ ထောင်က ပြန်ထွက်လာတဲ့အခါမှာတော့ မူလကလောင်နာမည် မောင်မိုးသူအဖြစ် စာပေရေးသားခွင့် မရတော့တဲ့အတွက် ကလောင်ဝှက်ဖြစ်တဲ့ "ဘကြီးမိုး" အမည်နဲ့သာ ရေးသားခဲ့ရပါတယ်။ ဓနမဂ္ဂဇင်းရဲ့ အယ်ဒီတာအဖြစ် ဆောင်ရွက်ရာမှာလည်း အမည်ရင်းဖြစ်တဲ့ ဦးစိန်မြင့်ကိုသာ အသုံးပြုခဲ့ရပါတယ်။

၁၉၉၆ ခုနှစ်မှာ နဝတ/နအဖ စစ်အစိုးရခေတ်မှာ ဒုတိယအကြိမ်မြောက်အဖမ်းခံရပြီး ၅နှစ် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရပြန်ပါတယ်။ ယုံကြည်ချက်ကြောင့် ထောင်ကျနေဆဲကာလမှာပဲ ဇနီးသည် ကွယ်လွန်အနိစ္စရောက်ခဲ့ရပါတယ်။

၂၀၀၀ ခုနှစ်ထောင်က တဖန်ပြန်လွတ်လာချိန်မှာတော့ မဂ္ဂဇင်း၊ စာစောင်၊ ဂျာနယ်များမှာ အပတ်စဉ် ပင်တိုင်ဆောင်းပါးများ၊ ဘာသာပြန်ဝတ္ထုများကို ရေးသားခဲ့ရုံသာမက ဦးဝင်တင်နှင့်အတူ မိုးမခမဂ္ဂဇင်းအပါအ၀င် မော်ဒန်၊ကုမုဒြာ၊ ဒီလှိုင်းစတဲ့ဂျာနယ်များတွင်ပါ နာယကနှင့် အတိုင်ပင်ခံအယ်ဒီတာများအဖြစ် ယခုတိုင် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

အနုပညာကို စွယ်စုံ ခံစားမြတ်နိုး စူးနစ်သူ ဘကြီးမိုးဟာ တကိုယ်တော် ပန်းချီပြပွဲ ၃ ပွဲ ကို ရန်ကုန်နှင့်မန္တလေးမြို့များမှာ ကျင်းပနိုင်ခဲ့ပါတယ်။

စာပေကိုချစ်သော၊ အနုပညာကို မြတ်နိုးသော၊ နိုင်ငံနှင့်လူမျိုးရဲ့အကျိုးကို ကိုယ်ကျိုးမငဲ့ဆောင်ရွက်ခဲ့သော မောင်မိုးသူဘ၀မှသည် လောကဓံအလှည့်အပြောင်း အချိုးအကွေ့တိုင်းကို ရင်ဆိုင်အန်တုရင်း မြန်မာ့စာပေအနုပညာလောကနှင့် ဒီမိုကရေစီအရေးတို့ကို အသက် ၇၉ ကျော် ၈၀ ချဉ်းသည့် ဘကြီးမိုး အရွယ်ဖြစ်သည်အထိ ကိုယ်စွမ်း ဉာဏ် စွမ်းရှိသရွေ့ အားထုတ်ခဲ့သောပုဂ္ဂိုလ်ကြီးကို သူ၏ ကျော်ကြားအောင်မြင်ခဲ့တဲ့ မဂ္ဂဇင်း ဆောင်းပါးတွဲများဖြစ်တဲ့ “ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင်” နဲ့ "လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည်" ဆိုတဲ့ အတိုင်း ခေတ်မီမီကမ္ဘာကြည့် ကြည့်ပြီး လွယ်အိတ်တလုံးနှင့် ရွာစဉ် နှစ်မိုင်တိုင်များစွာ ဆက်လက် ကျင်လည် လည်ပတ်စေကြောင်း မွေးနေ့ဆုတောင်းမေတ္တာ ပို့သလျက် ကျွန်တော်တို့ မိုးမခက မှတ်တမ်းတင်ဂုဏ်ပြုရေးသားဖြန့်ချိလိုက်ကြောင်းပါ။ ။

မိုးမခ မီဒီယာနှင့် မဂ္ဂဇင်း

Comments