သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်ကြူးရင့်၊ လင်းခါး၊ မြစ်အောင်၊ ကျော်ဇင်ငထင်


သာဓုသုံးကြိမ်

twitter.com



လွပ်လွတ်ရေး ရပြီးစ
ဒီမိုကရေစီ ခေတ်ဦး ကလေးဘဝတုန်းက
အဖေက ဘုန်းကြီးကျောင်းထွက်
အမေက သေစာရှင်စာတောင်မတတ်
ဖွတ်ကျောပြာစု ခရုဆံကျွတ်ဆင်းရဲပါတယ်
တပတ်မှာတခါလောက် အမေများ
ကြက်သားဟင်း ချက်ပြီဆိုရင်တော့
ဘာပြောကောင်းမလဲ အလွန်ပျော်
ခေါင်းမဖော်အောင်လွေးခဲ့တာကိုသတိရတယ်

ပစ္စုပ္ပန်တည့်တည့်
လတ်လတ်ဆတ်ဆတ် ဒီကနေ့မှာ
ပြည်သူလူထုခေါ်ခေါ်
နိုင်ငံသူ နိုင်ငံသားခေါ်ခေါ် ရပါတယ်
ရက် တရာဖြစ်ဖြစ် ရက် တထောင်ဖြစ်ဖြစ် ရပါတယ်
အိမ်တိုင်း အိမ်တိုင်းထမင်းဝိုင်းကလေးတွေ
မြိုးမြိုးမြက်မြက် မြိန်ရေရှက်ရေ ဝဝလင်လင်
ပျော်ပျော်ရွှင်ရွှင် အေးအေးလူလူ စားနိုင်ဖို့
ဒါက ဘာ အရေးကြီးလို့လဲ
သခွပ်ပင်က မီးတကျီကျီ ပြောလည်းရပါတယ်
ခုရေတွင်းတူး ခုရေကြည်သောက်လို့
ရပါ့မလားပြောလည်းရပါတယ်
ဆန် ဆီ ဆား ကြက်သား ဝက်သား ငါး
ရွှေပဲသီး ငွေပဲသီး ရွှေကစွန်း ငွေကစွန်း
မီးဖိုချောင်သုံးပစ္စည်းကလေးတွေသာ
ထက်ဝက် ကျော်ကျော်သာကျအောင်
စာတတ်ပေတတ် အစိုးရမင်းများက
ဆောင်ရွက်ပေးတော်မူကြပါ
သာဓုသုံးကြိမ်ခေါ် မေတ္တာပို့ အိပ်ပါ့မယ်။ ။

မောင်ကြူးရင့်
၂၂့  ၅့  ၂၀၁၆
တွမ်အန်ဂျယ်ရီ ကြည့်ခြင်း

KT#
အဝိဇ္ဇာ အမှောင်ဖုံးတဲ့ စခရင်အမဲပေါ်
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းထဲ ကြွက်ဝင်သွားတယ်
ကြွက်ဝင်သွားတာကို မြင်လိုက်တဲ့ ကြောင်
လိုက်ဝင်သွား
တွမ်အန်ဂျယ်ရီရဲ့အကြောင်းတရားဟာ
ဒီကမ္ဘာကြီးပျက်ပြီး
နောက်ကမ္ဘာတခုရောက်တော့
အရင်းရှင်အိမ်မှာ တွမ်အန်ဂျယ်ရီအဖြစ်ပဲ ဆက်လက် အကျိုးတရားဖြစ်ထွန်း
ဒိန်ခဲများ၊ နွားနို့ဗူးများ၊ ကြက်ပေါင်များ၊
တဏှာကြောင့် ဥပါဒါန်
ဥပါဒါန်ကြောင့် တွမ်အန်ဂျယ်ရီ ကမ္မ ဘဝ
တွမ်အန်ဂျယ်ရီ ဇာတိ ဇရာ မရဏ
တွမ်အန်ဂျယ်ရီ အဝိဇ္ဇာပစ္စယာ သင်္ခါရာ
ကမ္ဘာပေါင်းများစွာ
ပွင့်တော်မူသော ဘုရားရှင်ပေါင်းများစွာ
ဘဝအနန္တ အဆက်ဆက်
ပြားချပ်ရ တွန့်လိမ်ကောက်ကွေးရ
သံလိုက်တုံးမျိုချရ ဖောင်းကားလွင့်စင်ရ
ပြေးလွှားမောဟိုက်ရ
တွမ်အန်ဂျယ်ရီ၏ ဒုက္ခသစ္စာ
သင့်မှာ သံဝေဂမရဘူးလား

ဘဒ္ဒကမ္ဘာက မူရင်း တွမ်အန်ဂျယ်ရီကို
သင်ကြည့်ဖူးပါသလား
သင့်ဘဝသံသရာ ရှည်လျားထွေပြား
တွမ်အန်ဂျယ်ရီ အကြည့်များပြီ။     ။
လင်းခါး
၂၀၁၆ ဖေဖော်ဝါရီ
ခေတ်များ နှစ်များ စစ်များ 

KT#
၉၄၈

လွတ်လပ်ရေးမီးရှုးမီးပန်းတွေနဲ့

ပည်တွင်းစစ်ကို

ဖဲကြိုးဖြတ်ဖွင့်လှစ်လိုက်ကြတယ်။ 
၁၉၆၂

သေနတ်တလက်ကိုစားပွဲပေါ်ပစ်တင်ပြီး

ကစားပွဲကို သိမ်းလိုက်တယ်။
စက်ရုံတွေ လယ်မြေတွေနဲ့မျှားပြီး

မြန်မာ့နည်းမြန်မာ့ဟန်ဆင်းရဲနည်းကိုထွင်တယ်

ကျည်ဆန်နဲ့အာဏာကို ထိန်းပြီး

ဆွစ်ဇာလန်မှာ

ကိုယ်ပိုင်ဘဏ်စာရင်းဖွင့်လိုက်တယ်။ 
၁၉၈၈

ကျောင်းသားတွေက

အိမ်ထဲကပြည်သူတွေကိုလမ်းပေါ်ခေါ်ခဲ့တယ်

ဒါပေမဲ့

လူ့အသက်နဲ့မျှော်လင့်ချက်တွေကို

စစ်ဖိနပ်တွေက

တက်နင်းဖျက်ဆီးပစ်လိုက်တယ်
 
၁၉၉၀

အောင်ပွဲခံမေလကို အင်းစိန်ပို့လိုက်တယ်

သံယံဇာတတွေကို

စိမ်ပြေနပြေထိုင်ဝါးတယ်

လက်အုပ်ချီယဉ်ကျေးမှုကို စတင်ပြီး

အကြာဆုံးဥပဒေနဲ့အကြာကြီးနေ

ကြာပန်းအဝိုင်းကြီးနဲ့ နေပြည်တော်ကိုတည်လိုက်တယ်။
၂၀၁၀

တောင်ရှည်ပုဆိုးနဲ့ခေါင်းပေါင်းနဲ့စလွယ်နဲ့

စည်းကမ်းပြည့်ဝသောဒီမိုကရေစီကို

နံပါတ်တုတ်နဲ့ပြတယ်

မီးလောင်ဗုံးနဲ့ပြတယ်

ကိုပါကြီးနဲ့ပြတယ် ဒေါ်ခင်ဝင်းနဲ့ပြတယ်

ကျောင်းသားအရေးနဲ့ပြတယ်။ 
၂၀၁၅

တပြည်လုံးနီးပါး

လက်သန်းတွေပြာပြီး

အလံအနီတွေ

တလူလူလွှင့်ကြတယ်။


၂၀၁၆

နိုင်ငံတော်အလံကို အလေးပြုပြီးပြီ

ကြေငြာထားတဲ့ရုပ်ရှင်ကိုမပြသေးဘူး

လောလောဆယ်

စစ်တိုက်ခန်းတွေကြော်ငြာဝင်နေတယ်။ 
မြစ်အောင်
..

အသက်ငင်နေသောသစ်တောများ

KT#

 သစ်ရွက်နုတွေဟာ
လောဘထမ်းသူတွေကြား
ရေသောက်ဆင်းရင်း တဖြုတ်ဖြုတ်
ဂေဟ စနစ်တို့
အမောဖောက်ကုန်ပြီ
အတတ်ပညာတွေ ခုတ်ထွင်းခံရတော့
လူသားအရင်းမြစ်လည်း
အစာအိမ်သွေးကြောပေါက်သွားတယ် ။

တတောလုံးတတောင်လုံး
တောသံပျောက် တောင်သံပျောက်
လွှ ဆွဲသံတွေဟာ
အသွေးအသားကို လှီးဖြတ်နေသလိုမျိုး
ကာဗွန်မှိုင်းအလိပ်လိုက်
စက်ယန္တရားကြီးတွေ ပျော်မြူးလို့
သစ်ကားကြီးတွေ နင်းဖြတ်လိုက်တဲ့
တောရဲ့သစ်ပင်လေးခမျာ
သွေးစုတ်ဖုတ်ကောင် ဂုတ်အကိုက်ခံရသလိုမျိုး
သွေးသံ တရဲရဲ အစိမ်းလိုက် ဆွဲဖြဲခံလိုက်ရ ။

ဒီလိုနဲ့သွေးရင်းသားရင်းဟာ

ထောင်(၃) နှစ်ကျသွား
" သစ်ခေါက်မခွာရ" " တောမီးမရှို့ရ
သိပ်လှတဲ့ ဆိုင်းဘုတ်တွေကြားမှာ
အိမ်နီးချင်းသူခိုးက (၇)ရက်နဲ့ လွတ်သွားတယ်
သစ်တောဟာ ကိုယ့်စရိတ်နဲ့ကိုယ်
လွတ်ငြိမ်းချမ်းသာခွင့်ကို အယူခံဝင်နေရတုန်း ။ ။
ကျော်ဇင်ငထင်

 

Comments