ကာတွန်းအကြောင်း တစေ့ တစောင်း(၁) - ကာတွန်းဝင်းထွန်း



ကာတွန်းအကြောင်း တစေ့ တစောင်း ... - ၁

ကာတွန်းလူငယ်တချို့နဲ့စကားစပ်လို့ ပုံရေးလေ့ကျင့်တဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ ကာတွန်းသမားဟာ ငါ ရေးတတ်ပြီဆိုပြီး လေ့ကျင့်မှုရပ်ရင် ... တိုးတက်မှုရပ်တဲ့အကြောင်း ပြောပြမိပါတယ်။ ကျွန်တော် အရင်ကကော ခုထိကော လေ့ကျင့်မှုမပြတ်ခဲ့ပါဘူးလို့ ဖြေခဲ့တယ်။ ပုံလေ့ကျင့်မှုသက်သေအဖြစ် အရင်က ...ပုံရေးလေ့ကျင့်ခဲ့တဲ့ပုံတွေ ပြန်ရှာတင်ပေးလိုက်ပါတယ်။ (၁၉၈၆ လောက်က လေ့ကျင့်လက်ရာတွေပါ)




နောက်ပြီးတော့လည်း ... ကျွန်တော် ကာတွန်းပုံတပုံရေးရင် ...ခဲတန်နဲ့စပြီး ပုံကြမ်းရေးပုံ၊ နောက်ဆုံး ပုံချောအထိရေးလေ့ ရှိတဲ့အကြောင်း ... (အမြန်ပဲ ပုံကြမ်းတွေနဲ့) ရေးပြ ရှင်းပြ တင်ပေးခဲ့ပါတယ် ...။

ကာတွန်းစိတ်ကူးနဲ့ပတ်သက်လို့ ဒီလိုပြောဖြစ်ခဲ့ပါတယ် ...။ စိတ်ကူးစိတ်သန်းကို ဖတ်ခဲ့တဲ့ စာတွေ တွေ့ခဲ့တဲ့ လူမှုဝန်းကျင် ဖြစ်ရပ်တွေ၊ ကြားသိနေရတဲ့ သတင်းနဲ့ဖြစ်စဉ်တွေ၊ လူတွေရဲ့သဘော သဘာဝတွေပေါ်အခြေခံပြီး စိတ်ထဲမှာ ကာတွန်းအဖြစ် တွေးမိလာမှ ... ခံစားလာမှ ချရေးလေ့ ရှိကြောင်း ... ကိစ္စတခုခုကို မကျေနပ်သော်လည်း ရေးသင့်သော်လည်း ကာတွန်းစိတ်ကူးအဖြစ် မဖန်တီးနိုင်ဘဲ တိုက်ရိုက် ပုတ်ခတ် ဝေဖန်ပြီး ဇွတ်အတင်းရေးဖို့မကြိုးစားကြောင်း ရှင်းပြခဲ့ပါတယ်။

နောက်ပြီး ကာတွန်းစိတ်ကူးကို ဒီလိုပဲ ကိုယ်ဖြစ်နေပြီဆိုပြီး တပုံစံတည်း ထပ်တလဲလဲ ရေးနေရင် ဒါဝတ် သခင်ဖြစ်နေမယ်လို့ ပြောခဲ့ပါတယ်။ ... Subject ပေါင်းစုံမရေးတတ်ရင် တိုးတက်မှု ရပ်တာနဲ့ အတူတူပါပဲလို့။ ... တခါလာလည်း ဒီစတိုင်ပဲလေ၊ ဖတ်နေကျ ၊ ဖတ်ပြီးသား ဖတ်ရသလိုပါပဲလို့ ပြောပြခဲ့၏။

နောက်တခုက ကာတွန်းရေးနည်း ....။ အင်တာနေရှင်နယ်မှာကော ... ပြည်တွင်းမှာပါ တခြားနည်း သစ်မရှိပါ။ (စာပါတာ မပါတာပဲ ကွဲလွဲပါတယ်) အားလုံး ဒီနည်းတခုထဲပဲ ရေးနေကြတာပါ။ ... ခုမှ ခေတ်သစ်လေးဘာလေး ပြောနေတာဟာ နားမလည်တာလား။ ကိုယ်ဟာကိုယ် သစ်ချင်နေတာလား မသိပါ။ ကာတွန်းပီသအောင် ကလိမလား ၊ တိုက်ရိုက်ရေးမလား ... တခါခါ ဆဲသလိုရေးမလား ... တခါခါ အားနာပါးနာရေးမလား ။ ဒါပဲကွာပါတယ် ...ကမ္ဘာကျော် ကာတွန်းဆရာတွေ ရေးတာလည်း ဒီနည်းပါပဲ။ ခု နောက်ပိုင်း ကမ္ဘာကျော် သတင်းစာကြီးတွေမှာ ရေးနေတဲ့ နောက်ပေါက်တွေလည်း (အမေရိကန်သမ္မတ အိုဘားမားကို ဒီလိုပဲ ရေးဆော်နေကြတာပါပဲ) ။ တခုတော့ ပြောချင်ပါတယ်။ တခါခါ ဘာမှန်းမသိ ... ဆောင်းပါးသရုပ်ဖော်ပုံလိုလို ကာတွန်းလိုလိုနဲ့ ပိုစတာကာတွန်းတွေ တွေ့ရတယ်။ (ဒါ ကျွန်တော့် စိတ်ကူးနဲ့ပေးထားတဲ့အမည်ပါ)

နောက် ... ကာတွန်းက တခေတ်ဖြစ်နေတာမဟုတ်ပါဘူး ။ ခေတ်တွေ အသီးသီးမှာ ကာတွန်းတွေ လိုက်ရေးနေကြတာပါ ။ တူချင်မှ တူပါမယ်။ ဦးဘဂျမ်းကို အားကျလို့ နယ်ချဲ့စနစ် တခြားနိုင်ငံက ဗိုလ်တွေအုပ်ချုပ်တဲ့စနစ်ကို ကာတွန်းနဲ့ ပြန်ရေးချင်လို့မရဘူး။ လွတ်လပ်ရေးရခဲ့ပြီးပြီ။  ခုခေတ်ကလေးတွေ မဆလ (ဦးနေဝင်းရဲ့ပြည်သူပိုင်စနစ် ... မြန်မာ့ဆိုရှယ်ပြီး လစ်ကြတဲ့စနစ်ကို ကာတွန်းရေးချင်လို့ မရပါဘူး။ ခေတ်နောက်ပြန်သွားလို့မှ မရတာကိုး။ ... ... နောက် အာဏာရှင် ... စစ်တပ်အာဏာ သိမ်းခဲ့တဲ့အနေအထား မီတဲ့သူတွေ ရေးခဲ့တယ်။ နောက် ၂၀၁၁ ကတည်းက အယောင်ဆောင် ဒီမိုခေတ်လို့ပြောရတဲ့ အချိန် ရောက်ခဲ့တယ်လေ။

အယောင်ဆောင် ဒီမိုခေတ်မှာ နည်းနည်း လွှတ်ပေးတော့ ရေးရဲသူ ရေးလာကြတယ်။ တဖက်သတ် ပြောတာမဟုတ်ပါ။ ကာတွန်းတွေ တော်လို့ ဆော်လို့လွတ်လပ်လာတာမဟုတ်။ ဟိုကလွှတ်ပေးလို့ ရေးရဲလာတာပါ။ ဟိုက တခွန်းပြော၊ မဟုတ်ဘူး တကွက်ရေး တုံ့ပြန်တဲ့နည်းရေးခဲ့တယ်။ ... ဒါကို တိုက်ရိုက်ဆော်ခွင့်ရပြီး ဆိုကြတယ် ... ဘာမှ မထူးဆန်းဘူး။ ... သတင်းစကားကို (မ) ထည့်ပြီး မဟုတ်ဘူး ပြောခဲ့ကြတာပဲ ရှိတယ်။ ... နိုင်ငံရေးမှာ ဦးဆောင်မှုပေးတဲ့ ဦးဘဂျမ်းခေတ်ကလို့ ဦးဖေသိန်းတို့ဆရာကြီးအုပ်စုရေးခဲ့ဖူးသလို အယူအဆ အတွေးအခေါ် ပါအောင် မရေးနိုင်ကြတာ အမှန်ပဲ။

ပြည်သူမကျေနပ်သူကို တုံ့ပြန်ပြရင် သူတို့အစားအော်ပြရင် ... ပြည်သူတိုင်းလက်ခုပ်တီးတာမဆန်း။ ... ကိုယ်လက်ရာကိုယ် ကောင်းမကောင်း ပြန်ဖတ်ကြည့်ရင် သိသာ၏။ ... ကိုယ့်ပုံက တိုင်းပြည်နိုင်ငံရေးကို ဘယ်လိုပြောင်းလဲအောင် အထောက်အကူပြုတဲ့ အတွေးအခေါ်တွေ ရစေခဲ့သနည်း ... ။ မှတ်ကျောက်တင်ကြည့်ရင် သိသာ၏။

သို့သော် ရေးဖြစ်သလောက် အထိုက်အလျောက် အသုံးတည့် အကျိုးရှိပါသည်။ ကိုယ့်ဂုဏ်သည်  ကိုယ်တိုင်ဆိုင်းဘုတ်တတ်၍မရပါ ။ အင်တာဗျူးမှာ စကားပြောကောင်း၍ သမိုင်းမဝင်ပါ။ ဦးဘဂျမ်း အကြောင်း ကျွန်တော်တို့တသသ ပြောနေရသည်ကိုက သူ့သမိုင်းအမှန်ပါ။ ကျွန်တော့်အကြောင်း ဘယ်သူမှမပြောတာကို ကျွန်တော့်ဟာ ကျွန်တော် သမိုင်းစာမျက်နှာပေါ် ထိုးတင်၍ မရစကောင်း ။ ကျွန်တော်ကြိုးစားနေဆဲပါ။

ဝင်းထွန်း
May 18 at 2:54am ·
 
ကာတွန်း ၀င်းထွန်း(ခ) မစ္စတာ ဘားမား

 

Comments