သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ခိုင်မျိုး၊ နီဇူလိုင်၊ ၀င်းမင်းစိုး(မိတ္ထီလာ၊ မောင်ရဲနွေ(ပလိပ်)

အလံများ


www.pinterest.com


ကျွန်းတကျွန်းပေါ်
ဒါမှမဟုတ်
တောင်ကုန်းတကုန်းပေါ်
အလံတခုစိုက်နိုင်ဖို့
လူ့အသက်ဘယ်လောက်
ကမ္ဘာထဲမှာ ပြတ်ရှခဲ့သလဲ၊
အလံပါးကလေးတခုပေါ်မှာ
ထူထဲခိုင်ခံ့တဲ့ အနက်အဓိပ္ပာယ်ဟာ
ပျော်ဝင်နေတယ် ။

နှောင်ကြိုးကင်းခဲ့ပြီလား
လူသားကမ္ဘာ….

စည်းရဲ့ပြဋ္ဌာန်းချက်တွေ
အငွေ့ပျံပျောက်ကွယ်မသွားမချင်း
အလံတခုကို
သင်နဲ့ကျွန်ုပ်ရဲ့ရင်အုံအတွင်း
သွေးမြေကျချိန်အထိ
ထိုးသွင်းလိုက်ရုံပါပဲလေ။ ။

ခိုင်မျိုး




 ရေမဆေးကျောက်ကလေးများ

http://moemaka.com/archives/51600


သကာပုံမှာအုံနေတဲ့ပုရွက်ဆိတ်ကလေးတွေလို
သူတို့ဘ၀ခါးခါးတွေအတွက်
သကာတစက်တလေ လျှက်မိလေမလားဆိုတဲ့
အတွေးတွေနဲ့..
မျှော်လင့်ချက်တွေနဲ့..။

သူများထွေးထားတဲ့ယင်တလောင်းလောင်းနဲ့
အန်ဖတ်ဟောင်း စွန့်ပစ်မြေစာပုံတွေဟာ
သူတို့အတွက်တော့ နတ်သုဒ္ဓါတမျှ ၀င်းပ
အသက်ဆက်ရမဲ့ အာဟာရတောင်တန်းကြီးတွေပေါ့..။

ဒါပေမဲ့
သူတို့အသက်ကလေးတွေနဲ့ ယက်..ယက်ပြီး
တူးနေတဲ့တွင်းတွေဟာ
သူတို့တကိုယ်စာသေတွင်းတွေ  ဖြစ်..ဖြစ်သွားရတဲ့အခါ..
ဆင်းရဲတွင်းထက် ဘယ်တွင်းနက်ဦးမလဲတဲ့
သိသိကြီးနဲ့..
ခုန်ဆင်းသွားကြရင်း..။

သူတို့ရှာဖွေတဲ့ ရေမဆေးကျောက်ကလေးတွေလိုပဲ
သူတို့အသက်မဲ့ခန္ဓာတွေဟာ  မြေစာတွေအလိမ်းလိမ်းကပ်လို့..။
မြေစာပုံထဲမှာ  ရေမဆေးကျောက်တွေထပ်ထပ်ဖြစ်လို့..။


နီဇူလိုင်

..


မိုဘိုင်းဖုန်း

es.klear.com


အဝေးဆုံးတွေ ပိုနီးသွားကြပြီး
အနီးဆုံးတွေက ဝေးဝေးသွားကြတယ်
ကျောချင်းကပ်စိတ်တွေက
ဆက်သွယ်မှုဧရိယာပြင်ပမှာ…………။

ဝင်းမင်းစိုး(မိတ္ထီလာ)




ရထား

en.wikipedia.org


ထိုင်ခုံမဲ့ခုတ်သွား
တရွေ့ရွေ့  ရွေ့တဲ့ရထား
ဦးတည်ရာ မြို့များ ။ ။

မောင်ရဲနွေ ပလိပ်

Comments