တုတ်ကောက်တချောင်းပုံပြင် (၀တ္ထုတို)



adoramba.wordpress.com


ကိုဖိုးထောင်တယောက် တုတ်ကောက်တချောင်းကိုင်တဲ့ပြီး ဟန်ပါပါနဲ့ လှမ်းလာတာကိုမြင်ရင် ငယ်ငယ် တုန်းက ကြားကြားနေရတဲ့ ‘ကိုဘီအေ အုပ်ပေါင်းပေါင်းလို့ တုတ်တချောင်းနဲ့ လမ်းကိုလျှောက်တယ်။ ကိုဘီအေ မြို့အုပ်လောင်းက တုတ်တချောင်းနဲ့ လမ်းကိုလျှောက်တယ်’ ဆိုတဲ့ သီချင်းစာသားလေးကို သွားပြီးသတိရတတ်မိပါတယ်။ ဒါပေသိ ကိုဖိုးထောင်ကတော့ ဘီအေအောင် ဖို့မပြောနဲ့ ဘီနဲ့အေဆိုတဲ့ သိုးဆောင်းအက္ခရာနှစ်လုံးကိုတောင် ဘယ်ဘက်မျက်နှာမူတယ်ဆိုတာ သူ့ခမျာ အကြိတ်အနယ် မှတ်ယူခဲ့ ရပုံပါ၊ ဒါပေတဲ့လို့ ကိုဖိုးထောင်က မြို့အုပ်လောင်းသာ မဟုတ်တာပါ၊ ကျနော်တို့အရပ်ထဲမှာတော့ အရပ်လူကြီး ဖြစ်ခဲ့ပါလေရောဗျာ။

ကိုဖိုးထောင် အရပ်လူကြီးဖြစ်လာရတာလဲ သူ့ကိုယ်သူ ရာဇပလ္လင်ဖင်ပါလို့လို့ ထင်နေပေမယ့် တကယ် ပြောရရင်တော့ (သူ့ကိုတော့အားနာစရာပေါ့ဗျာ) ဘယ်သူမှမလုပ်ချင်တဲ့နေရာမှ လုပ်ခဲ့ရတဲ့ လူကြီးပါ၊ ကိုဖိုးထောင်က ရာဇဘွားဆိုလား တချိန်မင်းဖြစ်မယ့်ဇာတာ ပါတယ်လို့ ပုဏ္ဏားဖြူ ပုဏ္ဏား ညိုများက ဟောဖူးတယ်ဆိုလား သူ့ကိုယ်သူ ခေသူမဟုတ်လေဘူးလို့ အထင်ရှိနေတော့ ဘယ်သူမှ အရွေး မခံတဲ့ လူကြီးနေရာကို ပြိုင်ဘက်မရှိ မဲပုံးထောင်စရာမလိုဘဲ တဖက်သတ်အပြတ်အနိုင်ရပြီး အရပ်လူကြီး ရာထူး ရဲရဲကြီးလက်ခံယူ လိုက်တာပါ။

ကာလကလည်း ရှစ်လေးလုံးအပြီး‘ငြိမ်ပိ’ခေတ်လို့ခေါ်ကြတဲ့ ကာလကိုး။ အခြေအနေတွေက ဘာကိုမှ တိတိပပ မပြောနိုင်သေးတဲ့အချိန်လဲဖြစ်တာကိုး၊ တခုခုဖြစ်လာမလား၊ တခုခုဖြစ်ဦးမလား စသည်ဖြင့် လူတွေအားလုံး မုန်တိုင်းမလာမီ ပင်လယ်ပြင်မှာ ငြိမ်သက်နေသလိုမျိုး၊ ဒီအချိန်မှာမင်း ဖြစ်မယ့်လူ က မွေးကတည်းက နကင်းလေး(နားကင်း)နဲ့လို့ သူ့ကိုယ်သူထင်ထားတဲ့ ကိုဖိုးထောင် အရပ်လူကြီး ဖြစ် လာတာပါ။ အရပ်ထဲကလည်း စောစောကပြောသလို ကန့်ကွက်မဲ့သူတောင် မရှိပါဘူး၊ မတော် ကိုယ့် ဘက်လှည့်လာမှာ စိုးကြတာနဲ့ကိုး။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားအလကား ကျောင်းရမယ့် အလုပ်မျိုးကိုး၊ လောလောလတ်လတ် ပြည်သူတွေ ရဟန်းသံဃာတွေ ကျောင်းသားကျောင်းသူတွေ ဖြူဖြူ မည်းမည်း ပုပုရွရွ မြင်သမျှ မီးကုန်ယမ်းကုန်ပစ်ခတ် သတ်ဖြတ်ပြီး အာဏာသိမ်းထားတဲ့စစ်တပ်အာက် သူတို့ခိုင်းရာလုပ်ရမယ့်လူကြီးမျိုးဆိုတော့ ဘယ်သူက လုပ်ချင်မှာတဲ့လဲဗျာ၊ ဆိုတော့ အားလုံး လက်ရှောင် ဘေးထိုင် ငြိမ်ကုပ်နေရတဲ့ကာလမျိုးကိုး။ 

စစ်တပ်က သူတို့နဲ့ လက်တွဲမလုပ်ချင်မှန်းသိတော့ လက်သင့်ရာ ခိုင်းလို့ရတဲ့လူခေါ်ခိုင်း။ အဲဒါနဲ့မှ မရရင် ကိုဖိုးထောင်တို့လို ခေတ်ကာလအရိပ်အကဲ နားကန်းတလုံးမှနားမလည်တဲ့လူမျိုးရှာတဲ့ပြီး ပါဝါ အာဏာပေး လို့ပေး။ အဲဒီလိုလုပ် နေရချိန်မှာဖြစ်လာတဲ့လူကြီးမျိုးဆိုတော့လဲဗျာ နော သဘောပေါက် မှာပေါ့။
ကိုဖိုးထောင်တယောက် အရပ်လူကြီးဖြစ်သွားပြီဆိုတဲ့နောက် ပထမဆုံးအပြောင်းအလဲကတော့ သူနဲ့ ယှဉ် ဘက်တွေ့နေကြ သုံးဘီးသွားလေးကို မမြင်ရတော့တာပဲဗျ၊ သုံးဘီးသွားဆိုလို့ မျက်လုံးမှောက်နေပါအုံး မယ်။ ဆိုက်ကားပေါ့ဗျာ။ နော၊ အဲ အဲဒီ့ဆိုက်ကားလေး အစအနပျောက်သွားတာပါပဲ၊ သူ့မိန်းမ မလေဒီ ကတော့ ဘာအပြောင်းအလဲမှ သိပ်မရှိရှာပါဘူး၊ အရင်က မျက်နှာမှာသေနပ်ခါးမကပ်တဲ့ မိန်းမ ဖြီးကာ သင်ကာ လိမ်းကာခြယ်ကာလုပ်လာတာလေးကလွဲရင် ပုံမှန်လုပ်နေကျအတိုင်း လမ်းဘေးမှာ လေးတိုင် စင်လေးနဲ့ ကုန်စိမ်းရောင်းနေဆဲပါ။

ခက်တာက ကိုဖိုးထောင် ဆိုက်ကားမနင်းတော့တာကို အရပ်ထဲကလူတွေ နားလည်နိုင်ကြပေမယ့် ဘယ့်နှယ်ဘယ့်နှယ် တုတ်ကောက်ကြီးတချောင်းတကားကားနဲ့ ကိုဖိုးထောင်တယောက် အရပ်ထဲ လတ် လျားလတ်လျား ဖြစ်လာတာကိုတော့ နားမလည်ကြဘူးပေါ့ဗျာ။ အင်း ထူးတော့ထူးတယ် ဘယ်လိုဖြစ်တာ လဲပေါ့။ သူ့ကြည့်ကြည့်ပြီး အူယားကြတာပေါ့နော။

တနေ့တော့ ရပ်ကွက်ထဲက လူအစည်ကားဆုံးလို့ပြောရမယ့် လက်ဖက်ရည်ဆိုင်လေးမှာ လူငယ်လေး တသိုက် ဘယ်ကဘယ်လို စကားစပ်မိသွားကြတယ်မဆိုနိုင်ပါဘူး။ မနေ့တနေ့ကမှ ဗြုန်းဗြုန်းဒိုင်းဒိုင်း ကြီး အရပ်လူကြီးဖြစ်လာတဲ့ ကိုဖိုးထောင်အကြောင်း ဟိုတပေါက်ဒီတပေါက်နဲ့ တီးတိုးတီးတိုး သင်ပေါင်းပိုး လုပ်နေကြတယ်၊ အဲဒီအထဲမှာ သုတဆိုတဲ့ကောင်လေးက တော်တော်အမြင်စူးရှတဲ့ကောင်လေးပါ။ သူမို့ကပ် ကပ်သပ်သပ် မြင်ပဲမြင်တတ်ပါရဲ့၊ ကြည့်လေ သူပြောပုံက။

ကိုဖိုးထောင် အရပ်လူကြီးဖြစ်လာတဲ့နောက်မှာ ဘယ်အချိန် ကြည့်လိုက်ကြည့်လိုက် တုတ်ကောက် တချောင်းကို ဟန်ပါပါကိုင်တဲ့ပြီး လည်ပင်းမှာ မာဖလာလို့ခေါ်တဲ့ လည်စီးလေးပတ်လို့တဲ့။ အရင်တခါ ဖူး ရယ်မှမစီးဘူးတဲ့ ဒီလည်စည်းနဲ့ အရင်ကတခါစဖူးရယ်မှမကိုင်ဘူးတဲ့ တုတ်ကောက်တချောင်းရယ်ဟာ သူအရပ်လူကြီးတယောက်ဖြစ်ပါကြောင်း တနည်းတဖုံအားဖြင့် ဖော်ပြချင်ဟန်တူတဲ့လက္ခဏာ အဆောင် အယောင်လို့ ထင်ပါသတဲ့။

ဒီတော့ ပေါက်ဖော်ဆိုတဲ့ကောင်လေးကလည်း ကိုဖိုးထောင်ရဲ့လူကြီးအမှတ်အသား လက္ခဏာ များအနက် နာက်အဆောင်အယောင်တခုက လေးထောင့်ထိုးလက်နှိပ်မီးပါတဲ့၊ ညနေ နေ၀င်ရီတရော လေးဆို (အဲဒီတုန်းက ရ၀တ) ရ၀တရုံးရှိရာကို လည်ပင်းမှာမာဖလာလေးစည်း၊ လက်တဖက်က တုတ် ကောက် တချောင်းကို ဟန်ပါပါကိုင်လို့၊ ခါးကြားထဲ လက်နှိပ်မီးလေးထောင့်ထိုးကို ထိုးတဲ့ ကားလမ်း ဘေးဝဲယာ အိမ်ခြေအိမ်နေတွေကို အကဲခပ်သလိုကြည့်ပြီး တုတ်ကောက်ကို ထောက် ကာထောက်ကာ လျှောက်လှမ်း လာပုံဟာတော်တော်ပဲ ကိန်းခန်းကြီးလှ ခန့်ညားလှကြောင်း အသောလေးဖောက်ပြီး ပြောသွားတာ။

အေးပိုဆိုတဲ့ကောင်လေးကတော့ ဟေ့ကောင်ရေတဲ့။ အဲဒီတုတ်ကောက်က အောင်မင်္ဂလာဘုန်း ကြီးကျာင်းက ဆရာတော်ရဲ့တုတ်ကောက်တဲ့။ လူကြီးလုပ်ဖို့အရွေးခံပြီးတဲ့နောက် သူ့ခမျာဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိတာနဲ့ အဲဒီတုတ်ကောက်ကို ဘုန်းကြီးဆီလျှောက်ပြီး စွန့်ပါဘုရားဆိုလုပ်တော့ ဆရာ တော်ကလည်း အိမ်း…ယူချေပေါ့ကွာဆိုပြီး စွန့်လိုက်တဲ့တုတ်ကောက်တဲ့။

အဲဒီ့တုတ်ကောက် ရလာခါစတုန်းကတော့ ဟန်ကျပန်ကျမဖြစ်သေးတော့ ကိုင်ထားတဲ့ဟာကြီး ဘယ် နားသွားထားရမှန်းမသိ၊ ပခုံးပေါ်ပဲ ထမ်းထားရမလို၊ ဂျိုင်းကြားထဲပဲ ညှပ်ထားရမလို၊ ပေါင်ကြားထဲပဲ ခွ ထားရမလို၊ အနေရအထိုင်ရခက်ကြီးဖြစ်နေသေးတာ။ များသောအာဖြင့်ကတော့ကွာ ပခုံးပေါ်ထမ်း ထားတာဆိုတော့မင်းတို့ ပဲမျက်လုံးထဲမြင်ကြည့်။ အရင်ထဲက အသားက မည်းချိတ်ချိတ်ရယ်မှာ ပခုံး ပေါ်တောင်ဝှေးကြီးထမ်းထားတော့ ခပ်လှမ်လှမ်းလှမ်းကများကြည့်ရင် ရေထမ်းကုလားလိုလို။ ပုလင်း လွတ်တွေလိုက်ဝယ်တဲ့ ဘော်တယ်ကုလားလိုလိုနဲ့ ကြည့်ရခက်ပါ့ကွာတဲ့။ အေးလေ ဒါပေတဲ့ သူ့ကိုယ် သူတော့ ဖေဇော်ဂျီ ဆေးကြိမ်လုံးထမ်းလာတာမျိုး ဈာန်ဝင်နေရင်တော့လဲ မသိဘူးပေါ့ကွာတဲ့။

ဘိုသိုးဆိုတဲ့ကောင်လေးကတော့ ကိုဖိုးထောင်ကြီးနဲ့ အိမ်ချင်းအနေနီးလို့လားပဲမဆိုနိုင်ပါဘူး။ သူ့ အမြင်က ကရုဏာဓာတ်လေးစွက်လို့။ မင်းတို့က ဒီလိုတော့မပြောပါနဲ့ကွာတဲ့၊ သူ့ခမျာမှာလဲ ဆိုက်ကားသမား ဘ၀ကနေ နေ့ချင်းညချင်းအရပ်လူကြီး တက်လုပ်ရတာဆိုတော့ရှိတာလေးနဲ့ ရှိုးရ ရှိုင်းရရှာတာတဲ့၊ ဒါတောင် လူတွေကသူ့ကို တစက်မှခန့်တာမဟုတ်ဘူးတဲ့။ ဟိုတနေ့ကပဲ ကုလားကိုစိုးက ဘု မသိဘမသိ ဆိုက် ကားအော်ဒါသွားခေါ်လို့ သူ့ကိုစော်ကားသလေးဘာလေးနဲ့ ထချမတတ်ဖြစ်ကြတာ ကံကောင်းလို့ပေါ့ကွာ တဲ့။ သူအရပ်လူကြီးဖြစ်နေတာကို ကုလားကိုစိုးကမသိလိုက်တဲ့ ပြဿနာပေါ့တဲ့။ ကိုဖိုးထောင်မနည်းကြီး စိတ်ဆိုးနေလို့ သူ့မိန်းမ မလေဒီခမျာ သူ့လင်ကိုကြိတ်ပြီး ဖျောင့်ဖျနေတာ ငါ ကြားရတော့ စိတ်တောင် မကောင်းဘူးတဲ့။ ကိုဖိုးထောင်ရယ် တော်အရပ်လူကြီးဖြစ်နေတာ ခမျာများက  မသိရှာလို့ပါ။ စော်ကား တာတော့ မဟုတ်လောက်တန်ဘူးထင်ပါတယ် ဘာဘာညာညာ သူ့လင်တော် မောင်ကို ချော့နေရတာ။ ကိုဖိုးထောင် ရာဇမာန်တက် ထင်ပါရဲ့ကွာတဲ့။


ဘိုသိုးက ဆက်ပြောလိုက်သေးတယ်။ လူတွေကလည်းကွာ သူတို့မလုပ်ချင်တဲ့အလုပ် ဟိုကလည်း ၀င် လည်းလုပ်ပေးရသေးတယ်၊ မလေးစားရင်တောင် အားနာပါးနာနဲ့အလိုက်သိဖို့ကောင်းပါတယ်တဲ့လေ။ ကြည့်ပါလား၊ ခုဆိုရင် ရ၀တရုံးမှာ ဧည့်စာရင်းတွေဘာတွေဆို သူပဲလက်မှတ်ထိုးပေးနေတာ ဖြောင့်လို့ မဟုတ်လားတဲ့၊ နို့မို့ရင် ဧည့်စာရင်းတိုင်ရတာက ရစ်မှရစ်ကွတဲ့။


ဟော အဲဒီလိုပြောတုန်းဆိုတုန်းပါပဲဗျား၊ ကိုဖိုးထောင်ပါဝင်တဲ့ ရပ်ကွက်လူကြီးတသိုက် လက်ဖက်ရည် ဆိုင်ထဲဝင်လာလို့ ကိုယ်တော်ချောလေးတွေ ကိုယ်ရှိန်သတ်လိုက်ကြရတော့တာပေါ့။ ထုံးစံအတိုင်း ကိုဖိုးထောင်က လက်သုံးတော် တုတ်ကောက်ကြီးနဲ့။

အဲ…ဆိုင်ထဲရောက်တယ်ဆိုရင်ပဲ ကိုဖိုးထောင်က စားပွဲထိုးချာတိတ်ကိုလှမ်းတဲ့ပြီး ‘ဟေ့ ကောင်လေး။ ဒို့လူကြီးတွေအတွက် လက်ဖက်ရည် ‘ရှယ်’ငါးခွက်လုပ်စမ်း၊ မုန့်နဲ့ဇင်ဇင်းစီးကရက်ပါချလို့’ အမိန့်သံပါ ပါနဲ့ဆိုလိုက်တော့ ဘာပြောကောင်းမလဲ၊ စောစောကကောင်လေးတွေကြိတ်ပြီး တခွီးခွီးနဲ့ရယ်လိုက်ကြ တာများ မျက်ရည်တွေဘာတွေထွက်၊ တချို့ တပိုတပါးပါထွက်ကျမှာစိုးတော့ ဆိုင်နောက်ဖေးတောင် ထပြေးရတဲ့အထိ။

လက်ဖက်ရည်ဆိုင်မှာ ကြားခဲ့ရတဲ့အတိုင်း ကိုဖိုးထောင်ခမျာ အရပ်လူကြီးသာဖြစ်လာခဲ့ပေမယ့် လူ မလေး ခွေးမခန့်တာကိုခံနေရတဲ့အတွက် သူ့ဇနီးမလေဒီလည်း မခံချိမခံသာတော့ ဖြစ်ပုံရပါတယ်၊ သူ့ လင်တောင်မောင် အသစ်ချပ်ချွတ်အရပ်လူကြီးမင်းအတွက် ပွဲဝင်တင့်တယ်ဖို့ အနီးအနားမှာ ရှိတဲ့ မေဓာဝီဈေးကိုပြေးပြီး အဟောင်းဆိုင်က တိုက်ပုံတထည် မဖြစ်ဖြစ်အောင်ဝယ်ရပါတော့တယ်။ 



တိုက်ပုံနဲ့လိုက်ဖက်ဖို့ အဖြူရောင်ကော်လံကတုံးတထည်ကလည်းဝယ်ရသေးတာဆိုတော့ မလေဒီမှာ အကြွေးလေးဘာလေး တင်တော့တာပေါ့နော်။ ဒါပေတဲ့ လင်တော်မောင် ကိုဖိုးထောင်က ကော်လံ ကတုံးနဲ့ တိုက်ပုံပဲပုပ်ရောင်ကိုအစမ်းဝတ်ပွဲလုပ်တော့ မလေဒီကတစိမ့်စိမ့် ကြည့်ပြီး ရှုမ၀ကြည့်မ၀ ဖြစ်နသေးတာ တဲ့လေ။ တော်တော်ကိုသဘောခွေ့ မနောတွေ့နေတော့တာ။

ဒါလည်း မလေဒီအတွက် မမှားရှာပါဘူး။ ဒီအရင်းအနှီးကမကြီးလှပေမယ့် တန်ပြန်အကျိုးက ကောင်း တယ်ဆိုမလားပဲ၊ဒါမှမဟုတ် ကိုဖိုးထောင်ကပဲ လျှာစက်အာစက် ပါလာလေရော့သလား၊ လက်ရဲဇက်ရဲ နိုင်လွန်းလှသမို့လား မဆိုတတ်တော့ဘူး။

အရင်ကဆို မနက်လင်းအားကြီးတာနဲ့ ဆိုက်ကားလေးခွပြီး ဟိုး ဘူတာရုံထိပ် သံလမ်းဂိတ်နား သွား ထိုးနေရတုန်းက ရပ်ထဲရွာထဲသာရေးနာရေး ဘယ်နေရာမှ မရောက်စဘူးခဲ့ပေတဲ့ ကိုဖိုးထောင်ဟာ ခု တော့ အရပ်ထဲဘာဖြစ်ဖြစ် သူကရှေ့ကချည်း။


စုံတွဲ စေ့စပ်ပွဲလား၊ မင်္ဂလာဆောင်လား၊ နာရေးလား၊ ဘုံကထိန်လား၊ အိမ်တက်ဆွမ်းကြွေးလား၊ နှစ် လည်ဆွမ်းကြွေးလား၊ အလှူမသာ မင်္ဂလာ အကုန်အကုန် သူရှေ့ကချည်း။ ဒီကြားထဲ အရပ်ထဲ အိမ်ခြံကားအရောင်းအ၀ယ်ဖြစ်လို့ ပိုင်ရှင်က အခွန်လေးဘာလေးရှောင်ကောင်းအောင် အရပ်လူကြီး တွေကို အကြွေးအမွေးလေးဘာလေးလုပ်တာမျိုးကလည်း ရှိတတ်တော့ ကိုဖိုးထောင် မပါဘဲ နေမတဲ့ လား။ ရှေ့ကချည်းပါပဲ။ သူကဒါမျိုးကို အနံ့ခံကောင်းသလို မျက်နှာကလည်း ခပ်ပြောင်ပြောင်ရယ်၊ တွန့်တာရွံ့တာလည်းမရှိပါဘူး၊ ကြားတာနဲ့ ဟော ကိုဖိုးထောင်တို့ အိမ်ရှေ့ပေါက်ဝ တုတ်ကောက် တချောင်း ထောက်ကာထောက်ကာနဲ့ ဆိုက်ကြီးဂိုက်ကြီးဖမ်းပြီး ပေါက်ချလာပါပြီ။

ပြီးတော့ သူတင်တောင်မဟုတ်ပါဘူး၊ အရပ်ထဲ စာလေးပေလေးကလည်းမတတ်၊ အသိုင်းအ၀န်းက လည်းမရှိရှာလူတောမတိုးတဲ့ လူငယ်လေးတွေဟာ ဟိုအရံမီးသတ်တို့ဘာတို့ လုပ်ကြရရှာတာကလား။ 

အင်း အဲဒါမျိုးတွေက ကိုဖိုးထောင်ရဲ့နောက်လိုက်နောက်ပါ အပါးတော်မြဲလေးတွေ အခြွေအရံလေးတွပေါ့။ သူတို့လေးတွေအနေနဲ့က သူတို့ကိုယ်စွမ်းကိုယ်စနဲ့ ဘယ်လိုမှမ၀င်ရဲမထွက်ရဲ တဲ့ စောစောက နေရာမျိုးတွေကို ကိုဖိုးထောင်ခေါင်းဆောင်မှုနဲ့ ဟော..ချီလာကြပါပြီ တအုံတကျင်း။

အလှူရှင် တွေဘာတွေကတော့ မှန်တာပြောရရင် ဘယ်ကြည်ဖြူနိုင်ပါ့မလဲနော။ 

မလွှဲသာလို့သာပေါ့ နော။ ပြောမကောင်းလို့သာပေါ့။ ကိုဖိုးထောင်က ပြောလိုက်သေးတာ၊ ဘာတဲ့ ဒီကလေးတွေပဲ ရပ်ရွာ က အားထားနေရတာတဲ့၊ သူတို့လေးတွေရှိလို့ ရပ်ရွာအေးချမ်းပြီး မီးရေးထင်းရေး စိတ်ချရတာတဲ့၊ ရပ် ကွက်ထဲမှာဆိုရင် ခိုးဆိုးတိုက်ခိုက်မှုဆိုတာ မရှိသလောက်ပဲတဲ့။ 

ဟုတ်တော့ဟုတ်တာပေါ့လေ၊ ဒီက လေးတွေက အရပ်ထဲအလှူလေးဘာလေးရှိလဲ သူတို့ခေါင်းဆောင်ကြီး ကို လက်ထောက်ချနိုင်တာကိုး။ အားကိုးရတာပေါ့။


ကဲ ဒါလည်းထာအုံး၊ အလှူရှင်တွေ ကာယကံရှင်တွေက ပြီးပြီးရော သဘောထားရှာပါတယ်။ ခက်တာ က ကိုဖိုးထောင်ဟာ ‘နောက်တချီလာပြန်ပြီဟေ့’ လို့ဆိုရမယ့်အစားမျိုး။ လုပ်လိုက်ပုံများဖြင့် ဟိုဟာလး ခံတွင်းတွေ့လွန်းလို့၊ ဒီဟာလေးခံတွင်းလိုက်သွားလို့ လျှာနဲ့အဟပ်အစပ်တည့်သွားလို့နဲ့အိမ်အပြန် ပါဆယ်က ထုပ်ထုပ်သွားသေးတာ။ မျက်နှာပြောင်ပုံများကပြောပါတယ်၊ မလေဒီနဲ့သူ့ကလေးတွေ အတွက်ပေါ့ဗျ၊ နော။

ဒါကြောင့်ပြောတာပေါ့၊ မလေဒီရင်းလိုက်ရတဲ့ ကော်လံကတုံးနဲ့တိုက်ပုံတထည်အကျိုးကလည်း မနည်း ပါဘူးလို့။ ဒီလိုပဲအရပ်ထဲ လူကြီးလေးဘာလေးအရွေးခံရရင် တိုက်ပုံလေးတထည်တော့ မဖြစ်မနေ လို တာပဲထင်ပါရဲ့လေ။ တုတ်ကောက်တချောင်းကဖြင့် လိုလေသည်လား မလိုလေသည်လား ဆိုတာ ကို တော့ ပြောတတ်တော့ပေါင်ဗျာ။


တခါတော့ ရပ်ကွက်ထဲ ဘောလုံးပွဲတွေလုပ်ကြချိန်မှာ အားကစားနဲ့မိုင်တသိန်းလောက်ဝေးတဲ့ ကိုဖိုး ထောင်လဲ ပရိသတ်တွေကြားထဲ လွှားလွှားလွှားလွှားနဲ့ပါ၊ အရပ်ပွဲဆိုတော့လည်း ကွင်းရယ်ဘာရယ် ဟုတ်တိပတ်တိ ရှိကြတာတော့မဟုတ်ပါဘူး။ ကွင်းလယ်ဒိုင်ကလွဲရင် စည်းကြပ်ဒိုင်တို့ဘာတို့ဆိုတာ လည်း ထည့်မနေတော့ပါဘူး။ ဒီတော့ အရပ်လူကြီးများကသာ ပွဲထိန်း။ သူတို့ကိုကူရတာက ထုံးစံ အတိုင်း အရောင်လွင့်ဇင်ပြာယူနီဖောင်းလေးတွေဝတ်ထားရတဲ့ အရံမီးသတ်ကလေးတွေ။


သိတဲ့အတိုင်းပဲလေ၊ အဲဒီ့ကာလက ဘယ်နေရာဘယ်ဒေသမှာမှ ပွဲရယ်လမ်းရယ်မရှိတော့ ရှိတဲ့ဘောပွဲလးပဲအုံခဲပြီးလာ ကြည့်ကြတာကလား။ ပေမမီဂိုက်မမီကွင်းလေးဟာ ပရိသတ်နဲ့ လုံးနေတော့တာ။ တရပ်ထဲသားချင်းကန်နေကြပေမယ့် ကိုယ်နေတဲ့အကွက် သူနေတဲ့အကွက် စသဖြင့် အုပ်စုခွဲပြီး ဘော ပွဲလုပ်တာလေ။ လူတွေကလည်း ဘယ်လောက်များချစ်ဖို့ကောင်းလည်းဆိုရင် တရပ် ထဲအတူသာ နေလာကြတာ ဟိုအကွက်ကတော့ဖြင့် ကကြီး၊ ဒီအကွက်ကဖြင့် ခခွေးရယ်လို့ခွဲလိုက်တာနဲ့ စိတ်ကလဲ အလိုလိုကွဲသွားကြပါပြီ။ တကယ့်ကို တစိမ်းတရံတွေအတိုင်း၊ ဘောလုံးပွဲသာဆိုတာ အမဲဖျက်သလား ကျွဲဖျက်သလားအောက်မေ့ရအောင် ကျူံးလိုက်ဝုန်းလိုက်ကြတာမှ ဘယ်တုန်းက မုန်းနေသလဲတောင် အချင်းချင်း ထင်ယူရတဲ့အထိ။


အဲ..အဲဒီဘောလုံးပွဲမှာ အရပ်လူကြီးကိုဖိုးထောင်က သူ့လက်သုံးတော်တုတ်ကောက်ကြီးတ ကားကား နဲ့ ပွဲထိန်းတယ်ဆိုပဲ။ သို့ပေတဲ့ ခမျာမှာလည်း ကိုယ့်အာဏာပါဝါရဲ့အစူးအဆကိုတော့ သိလေဟန် တူ ပါတယ်။ ကလေးပေါက်စနလေးတွေကလွဲပြီး ဘယ်သူ့ကိုမှ သဟောက်သဟဲမလုပ်ရဲရှာပါဘူး။ ဒီတော့ ဘိုသို့တို့လူငယ်အုပ်စုလေးနားသွားပြီး ရောတောပေါတော လုပ်နေရတယ်။ သူလည်း ပရိတ်သတ်ထဲ ကတယောက်ပေါ့လေ။ အဲဒီတုန်းမှာပဲ တဖက်သင်းက ကန်လိုက်တဲ့ ပြစ်ဒဏ်ဘောဟာ ကန်ချက် အား ပြင်းပြင်းနဲ့ အခြားတဖက်ဂိုးပေါက်ဝဆီအသွား ဂိုးသမားက လေထဲမှာဒိုင်ဗင်ထိုးပြီး ဖမ်းသွား တာ တော် တော်လှ တော်တော်ကိုစံချိန်မီတယ်ဆိုပါတော့ဗျာ။


အိုး … ဘာပြောကောင်းမလဲ ပွဲငတ်နေတဲ့ပရိသတ်လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ အုန်းအုန်းကို ထသွားရော။

ဒါကို ကိုဖိုးထောင်ကမြင်လိုက်ပေမယ့် သူကလက်ခုပ်မတီးဘဲ ကြောင်စီစီကြီးရပ်နေတယ်။ အရပ်လူ ကြီးဖြစ်နေလို့ သိက္ခာတွေ ဘာတွေထိန်းတာရယ်ဘာရယ်လည်း မဟုတ်ပါဘူး။ ပြောရရင် ဘာကိုခံစား ရမှန်းမသိဖြစ်နေတာ။ လူတွေက ချီးကျူးဂုဏ်ပြုလက်ခုပ်တီးတာကို သူက အားကစားနားမလည်တော့ ခက်နေတာပေါ့။ ဒါကိုပဲ သူက ဘာပြောသေးတယ်မှတ်လဲ။ သြော် မှတ်လောက်သားလောက်ပါပေရဲ့ ကိုဖိုးထောင်၊ ပြောလည်း ပြောတတ်ပါပေရဲ့။ ဘာတဲ့။‘ကင်မရာထရိတ်ကြီးပါကွာ’ တဲ့။



ဂိုးသမားလေးဒိုက်ထိုးဖမ်းလိုက်တာကို မျက်လုံးနဲ့တပ်အပ်မြင်ပါလျက် ဘယ့်နှယ်ဘယ့်နှယ့် ကင်မရာ ထရိတ်ကြီးပါလို့ပြောရက်လေတဲ့အရပ်လူကြီးရယ်။ ကြံကြံဖန်ဖန်။ ဆိုတော့ … သူ့ဘာသာ မသိလိုက် နားမလည်ရင်အသာမနေဘဲ ပြောချင်ရာပြောချလိုက်တာကို ဘေးကဘိုသိုးတို့လူငယ်အုပ်စုကြားတော့ မျက်လုံးအပြူးသားဖြစ်ကုန်ကြတာပေါ့။ အင်း…တရုတ်သိုင်းကားတွေမှာ ကင်မရာထရိတ် ကင်မရာ ထရိတ်နဲ့ပြောပြောနေကြတာကို ကိုဖိုးထောင်က ကြားဖူးနားဝကလဲရှိထားတော့ အံကျမကျ တွက်မနေတာ့ဘဲ သုံးလိုက်တာလေ။ သြော် ကိုဖိုးထောင်ကိုဖိုးထောင် ခေတ်ပျက်အရပ်လူကြီး ကိုဖိုးထောင်။


အဲဒီ့နောက်တော့ ကိုဖိုးထောင်တယောက် တုတ်ကောက်ကြီးထောက်ကာထောက်ကာနဲ့ ခပ်လှမ်းလှမ်း ကလာနေတာတွေ့ရင် သုတတို့လူငယ်လေးတွေအုပ်စုက ဟေ့ … မင်းတို့ကင်မရာ ထရိတ်တွေ သိပ် မလုပ်ကြနဲ့နော်တဲ့။ တီးတိုးပြောကြာတာလေ။

အဲဒီလိုနဲ့ နှစ်နှစ်လောက်ကြာတော့ ရပ်ရွာငြိမ်ပိလို့ခေါ်မလား၊ ရ၀တလို့ခေါ်မလား၊ အဲဒီ့အဖွဲ့တို့ကို အထက်အမိန့်နဲ့အပြောင်းအလဲတွေလုပ်ကြရာမှာ ဖေဇော်ဂျီကိုဖိုးထောင်လဲ ပါသွားရှာပါတယ်။

ပြောကြတာတော့အများကြီးပေါ့ဗျာ။ ရ၀တရုံးမှာ စာရေးဆရာဆိုလားဘာဆိုလား မျက်မှန်လေးတကား ကားနဲ့လူတယောက်ကို သူ့ရိရပါ့မလား ထေ့ရပါ့မလားဆိုပြီး ကိုဖိုးထောင်က စိန်ခေါ်တာ။


ဖြစ်ပုံက ရွှေမျက်မှန်က တနေ့ခရီးသွားဖို့ထောက်ခံစာလေးလုပ်တယ်တဲ့လေ။ ခေတ်ကာလကလည်း ကိုယ့်အိမ်ကိုယ်နေတာတောင် ထောက်ခံစာနဲ့ဖြစ်ရတဲ့အချိန်ကိုး။ အဲဒီ့ထောက်ခံစာမှာ အကျင့် စာရိတ္တ ကောင်းကြောင်း အမှုအခင်းကင်းစင်ကြောင်းဆိုတာကပါလေတော့ အရပ်လူကြီးရဲ့ အခန်း ကဏ္ဍပေါ့ လေ။ အရပ်လူကြီးထဲက အမြင့်ဆုံးပုဂ္ဂိုလ်က လက်မှတ်ထိုးပေးရတာ။ ဒါပေတဲ့ လက်မှတ်အသင့် ထိုး ပြီးသားထောက်ခံစာဖြတ်ပိုင်းလေးကို ရ၀တရုံးမှာ ငွေတကျပ်ပေး လိုက်ရုံနဲ့ရတာပါ။ ဆိုတော့ စာရေး ဆရာဆိုတဲ့လူကလဲ ပေါက်ပေါက်ရှာရှာပြောသတဲ့ဗျာ။

ဟာ… အကျင့်စာရိတ္တက ငွေတကျပ်ပဲဆိုတော့ တန်တာပေါ့တဲ့။ သူ့ကိုတရာဖိုးလောက် ပေးပါဗျာလို့ ဆိုသတဲ့။


ဒါကို ကိုဖိုးထောင်က ဘယ်လိုဘယ်လိုသဘောပေါက်သွားတယ်မဆိုနိုင်ဘူး။ ယမ်းပုံမီးကျသလို ဒေါသ တွေဖြစ်ပြီး မင်းက ဒို့ရုံးကို မရိုမသေလုပ်တာလား ရိရသလား ထေ့ရသလား ဘာညာ ဖြစ်ကြတာတဲ့ ဗျာ။ အဲဒါက အမှုတမှု။



အဲ…နောက်တမှုက ကိုဖိုးထောင်ရဲ့ဝါသနာဘာဂီပဲဆိုရမလား၊ လူကြီးမဖြစ်ခင်ကတည်းက အရပ်ထဲ မိုးလင်းပေါက်ရုပ်ရှင်တို့ အရပ်စတိတ်ရှိုးတို့ဆိုရင် ကိုဖိုးထောင်တို့လင်မယားက ရှေ့ဆုံးထဲကပါ။

အပျော်အပါးကလည်း ဒါပဲတတ်နိုင်ရှာတာကိုး။ အဲ..လူကြီးဖြစ်လာတော့ တိုးတိုးရုံလေးတွေမှာ သရဲ ကားတို့ ဘီလူးကားတို့ ကာလသားတွေနဲ့ နသိုးကြီးတွေလို အဘိုးကြီးတွေအကြိုက် ဗွီဒီယိုရုံကို တုတ် ကောက်ကြီးတကားကားနဲ့ ညတိုင်းသွားသတဲ့။ ထားတော့ဗျာ။ ဒါလဲ သူလည်းလေ လောကီသားပေ မို့ ဆိုသလို နားလည်လို့ရသေးတယ်တဲ့။ ခုဟာက ပြတဲ့ကားတိုင်းလည်း အလကားမတ်တင်း အခမဲ့ အားပေးသွားသေးရဲ့၊ ပြီးတော့ ငါရှိလို့ မင်းတို့ကို ရဲက လာမဖမ်းတာမဆီးတာ ဘာညာဆိုပြီး ကြေး စကားကလည်း ပြောသေးတာတဲ့။


ဒါတွင် ကရိုးလားဆိုတော့ သိတယ်မို့လား။ အဲဒီကာလက နေရာတကာမှာ အရက်ပုန်းဆိုင်လေးတွေ မှိုလိုပေါက်နေချိန်ဆိုတော့ ကိုဖိုးထောင်က အဲဒီမှာလည်း ဆက်ကြေးလိုလို အပိုင်စားလိုလိုနဲ့ အာလေး စိုသွားအောင် ၀င်ကစွပ်၊ ထွက်ကစွပ်လုပ်တဲ့ပြီးတဲ့အပြင် လက်ကလည်းဖြန့်သေးတာတဲ့၊ လိုင်းကြေး သဘောမျိုး။ ဆိုတော့ လက်ရဲဇက်ရဲနိုင်တယ်ပေါ့ဗျာ၊ ဟုတ်တာမဟုတ်တာတော့ မသိပါဘူး။ ကိုဖိုး ထောင်ကလည်း ကိုဖိုးထောင်၊ လူတွေကလည်း လူတွေလို့ပဲ ထားလိုက်ကြပါစို့ရဲ့။


အင်း..အရပ်လူကြီးပြုတ်ဘ၀ရောက်သွားရရှာတဲ့ ကိုဖိုးထောင်ခမျာ ဘယ်လိုခံစားရမယ်ဆိုတာမသိပေ မယ့် သူ့မိန်းမ မလေဒီကတော့ ဟိုးအရင်အတိုင်း လမ်းဘေးလေးတိုင်စင်ကလေးမှာ ကုန်စိမ်းအရောင်း မပျက်ပါဘဲ။ မျက်နှာမှာတော့ သေနပ်ခါးမကပ်ပြန်တော့ဘူးပေါ့။ ကိုဖိုးထောင်ကိုကြည့်ပြန်တော့ အရင် လိုလည်ပင်းမှာတွေ့တွေ့နေရတဲ့ မာဖလာလေးမရှိရှာတော့ပါဘူး။


ခက်တာက နှစ်နှစ်လောက် မျက်လုံးထဲစွဲကျန်ခဲ့တဲ့ တုတ်ကောက်တချောင်းနဲ့ ပုံရိပ်ကတော့ မပြောင်း မလဲပါဘဲဗျား။ အဲ..အမြင်စူးရှတဲ့ သုတဆိုတဲ့ကောင်လေးကတော့ အခု ကိုဖိုးထောင် လက်ထဲကိုင် ထားတာက အောင်မင်္ဂလာဘုန်းတော်ကြီးစွန့်လိုက်တဲ့ အရင်တုတ်ကောက်မဟုတ်တော့ပါဘူးတဲ့၊ သာ မန်အဆစ်ပိတ် ၀ါးလုံးတချောင်းပါတဲ့။ သူ့ကြည့်ရတာ ရုတ်တရက်ကြီး အပြောင်းအလဲဖြစ်ခဲ့ရတဲ့လူဆို တော့ လက်ထဲမှာ အကျင့်ပါနေသေးလို့ ရရာစွဲထားရတဲ့ပုံပဲတဲ့။ သူဆိုလိုတာက အာဏာပါဝါလေး မရှိ ရှာတော့တဲ့ဘ၀မှာ မနေတတ်မထိုင်တတ်ဖြစ်ပြီး ခေတ္တယာယီမှေးကန်ထားတဲ့သဘောမျိုးနေမှာပေါ့။

ဘိုသိုးကတော့ သိတယ်မဟုတ်လား။ အိမ်နီးနားချင်းကလည်းဖြစ်၊ သူများအပေါ်ချိုးချိုးဖဲ့ဖဲ့လည်း သိပ် မပြောတတ်သူဆိုတော့ မဟုတ်ဘူးကွ၊ တလောက ကိုဖိုးထောင်တယောက်ချော်လဲပြီး ခြေသပွတ်တိုင် လည်သွားတာနဲ့ တောင်ဝှေးထောက်ပြီးသွားနေရတာပါတဲ့။ အရင်လိုသဘောမျိုးမဟုတ်ဘူးလို့ ဆိုချင် တယ်ထင်ပါရဲ့။


အင်းလေ..ခြေသပွတ်တိုင်လည်ထားတဲ့လူဆိုတော့ တောင်ဝှေးလေးတချောင်းမှဆောင်မထားရင် ပိုး လိုးပက်လက် အကျနာမှာကိုး။ ဒါလည်း ဟုတ်မဟုတ်တော့ တကယ်မသိရပါဘူး။ ဟုတ်ရင်တောင် ဒီ သပွတ်တိုင်က ဘယ်တော့များမှပြန်ကောင်းပါ့မလဲပေါ့နော။

ကိုဖိုးထောင်ကကော ခြေသပွတ်တိုင်ပြန်ကောင်းသွားသည့်တိုင် ဒီအကျင့်က ဖျောက်ပစ်နိုင်ဦးမှကိုး။

ခင်လွန်း

၂၀၀၃-တွင် ရေးသည်။


Comments