သစ်ခက်သံလွင် ကဗျာစင်မြင့် (၃)ဦးကဗျာ

မြေသားဆိုတာအနင်းခံပါပဲ 

fashionconnery.com


မိုးတွေက သဲသဲမဲမဲပြိုနေတာ

ကြာခဲ့ပါပြီမေမေ

ရေတွေကမြင့်ရာကနေနိမ့်ရာကို

တလဟောကိုက်ဖဲ့နေတော့တာပါပဲ ။



မြေသားတွေဟာ ကောင်းကင်တခုဖြစ်ဖို့

ဘယ်တုန်းကမှ

အိပ်မက်တခုအဖြစ်မဝံ့ရဲခဲ့တာ

သိမ်ငယ်မှုတွေခိုင်မာမှုက

ပြန် ပြန်ဖျက်ခဲ့တာပဲမဟုတ်လား။



မြေသားတွေဟာ

တဘဝလုံးချနင်းခံခဲ့ရပါတယ်

နာကျင်မှုတွေဟာ နှစ်တွေ/လတွေ/ရက်တွေ

ထမင်းကြမ်းခဲတွေ/ငပိရေတွေ/ကြောနေရာတွေအတွက်

သက်သာလို့သက်သာငြား

ဖိနင်းခံထားရတာကို

နည်းနည်းလေးနေရာရွှေ့ခွင့်ပေးပါလို့

မိုးကုတ်စက်ဝိုင်းကြီးကို

စကားလုံးတိုးတိုးလေးနဲ့ဆိုမိပါတယ်

ဒါပေမဲ့...လေတိုးသံတွေ တရွှီရွှီက

...ကျော်လွန်သွားခဲ့ကြတယ် ။



၁၉၄၈ ခုနှစ် ဇူလိုင်လ

(ILO)အဖွဲ့ဝင်ဖြစ်ခဲ့တယ်။



ခေတ်ကြီးကချို့တဲ့လွန်းခဲ့တော့

ခပ်မှိန်မှိန် မီးအိမ်လေးတွေက

လေတိုးတိုင်းငြိမ်းနေခဲ့ရတာပါပဲ။



"အလုပ်သမားသည်ရောင်းကုန်မဟုတ် " "

“ လူမှုဖူလုံရေးမျှတမှုမရှိလျှင်ထာဝစဉ်ငြိမ်းချမ်းရေးမရှိနိုင် "

တနေ့ကို ၁၂ နာရီတဲ့

၈ နာရီအလုပ်ချိန်တွေကကြယ်တွေလို

နေရောင်မှာပုန်းနေကြတယ်

မပေးတဲ့အချိန်ပိုကြေးအတွက်

( ၁၆၁) ဦး ထုတ်ပစ်ခဲ့တယ်

သူတို့ဟာ ရသေ့ကြီးတွေလိုပေါ့

စားချင်တဲ့ကဏန်းအတွက်

ရေနွေးအိုးပေါ်ကို တုတ်တန်းထိုးပြီး

လျှောက်ခိုင်းခဲ့တယ်

ရေနွေးဆူဆူထဲပြုတ်ကျတော့

ငရဲမကြီးတော့ဘူး

ငါသတ်တာမဟုတ်ဘူး ဆိုပြီး

ကောက်ဝါးလိုက်တော့တာပေါ့

လူမသိအောင်မောင်းနှင်အားတွေက

စကြဝဠာထက်ပိုလေးပင်လိမ့်မယ်။



မြို့တွေထဲက

အဆောက်အဦးအုတ်သားကောင်းကောင်းတွေထဲမှာလည်း
မြုံနေတဲ့အနာတွေမှာအသားမာတွေတောင်စွဲနေကြတယ် ။ 

ဝါကျဖြူ
19.05.2016
(ဖူလုံရေးမဂ္ဂဇင်းမှ စကားလုံးတချို့ယူသုံးပါသည်)


နိုင်ငံရေး

www.warscapes.com


ပြုစုတဲ့လူတွေပဲ

ခေတ်အဆက်ဆက်

သေ သေ သွား

လူနာက

နာလန်ထူ မလာဘူး

သေလည်း မသေဘူး ။ ။

ဆောင်းခူးလက်
 
20•5•2016
3:51AM

….


ပန်းတပွင့်ရဲ့နောက်ကျောမှာ
စိုက်ဝင်နေတဲ့ ဓား
www.yessy.com



ငြိမ်းချမ်းရေးတဲ့
ပန်းတပွင့်ရဲ့နောက်ကျောမှာ
စိုက်ဝင်နေတဲ့ ဓား
သွေးညှီနံ့တွေ တထောင်းထောင်းထလို့
ကျည်ဆံနဲ့ ယမ်းငွေ့
အပြန်အလှန်ပြေးပွေ့ရင်း
သမိုင်းရိုင်းတွေ မွေးထုတ်ခဲ့ကြ။

ခဏခဏ လုပ်ကြံခံရတဲ့
အပြာရောင်
ခဏခဏ ခုတုံးလုပ်ခံရတဲ့
ချိုးဖြူငှက်
လက်နှီးစုတ်သာသာ
အပူခံဘဝနဲ့
တစစီဖွာလန်ထွက်သွားတဲ့
အသွေးအသားတွေ။

ကင်းဗပ်စ်တွေပေါ် နံရံတွေပေါ်
စာအုပ်တွေပေါ်  လွယ်အိတ်တွေပေါ်
ငြိမ်းချမ်းရေး တံဆိပ်
ဝေဝေဆာဆာ ပွင့်နေချိန်။

သေနတ်သံ ငိုသံ ပေါက်ကွဲသံ
ပက်ပက်စက်စက်နဲ့
စစ်ပွဲဟာလည်း
ရက်ရက်စက်စက်သတ်ဖြတ်ဆဲ။

ဇီဝိန်ချုပ်သွားတဲ့ ခန္ဓာတွေထက်
ငြိမ်းချမ်းရေး အတုတွေ ကပ်
ကမ္မဝါဖတ်လည်း မကျွတ်လွတ်တဲ့
အတ္တတွေ
အမျှဝေသံ အဆုံးမှာ
ငြိမ်းချမ်းရေးဟာ  သာဓုမခေါ်နိုင်ခဲ့။

ရွက်လှ

(ရေရိုင်းမြေရိုင်းအလွန် ကဗျာနှင့်ငြိမ်းချမ်းရေးအင်အားစုမှ သစ်ခက်သံလွင်သို့ ပေးပို့သော ကဗျာ)


Comments