ကဗျာဆရာမ မစိမ်းပင် အမှတ်တရ ကဗျာဆရာမစမ်းစမ်းတင်ရဲ့စာ



ကဗျာဆရာမ မစိမ်းပင် အမှတ်တရ ကဗျာဆရာမစမ်းစမ်းတင်ရဲ့စာ

မစိမ်းပင်
ကဗျာဆရာမ မရီဝေ FB မှယူပါသည်။



ကဗျာဆရာမ ခင်ဝင်းသစ်၊ မရီဝေ၊ မသီတာ (စမ်းချောင်း)၊ ၁၉၈၀ ပြည့်နှစ်ပိုင်းတွေမှာ ရှုမ၀-ပေဖူးလွှာ စတာတွေမှာ ၀တ္တုတိုတွေရေးတဲ့ နွယ်နီလွင်နဲ့ ခင်ဖြူစင်(ကံမ)တို့လို မမအေးလို့ခေါ်တဲ့ အောင်သန်း (မန္တလေး)ရဲ့ခယ်မ အေးအေးစန်းဟာ ကဗျာဆရာမ -မစိမ်းပင်ပါ။ လှပထက်မြက်တဲ့ကဗျာတွေရေးတတ်တဲ့ သူ့အတွေးတွေ၊ သူ့ပါရမီတွေ ပျက်ပြုန်းဆုံးရှုံးသွားစေရတဲ့ နရသိန်စံအိမ်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရ သူဖြစ်ပြီး ခု ၂၀၁၆ မေ ၂၂ ရက်မှာ မန္တလေးမှာ ကွယ်လွန်သွားပါပြီ။ 


မိုးဝေကဗျာဆရာမ မစိမ်းပင်နဲ့ ၁၉၈၀ ပြည့်လွန်ပိုင်းတွေမှာ တွေ့ဆုံခင်မင်ရင်းနှီးခဲ့ရပြီး --စကားတွေလည်း အချေအတင်ဖြစ်… စကားဝိုင်းတွေလည်း မကြာမကြာဖွဲ့ဖြစ်၊ ဟိုနေရာ ဒီနေရာတွေလည်း သွားဖြစ်ကြ..၊ နောက် စာတပုဒ် ကဗျာတပုဒ်ရေးပြီးရင် ခင်ဝင်းသစ်တို့လို သူ့ကိုပြ…သူ့ဝေဖန်သံတွေ နားထောင်၊ သူအကြံပေးတာဖြည့်ရင်ဖြည့် ဖြုတ်ရင်ပေါ့။ နောက်… ငြင်းခုံရင်လည်းခုံ… ။  

ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ချစ်ခင်ရင်းနှီးသူတွေကို ကွေကွင်းသွားစေသလို… စိတ်ဓာတ်ချင်း တူသူတွေကို ပေါင်းစည်းပေးတာမှန်ပေမဲ့… အတွေးအမြင်အယူအဆ ဆန့်ကျင်ဘက်မဖြစ်တဲ့ လူတွေနဲ့လည်း အလှမ်းဝေးသွားရပါတယ်။ မမအေးကတော့ နယ်ဘက်ကိုထွက်သွားလို့ စမ်းချောင်းက ခင်ဝင်းသစ်အိမ်မှာ ခါတိုင်းလို မဆုံနိုင်တော့ပါ။ ခင်ဝင်းသစ်တို့ကိုမေးတော့ ကုန်ကူးနေတယ်… နယ်ပေါင်းစုံသွားနေတယ်၊ နယ်မှ အဝေးဆုံးနေရာတွေရောက်နေတယ်လို့ပဲ သိရပါတယ်။ ဒါနဲ့ ဒီကဗျာကို ရေးမိတယ်။ မမအေးနဲ့ တခါမှ ထပ်မတွေ့တော့လို့ ပြလည်းမပြဖြစ်… ၊ ပြောလည်း မပြောဖြစ်…သူ့မဆိုထားနဲ့ ခင်ဝင်းသစ်တို့ကို တောင် တစွန်းတစပြောမိရဲ့လားမသိ.. ။ ထုံးစံအတိုင်း ရေးချင်လို့ရေး… ကဗျာရေးပြီးတာက ၁၉၈၉ နိုဝင်ဘာ ၁၆ ရက်။ မဟေသီမှာ ပါလာတော့ ၁၉၉၀ ဇန်န၀ါရီ.. ။ သူက ၁၉၈၉ ခရစ်စမတ်မှာ အဖမ်းခံလိုက်ရတာကလား။ 
( နှစ်မှားနေရင် ထောက်ပြပါ)


ခွန်းဆက်လွှာ

မင်္ဂလာပါ မတွေ့တာကြာ

မာပါရဲ့လား ပျော်ပါရဲ့လား၊

တဲအိုကြားမှာ

တခါတခါ

တောမှာနေ တွင်းရေသောက်

ပဲနောက်စား

လှည်းမသွား ကားမရှိ

ဖ၀ါးမာကျော စိတ်မမောလား

တခါတခါ

ပျော်မှာပေါ့နော်

မြို့ပေါ်ရောက်

စိတ်နောက်လိုက်ပါ

ရေမှာမျောတဲ့ပွင့်ဗေဒါ

တခါတခါ

ကုန်ကူးရာမှာ

မြတ်ပါရဲ့လား

ရှူံးများရှူံးရင် တရားနဲ့ယှဉ်လား

တခါတခါ

လွမ်းမှာပေါ့နော်

လက်ဖက်ရည်သောက်ဖော်

ပွဲကြည့်ဖော် လမ်းလျှောက်ဖော်

စာကြည့်ဖော်၊ စကားတင်းဖွဲ့ဖော်…

အဖော်..အဖော်..အဖော်…

အဖော်များနဲ့ဝေး…

တနယ်ကျေးမှာ ၀မ်းတထွာရေး

နေရေး စားရေး ….

ရေးပေါင်းများစွာ လုံးထွေးရုန်းကန်

ခရီးစုန် -ဆန်

ခေါက်တုံ့ပြန်သွား

မောဘူးလားဟင်…

အခြေချ- မနေတတ်လေရော့လား

ဟိုသွား ဒီခွေ

ဘ၀နွေမှာ ပျော်လေလား

တခါတခါ

တနေရာမှာ

ရှည်ကြာစွာနေကြည့်

ခံစား သိယူ…

ပြောရင်းမတ်တပ်

ဟင်… သွားတော့မှာလား

မတားသာဘူး

သွားသာသွားပါ

လိုရာကိုရောက်-ပေါက်မြောက်ပါစေ

ကျန်းခန့်သာလို့မာပါစေ

စမ်းစမ်းတင် 

(ဆရာမမ်းစမ်းတင် FB မွှင့်ပြုခက်အရ)


Comments