ဟတ်ဆန် (Hudsan) မြစ်နဘေးမှ အတွေးများ -ညိုထက်(လမ်းသစ်ဦး)ရဲ့ကဗျာရှည်


ဟတ်ဆန် (Hudsan) မြစ်နဘေးမှ အတွေးများ


  
www.mutan 






ဟတ်ဆန် မြစ်ဘေးမှာ လမ်းလျောက်ခိုက်
ခြေရာတွေထင်နေတာတွေ့တော့
သံလွင်တော် မြစ်နဘေး ၀ါးဖောင်တဲလေးတွေကို သတိရတယ်။

ပြင်သစ်ဆရာတပါးနဲ့ ပတ်သက်ပြီး ပြောလေ့ရှိတာ ရှိတယ်
သူ့ကို ရိုက်မယ်ဆိုရင်ခေါင်းကိုမထိစေနဲ့ တဲ့
ကျနော်ကလည်း ပြောချင်တယ်
ကျနော့်ကို ရိုက်မယ်ဆိုရင် နှလုံးသားကို မထိစေနဲ့
ကျနော်က နှလုံးသားပါးတယ်
ကျနော့်နှလုံးသား ဆတ်ဆတ်ခါနာသွားရင်
ကျနော်က သွက်သွက်ခါအောင် တုံ့ပြန်တတ်တယ်။

ကျနော့်ကို ငယ်စဉ်က ဇာတာစစ်တော့
ကားမောင်း သမားဖြစ်မယ်တဲ့
(ဒါပေမဲ့)
ကျနော် တော်လှန်ရေးသမားဖြစ်လာတယ်။


တကယ်တန်းပြန်စစ်ဆေးကြည့်တော့လည်း
ကားမောင်း သမားဖြစ်ခဲ့ပြန်တယ်
ကျနော် မောင်းနှင်ခဲ့တယ်
လိုရာခရီးကိုရောက်ဖို့
ကျနော့် စေတနာက လိုက်လိုသူအားလုံးကို တင်ပေးဖို့ပဲ
ဒါပေမယ့်
တချို့က ကျနော်မောင်းနှင်လာတဲ့ ကားပေါ်က ဆင်းသွားကြတယ်
သူတို့အတွက် စိတ်ဓာတ်ကျမိတယ်
ကျနော်က ကျနော်ရည်မှန်းရာကို
ရောက်အောင် မောင်းနှင်ဖို့ပဲ အာရုံပြုမိတယ် ….

သူတို့က ပြောကြသေးတယ်
နှုတ်ဆက်ခဲ့ပါတယ်တဲ့။
ကျနော်က သူတို့ကို ကရုဏာဒေါသောဖြစ်မိတယ်
ဒီခရီးကို ကျနော် တင်ဆောင်လာခဲ့တယ်ဆိုတာ
တလိုင်းတို့လက်ထဲ
ခွေးသေ ၀တ်သေ သေရစ်ပေတော့ဆိုတဲ့ သဘောထားမျိုးနဲ့မဟုတ်ဘူး။

ပြောချင်တာက
ပြည်သူ့နှလုံး မသိမ်းကျုံးရင်
စောလူမင်းလို
လ ရောင်အောက်က နွံတောထဲမှာ နစ်နေမယ်
လရောင်ကတော့ သာနေတယ်။

ဒါပေမဲ့ ထွက်ခွာသူတွေက ထွက်ခွာသွားကြတယ်
ကျနော်
အထူးအထွေ မတားမိဘူး
ကံသာလျှင်အမိ ကံသာလျှင်အဖ
ကယ်တင်ရှင်ဝါဒကို ငြင်းပယ်တယ် ….

ဗမာပြည်မှာ မိုးရွာပြီ
စကားပုံအရ ပုန်းသောသူတွေ ပေါ်ထွက်ပြီ
မိုးဦးအကျစောမယ်ဆိုတာလည်း တကယ်တော့ လောကဓံတွေအမေ
(မောင်ချောနွယ်)

လောကဓံတွေကို ရင်မဆိုင်နိုင်သူ တော်လှန်ရေးသမားမဖြစ်နိုင်ဘူး
ညိုထက် (လမ်းသစ်ဦး)

ဘယ်အရာတွေအတွက် ကျနော်တို့စွန့်စားကြမလဲ
တစုံတခုအတွက်လား
တစုံလုံးအတွက်လား
ဘာလဲဗျ ဖောက်ပြန်ရေးသမား
အမိန့်ပေးသူတွေကို လူတွေက မုန်းကြတယ်
ဘယ်မှာနေမှန်းမသိ
ဘယ်သူတွေမှန်းမသိ
အွန်လိုင်းက အမိန့်ပေးနေသူတွေကို ကျနော်က ပိုမုန်းတယ်
ကျဉ်ကွယ် မျက်ကွယ်ကနေထွက်ပေါ်လာတဲ့ အမိန့်ပေးသံတွေကို နားခါးတယ်။

ကျနော် ငယ်စဉ်က
မိုးရွာထဲမှာ ဆော့ကစားခဲ့တယ်
မိုးရွာထဲမှာ ကော်ဖီသောက်ရတာကို ကြိုက်ခဲ့တယ်
မိုးရွာထဲမှာ လမ်းလျှောက်ရတာကို သဘောကျခဲ့တယ်
မိုးရွာထဲမှာ သူငယ်ချင်းတွေနဲ့အတူ စက်ဘီးစီးခဲ့ကြတယ်
ဒီအချိန်တော့ စီးကရက်တွေကို လှိမ့်ဖွာနေမိတယ်
သီချင်းတပိုင်းတစကိုလည်း ညည်းဆိုနေတယ်
စီးကရက်ကို ကြိုက်တက်ရင် စီးကရက်မီးခိုး မျက်စိထဲ
ဝင်တာလောက်တော့ ခံနိုင်ရည်ရှိရမယ်။

ပကတိနဲ့ အတ္တ ညီမျှမှုမရှိတဲ့အခါ
ဘယ်အရာကို ဦးစားပေးမလဲ
ထာဝရဘုရားက ထာဝရတရားကိုဟောတယ်။

ငါသည် လမ်းဖြစ်သည်
ငါသည် ချစ်ခြင်းမေတ္တာဖြစ်သည်
လူကို လူလိုချစ်သောသူသည်
လူ့ကမ္ဘာမှာ လူလိုနေသောသူသည်
သေလွန်သော်လည်း ရှင်လိမ့်မည်
ကံ ကံ၏အကျိုးတဲ့
ကံတရားဆိုတာ အကြံများလို့ရတာမဟုတ်ဘူး
သူက အမှန်တရားနဲ့အတူရှိတာဖြစ်တယ်
အမှန်တရားကို လစ်လှုရှု့တဲ့အခါ
ကံ တရားက ခင်ဗျားတို့ကို ပြစ်ဒဏ်ချမှတ်လိမ့်မယ်။

ကိုယ်လုပ်ချင်တာကို လုပ်နေရတာလောက် ဘ၀မှာ နေပျော်တာမရှိ
ဟမ္ဘာဂါ
ပီဇာ
ပန်းသီး
ဝိုင်
ဘီယာ
ပန်းအ၀ါ
ခရမ်းပြာ
ရက်ဒ်လေဘယ်
မုန့်လက်ကောက်
ရုံးပဒေသီး
ငါးပိရည်
တာလဘော
ငါး
ပုလဲစပါယ်
ဂစ်တာ
ခင်ဝမ်းသီချင်း
ကဗျာ
အလှအပ
ဂျပ်ဇ် ဂီတ
ကျနော်က အချစ်များသူ ….

ဘာလဲ - ဘယ်လဲ
ကျနော် ဘယ်သန်ဆိုတာ
အနှစ် ၄၀ ထက်ပိုမိုခိုင်မာခဲ့တယ်
ကားလ်မာ့က်စ်နဲ့ အိန်ဂျယ်ကိုကြိုက်တယ်
တီးတိုးကို ကြိုက်တယ်
ဘရောက်ဒါကို ကြိုက်တယ်
ယက်တူရှင်ကိုကို ကြိုက်တယ်
တွိုင်ဘီကို ကြိုက်တယ်
တိန်ရှောင်ဖိန်ကို ကြိုက်တယ်
မော်ဒန်ကဗျာတွေကို ကြိုက်တယ်
ဗဟုဝါဒကို ကြိုက်တယ်
ပြန်လည်ပြင်ဆင်ရေးသမားဖြစ်ချင်တယ်
ပစ္စည်းမဲ့အာဏာရှင်စနစ်ကို လုံးဝနဲ့ အကြွင်းမဲ့ ငြင်းပယ်တယ်
ဒီမိုကရေစီရှိတဲ့ ကွန်မြူနစ်ဝါဒ ဖြစ်ပေါ်လာရေး လိုလားတယ် ….

ဆိုရှယ်လစ်ခေတ်မီရေးတဲ့
ကွန်မြူနစ်ဝါဒကို
အိုင်ဖွဲ ပျက်ကျန်နေခဲ့တာမျိုးမဖြစ်စေနဲ့ ….!

ဘုရားနီ ကြွချီတဲ့ခရီးမှာ တောရှင်းခဲ့ရတယ်။
လက်ဝဲဂိုဏ်းသူငယ်နာ
လက်ဝဲသွေဖီရေး
နာရောနစ်
လက်ယာအချောင်သမား
အကြမ်းဖက်ဝါဒ
နာဇီ - ဖက်ဆစ် - ဗိုလ်ကျလွှမ်းမိုးရေး
မော်စီတုန်းစကား ကိုးကားရရင်
ဖောက်ပြန်ရေးသမားမှန်သမျှ စက္ကူကျား။

ဇကောလောက်မှ ဇောက်မနက်
အဿထိုယစ်လိုမျိုး
ကမ္ဘာဦးမှာ နေရာဦးခဲ့တာတွေ
အလှည့်အပြောင်း - အပြောင်းအလဲ
ယဉ်ကျေးမှုတော်လှန်ရေး
အပစ်မသိသေးတဲ့ကလေးတို့ဘ၀မှာ
အတိတ်ကို အတိတ်မှာထားခဲ့
အရှေ့မြောက်ဒေသ - လေဟာနယ်
ထို နိုင်ငံရေး ပထ၀ီကိုထားခဲ့
ပို့စ်မော်ဒန်နိုင်ငံရေးမှာ
တော်လှန်သောယဉ်ကျေးမှုက
သမ္မာဒိဋ္ဌိမှန်သမျှ သွေးစည်းညီညွတ်ကြလော့ ….

ပို့စ်မော်ဒန်ယဉ်ကျေးမှုမှာ
အရှိတရားနဲ့အတူ
ကျနော်တို့ ဘယ်နှကျပ်သားလောက် ရိုးသားခဲ့ကြသလဲ
ဒါပဲ
အနှစ်သာရက ဒါပဲ
ကျနော်တို့ ဘယ်နှကျပ်သားလောက် ရိုးသားခဲ့ကြသလဲ ….

အနှစ် ၂၀ လောက် တောထွက်ခဲ့တဲ့ ဘုရားနီကို
လူတွေကြားမှာ တရားရှာခိုင်းကြတယ်
တွေ့တယ် - တွေ့ခဲ့တယ်
ဇရသုစတြိလိုမျိုး တွေ့ခဲ့ရတယ်
ကြိုးတန်းလမ်းလျောက် - ပြုတ်ကျသေဆုံး -
ဒိုင်နိုဆောမျိုးတုန်းပြီ။

ကျနော်က ပန်းလိပ်ပြာတွေကို ချစ်တယ်။

ဟတ်ဆန်မြစ်ကမ်းနဘေးမှာ
ဒီကနေ့ စနိုးကျတယ်
နွေဦးမှာ လာဗင်ဒါပန်းတွေ ပွင့်မှာဖြစ်တယ်
ငယ်ချစ်တဦးက
လာဗင်ဒါနဲ့ ပျားရည်ပေါင်းထားတဲ့ လက်ဆောင်ပေးတယ်
အဲဒီလက်ဆောင်ကို
လေဒီဝမ်းရှေ့မှာပဲ လက်ခံရယူလိုက်တယ်
အဲဒီနေ့က ကျနော်တို့အားလုံး ပြုံးနေကြတာကို သတိထားမိတယ်။

ကျနော်က ဘာကို ဟန်ဆောင်နေရဦးမှာလည်း
ကျနော်က ဘာကို လိမ်ညာနေရဦးမှာလည်း
ကျနော်က ငါးစီးပြီး သစ္စာရှာသူဖြစ်တယ်

အနန္တ၀ိညာဉ်တော်ဝါဒ
ဆင်ခြင်ခြင်းတရား
ဟေဂယ်ကို အမြောက်ကြီးနဲ့ ထုဦးမယ်။

ငါ ကဗျာရေးသည်။ ထို့ကြောင့် ငါ ရှိသည်

ငါ့ကို ဘ၀ပုစ္ဆာတွေ မေးကြတယ်
တယ်ခက်တာပဲ
ငါ အရက်သောက်ချင်တယ်။

ချစ်သူကပြောတယ်
ကိုကိုက မိန်းကလေးတွေရဲ့အချစ်ကို နားမလည်ဘူးတဲ့
ငါ အရက်သောက်ချင်တယ်။

ကားလ်မာ့က်စ်ရဲ့သင်ကြားချက်အရ
လူ့အဖွဲ့အစည်းသဘောဆောင်တဲ့ အလုပ်သာလျှင် တန်ဖိုးဆိုတာဖြစ်လာတယ်
ငါအရက်သောက်ချင်တယ်။

အဲဒီတောသီချင်းထဲက ဟစ်အော်ခေါ်သံတွေလို့မျိုး
အတူးရဲ့ အသက်
ငါ အရက်သောက်ချင်တယ်။

လေဒီဝမ်းရဲ့ဥပေက္ခာတောင်ကုန်းကို
မသိမ်းပိုက်ပဲထားခဲ့တယ်
အချစ် ….

ငါ့မှာ ညည်းငွေ့ဖွယ်ရာတွေလည်းရှိတယ်။

ဒီမှာ မမမေ
စိတ္တဇဗေဒမှာ
အာသာဖြေမှုဆိုတာ ဘယ်လောက်အသုံးဝင်သလဲ
ကျနော်က
စိတ်ဝါဒကို ငြင်းပယ်သူ
ချစ်သူလာမယ့်လမ်းကို မျှော်မှန်းရတာ ပင်ပန်းတယ်။

ကဗျာတပုဒ်တည်းကိုပဲ
မတူတဲ့ အချိန်မှာရေးတဲ့အခါ
မတူတဲ့ ဖော်ပြချက်တွေရှိတယ်။

ခံစားသိ - ကျိုးကြောင်းသိ - ဆင်ခြင်သိ
ဘ၀ရဲ့သိမြင်မှုကို ဘ၀ရဲ့ပတ်ဝန်းကျင်က ပြဋ္ဌာန်းတယ်
အရည်အတွက်ရဲ့တည်ရှိမှုမရှိပဲ အရည်အချင်းရဲ့တည်ရှိမှုမရှိနိုင်ဘူး
အရည်အချင်းတည်ရှိမှုမရှိပဲ အရည်အတွက်ရဲ့တန်ဖိုးရှိမလာနိုင်ဘူး
အကောင်အထည်ဒြပ်မရှိပဲ စိတ်ဝိညာဉ်မရှိနိုင်ဘူး။

ဖြစ်ရမယ့်အချိန်မှာ
ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်ခွင့်ရလိုက်ချင်တယ်။

ပီယာဆိုတဲ့ အလှဘုရားမလေးကိုချစ်ဖို့
ကိတ်ဝင်းစလက်ကိုချစ်ဖို့
တေလာဆွိဖ် ကိုချစ်ဖို့
ရှက်ခီလာ ကိုချစ်ဖို့
Tow သဇင်ကို ချစ်ဖို့
မေ၊ နန္ဒာ၊ သိက္ခာ၊ ကလျာ၊ ကဝေ
မိုးရေတက်ရေ ဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေးကို ချစ်ဖို့
ကျိုးကြောင်းသိနဲ့ ဆင်ခြင်ကြည့်နေရဦးမှာလား
ကျနော်က ၀ိဇ္ဇာ
တိမ်လွှာစီးသူ။

ဗဟု
ဧက မဟုတ်
သညာ - ဝေဒနာ - ကဗျာ
ကျနော်က ရင်ခုန်သံကို ယုံကြည်သူ။

ပိတောက်တွေလှသလို
ချယ်ရီတွေလှကြောင်း နှစ်ပေါင်းများစွာ ခိုင်မာတယ်။

ဂစ်တာတလုံးနဲ့
ပန်းခရမ်းပြာ
ဗေဒါ
ကမ်းစပ်နားမှာ ညီတွယ်
ဟတ်ဆန်မြစ်ကိုကြည့်ပြီး ကဗျာတွေ သီကြွေးတယ်
ကိုတိုက်မောင်းရေ ….
ခရမ်းပြာနိုးထပြီ
နွေဦးမှာ
လာဗင်ဒါပန်းတွေ ပွင့်တယ်
ကျူးလစ်ပန်းတွေ ပွင့်တယ်။

ညိုထက် (လမ်းသစ်ဦး)
၇ - ၁၀ - ၂၀၁၅ + ၂၉ - ၃ - ၂၀၁၆
ကဗျာရေးသူသည် မကဒတ (ကျောင်းသားတပ်ဦး) တွင် တာဝန်ထမ်းဆောင်လျက် ယခုအခါတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင် နေထိုင်သည်
 

Comments