ငဇ
( သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅
တောရွာမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကျနော်ဟာ ငယ်စဉ်ကတည်းက ကိုယ့်အရွယ်ထက် များစွာပိုရှေးကျတဲ့ ကျေးလက်တေးသီချင်းတွေနဲ့သာ ရင်းနှီးဖြတ်သန်းခဲ့ရတယ်။
အိမ်ရှေ့မျက်စောင်းထိုးက ဘကြီးခွေးတို့ အိမ်မှာဆို သိပ်ဖွင့်တာပေါ့၊ မောင်မောင်ညွန့်သီချင်းတွေ...
မိုးသက်လေနှင်၊ ပွင့်ဦး၊ သစ္စာ၊ နွေဦး က စလို့ ငွေဝန်းသော်တာ၊ ချစ်နှင်းမှုန်မှုန် စသဖြင့်ပေါ့လေ။
ဂီတနက်သန်ကိုစောညိန်း၊ ဂီတနက်သန်ဦးအုန်းလွင်နဲ့ အခြားဂီတစာဆိုကြီးများရဲ့ တေးအမွန်အလှတွေ...။
ခေတ်ပေါ်စတီဒီယိုသီချင်း တပုဒ်တလေမှဆိုမပြခဲ့ဖူးတဲ့ဘကြီးခွေးရဲ့ ကက်ဆက်နဲ့ ငယ်ဘဝရဲ့ (အနုပညာခံစားတတ်ခြင်းဗီဇဟာ) ဂီတနက်သန်တောက စခဲ့တယ်လို့ ပြောရမှာပါပဲ။
ရန်ကုန်က ဘကြီးခွေး မြေးတယောက် ရွာကိုအလည်လာတော့ ဆံပင်အရှည်နဲ့ ဂစ်တာတလုံးနဲ့။
ဘဝမှာ ဂစ်တာကို ပထမဦးဆုံး မြင်ဖူးခဲ့ခြင်းပဲဖြစ်ပါတယ်။
သူ့ကိုမြင်ရင် အထူးအဆန်းတခုလို ချောင်းကြည့်ခဲ့ဖူးတဲ့ ငယ်ဘဝကို ပြန်လည် သတိရမိပါသေးတယ်။
ဒီအစ်ကိုကြီးက ဂစ်တာကို စွဲစွဲလမ်းလမ်း တီးတယ်။တီးရင်း သူဆိုနေတဲ့ သီချင်းတွေကတော့ အရင်က မကြားဘူးတဲ့ သီချင်းတွေ။ ပန်းခရမ်းပြာ၊ ဧရာဝတီ၊ နှင်း စသဖြင့်ပေါ့။
အခြား မမှတ်မိတော့တဲ့ သီချင်းတွေလည်း ရှိတာပေါ့လေ။
ဒါက ငယ်ဘဝရဲ့ အောက်မေ့ဖွယ် တစိတ်တဒေသပါပဲ။
ဒီလို ကြီးပြင်းခဲ့ရလို့လည်း အသစ်တွေ ဘယ်လိုပဲ ပေါ်ထွက်လာပါစေ အရိုးစွဲ မြတ်နိုးခဲ့ရာ ငယ်က သီချင်းတွေနဲ့ နှိုင်းယှဉ်မိပြီး အခုခေတ်တချို့သီချင်းတွေ နားထောင်ရတဲ့အခါ ကျနော့်စိတ်ထဲ အလိုလို ရှက်နေမိတတ်ပါတယ်၊
ဘာလို့ ဒီလောက်ဆုတ်ယုတ်သွားတာလဲ...။
တခါက လူကြီးတယောက်က မေးဖူးတယ်၊ မင်းက ခေတ်လူငယ် မဟုတ်ဘူးလားတဲ့။
ဒီခေတ်ထဲမှာ ဖြတ်သန်းနေတယ် ဒါပေမယ့် ဒီခေတ်ရဲ့တချို့သော အပေါစားဂီတတွေကို လက်မခံတဲ့လူငယ် လို့ ပြန်ဖြေမိတယ်။
ကျနော်ဟာ ကိုယ့်အရွယ်ထက် ဦးစွာ မြင့်မားခဲ့တဲ့ ကြယ်အစင်းစင်းရဲ့ နှလုံသွေးတွေနဲ့ စွန်းထင်းခဲ့ရသူပါပဲ။ ကိုယ်တိုင်ကလည်း ကြည်ဖြူခုံမင်စွာနဲ့။
လှော်တက်ကို ကိုယ်သန်ရာဖက်ကကိုင်ပြီး တဖက်စောင်းနင်းကြီးတော့ ကျနော် မလှော်ပါဘူး။
ရင်တခုလုံး လန်းဆတ်သွားသလို စေနိုင်စွမ်းတဲ့ ပြည့်ဝတဲ့ ဂီတအသစ်တွေကိုတော့ ကျနော် ဦးညွှတ်နေပါတယ်။
ပေါ့ပျက်တဲ့ မကြိုးစားတဲ့ အရေးအသားတွေ၊ လွယ်ကူလွန်းတဲ့ ရိုင်းစိုင်းတဲ့ အသုံးအနှုံးတွေနဲ့ အနုပညာ ဆိုတဲ့ ဝေါဟာရကို အလွယ်တကူပါးစပ်က ထွက်ရဲတဲ့ ရေပွက်ပမာ အနုပညာ အနုပညာ...။
ဒါတွေကိုသာ ကျနော် လက်မခံခြင်းဖြစ်ပါတယ်။
ကျနော့်နှလုံးသားနဲ့ ဓာတ်မတည့်တဲ့သီချင်းတွေနဲ့ ကြုံဆုံရတဲ့အခါတွေမှာတော့ ဦးဖိုးကျားရဲ့ အခမဲ့ကူလီထမ်းခြင်း၏အကျိုးဝတ္ထုထဲက ဇာတ်လိုက်မောင်သောင်းရဲ့ အဖေဟာ အမြင် မတော် အကြားမတော်တာတွေ တွေ့တော့ ဘုန်းကြီးကျောင်း ထွက်သွားတတ်သလိုမျိုးကျနော်ဟာလည်း စိတ်ခံတွင်းမတွေ့တဲ့အသံတွေနဲ့ ဝေးရာအုတ်ခုံလေးဆီ။
နှလုံးသားအဟောင်းနဲ့ ပြုလုပ်ထားတဲ့လူသားအသစ်တခုဟာ ကျနော်ဖြစ်ခဲ့တယ်။
အခု ကျနော့် တယ်လီဖုန်း စပီကာလေးထဲက အသံမုန်တိုင်းစင်ရော် ခင်ဝမ်းအနုပညာဝတ်ရည်ချိုတွေထဲက နမူနာတခုပေါ့လေ ခိုစီးနစ်မြုပ် ဆွတ်ပျံ့တိမ်းမူး...ကျနော်။
သီချင်းတပုဒ်ပြောင်းသွားပြန်ပြီ ဒါဟာလည်း ကျနော် ရုန်းမထွက်တဲ့ တမြည့်မြည့် ပိုက်ကွန်တထည်...
ခင်ဝမ်းပါပဲ အဝေးရောက်ညီငယ်ဘုရား ဘုရားဟိုအရင် နွေဦးကာလမတိုင်ခင်ကလိုက်ဆိုခဲ့ဖူးတဲ့ခံစားချက်နဲ့မတူတော့ဘူးပဲ။
ဂီတဟာ သီချင်းမြစ်ဟာ စီးဆင်းနေတယ်။
"အဝေးရောက် ညီငယ်
အခြေအနေဘယ်လိုလဲ
အဆင်ပြေစပြုပြီလား
စိတ်ပျက်နေပြီလား"
မိဝေး ဖဝေး ချစ်သူဝေး အပျော်ဝေး လူငယ်ဘဝ အရသာဝေး ဝေး ဝေး...
အဝေးတွေနဲ့ လူငယ်လေးတွေအဝေးမှာ...။
တချို့စာသားတွေကို ဖြည့်စွက်ကြည့်မိတချို့စာသားတွေကိုနွေဦးနဲ့လိုက်ဖက်အောင် ငြင်းဆန် အသစ်ရေးကြည့်နေမိတယ်။
ဥပမာ ဆိုကြပါစို့။
"အခြေအနေကို မြင်လှည့်စမ်း
အောင်ပွဲညစာအတွက် အောင်သားဟာ
ငါတို့ရဲ့ လက်တကမ်းကို ရောက်နေပြီ။
အမှန်တရားရဲ့ဘက် တော်လှန်ခြင်းရဲ့ဘက်က
ရပ်ခဲ့တဲ့ တို့ခြေထောက်တွေ သတိမလစ်ဖို့
စိတ်မပျက်ဖို့" စသဖြင့် .. ပြောချင်တဲ့ ပခုံးဖက်စကားတွေကိုသီချင်းသားထဲ ထွင်းထည့် ကြည့်နေမိတယ်။
ခေတ်ပြိုင်အခြေအနေနဲ့ ဟပ်မိအောင် ရူးသွပ်ကြည့်မိတဲ့ သဘောသာဖြစ်ပါတယ်။
(မြင့်မားတဲ့ အနုပညာရှင်ရဲ့ဖန်ဆင်းမှုကို အလေးအမြတ် ကျနော်ပြုပါတယ်)
ဒါပေမယ့် မကြာပါဘူး အတွေးခဏအဆန့်မှာ ကိုယ့်ဖြစ်ရွေ့မှုကိုယ်မြင်ပြီး ကျနော် ရှက်ရွံ့သွားမိပြန်ပါတယ်။
မိုးရွာရင်ဖြစ်ဖြစ် လေငြိမ်လို့ ခြင်ကိုက်တဲ့အခါဖြစ်ဖြစ် ဒီသီချင်းမဆုံးခင် ဒါမှမဟုတ် နောက်သီချင်းအပြောင်းမှာ ဖြစ်ဖြစ် ကျနော့်မျက်လုံးတွေ အိပ်ချင်ရင်ဖြစ်ဖြစ်ပေါ့၊
အခုချက်ချင်း ကျနော် အိမ်ကိုပြန်လို့ရတယ်၊ အုတ်ခုံလေးနဲ့ ကျနော့်အိမ်က နီးနီးလေး...။
... .... ... ... ...။ ။
ငဇ
Comments
Post a Comment