ဉာဏဉာဏ် - အမှုန်အမွှားနဲ့တည်ဆောက်ထားတဲ့ကမ္ဘာ


အမှုန်အမွှားနဲ့တည်ဆောက်ထားတဲ့ကမ္ဘာ
ဉာဏဉာဏ် 
(သစ်ခက်သံလွင်) ဇန်နဝါရီ ၄၊ ၂၀၂၅

ငါတို့မှာ လက်မောင်းသွေးတွေ မရှိတော့ဘူး ။ ဖောက် ထုတ်ခံရတာ မဟုတ်ဘူး ။ အမှုန်အမွှားအဖြစ် လွင့်ပြယ်ခံရတာ ။ အပြစ်လို့ ထင်တဲ့ အရာတွေမှာ ဖြူစင်မှု အပေါ်ယံအလွှာတွေ ရှိစမြဲ ။ သွေးထားတဲ့ဓားပေါ် မှောက်ရက်လဲရုံနဲ့ ပြတ်ထွက်သွားတဲ့ စိတ်အပိုင်းအစများ ။ အရောင်များ ။ အပြိုင်ကမ္ဘာမှာ ငါတို့ဟာ အကြိမ်ကြိမ် ပြိုင်ဆိုင်လို့ ရှုံးနိမ့်ဖူးပြီ ။ စွန့်လွတ်အနစ်နာခံရမတဲ့ ။ ထွက်ကျလာတဲ့ စကားသံ ဆွံ့အစေလောက်အောင် သင်ကြားခဲ့ရတဲ့ သီအိုရီဗေဒ ။ ဘယ်အရာမှ မမြဲရင် တွဲထားတဲ့ လက်ဆိုတာ မရှိသင့်တဲ့အရာ ။ အချိုး‌အကွေ့များတဲ့ လမ်းထဲ ကွေ့ဝင်လှည့်ပါ ။ လောကဓံဆိုတဲ့ အရသာထဲ သွေးတက်နေတဲ့ ဖောရောင် မြစ်ပွားနာများအဖြစ် ။ သွေးတွေ တပွက်ပွက်ဆူနေ ။ စိတ်ထဲ တနုတ်နုတ် နုတ်မရတဲ့ ဆူးတွေ ။ ဘာလဲ ။ ဘယ်လဲ ။ မေးခွန်းတွေများတဲ့ ပုစ္ဆာဟာ သူ့ကိုယ်သူ မီးရှို့ပြာချလို့ ။ အဆာမပြေနိုင်သော အစာထဲက အဆိပ်ကို မြွေတစ်ကောင်ရဲ့ လည်မြိုထဲ ငါတို့‌ တွေ့ရှိရပေါ့ ။ ကဗျာတွေ မရေးနိုင်တော့သလို ။ ရွတ်ဖတ်သရဆယ်ဖို့ ဆွံ့အပြုတ်ကျ ။ လေးဘက်ထောက်သွားရတဲ့ တွင်းတစ်ခုထဲမှ မိုက်မဲမဲ အော်သံများနဲ့ နှလုံးသားကို ရစ်ပတ်ဖောက်ထုတ် ။ တစက်စက်ကျနေတဲ့ အမှုန်အမွါးတွေထဲ အဖေရယ် အမေရယ် ငါရယ် ။ မိသားစုဆိုတဲ့ ခြုံနွယ်ပိတ်ပိန်းတောအုပ်စိမ်းရယ် ။ လူတောမတိုးတဲ့ ခွေးတစ်ကောင်ရဲ့ ဆွဲဆွဲငင်အူသံဟာ တောအုပ်တစ်အုပ်လုံးကို ဟိန်းညံလို့ ။

#Jan_4th_2025

Comments